မြိတ်မြို့နယ်အတွင်းရှိ မင်းသန်း-မောင်းလှော်တံတား ဖွင့်ပွဲနီးလာချိန် စစ်ကောင်စီတပ်က အင်အားတိုးချထားသဖြင့် အနီးအနားရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
တနင်္သာရီမြစ်ကို ဖြတ်သန်းပြီး မင်းသန်းရွာနှင့် မောင်းလှော်ရွာကို ဆက်သွယ်ထားသော ပေ ၂၁၀၀ အရှည်ရှိသည့် ကွန်ကရစ် တံတားကို မတ်လ ၂၇ရက် တပ်မတော်နေ့တွင် ဖွင့်ပွဲလုပ်မည်ဟုကြားသိရကြောင်း အနီးအနားရွာရှိ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ပြောသည်။
မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မောင်းလှော်ရွာသို့ စစ်ကောင်စီတပ်က ကားငါးစီးဖြင့် ရောက်ရှိလာသလို ဂိတ်ချစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
“ဖွင့်ပွဲရက်မှာလည်း အပေါ်ကောင် (လေယာဉ်) သုံးမယ်လို့ ကြားတယ်။ ကျွန်တော်တို့ဘက်တွေ ရွာမှာ ရွာသားတွေ လန့်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
မြိတ်မြို့နယ်အတွင်းရှိ အဆိုပါတံတားမှာ တနင်္သာရီမြို့နယ်နှင့်လည်း နီးသည်။
ထို့ကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းညီကိုရွာနှင့် ရမ်းဖိုရွာဘက်တွင်လည်း ဂိတ်ချ စစ်ဆေးနေပြီး တယ်လီနော ဖုန်းလိုင်းလည်း ပြတ်တောက်နေကြောင်း ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
”မနေ့ကလည်း ကားတစ်စီးကို စစ်ဆေးပြီး ဆန်တစ်အိတ်ယူထားခဲ့တယ်လို့ ကြားရသေးတယ်။ ဖွင့်ပွဲနေ့ မတိုင်ခင်အထိ ဘာတွေ မွှေဦးမယ် မသိဘူး။ လေယာဥ်ခေါင်းပေါ်က ဖြတ်ရင်လည်း သတိနဲ့ နေနေရတယ်” ဟု ၎င်းက ပြောသည်။
မင်းသန်း-မှောင်းလှော်တံတားကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အရှည် ၂၁၀၀ ပေနှင့် ၂၂ ပေအကျယ်ရှိကြောင်း တံတားဆိုင်ရာ အချက်အလက်များအရ သိရသည်။