BREAKING
March 29, 2025

တနင်္သာရီ ခမရ ၅၅၈တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး လက်နက်ဖြင့်ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံ

March 26, 2025

ဓာတ်ပုံ - ဒေါနတပ်ရင်း။

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် အမှတ် ၅၅၈ စစ်ကောင်စီခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦးသည် မွန်ပြည်နယ် ရှေ့တန်းတစ်နေရာမှ လက်နက်နှင့်အတူ ထွက်ပြေးလာပြီး မတ်လ ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် အသက် ၂၇ နှစ်အရွယ် မြိတ်ဒေသခံတစ်ဦးနှင့် အသက် ၂၆ နှစ်အရွယ် ပဲခူးဒေသခံ တစ်ဦးတို့ ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

မြိတ်ဒေသခံအမျိုးသားသည် စစ်မှုထမ်းရန် ကံစမ်းမဲပေါက်သည့် မသန်စွမ်းသူ ကိုယ်စား စစ်သားစုဆောင်းခံခဲ့ရပြီး ပဲခူး ဒေသခံအမျိုးသားသည် ရွာတွင် နွားကျောင်းနေစဉ် ဖမ်းဆီး အဓမ္မစစ်သားစုဆောင်းခံခဲ့ရခြင်းကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောသည်။

၎င်းတို့ နှစ်ဦးသည် ပလောက်မြို့နှင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာရှိ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်းများတွင် စစ်မှုထမ်းသင်တန်းအပတ်စဥ် (၅) နှင့် (၆) တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။

သင်တန်းဆင်းပြီးနောက် ခမရ ၅၅၈ ထံ ပို့ဆောင်ခံရပြီး ယင်းနောက် မွန်ပြည်နယ်ရှိ ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရသူများ ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

ဘက်ပြောင်းခိုလှုံလာရာတွင် သေနတ်နှစ်လက်အပါအဝင် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းများဖြင့် ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ပြီး တပ်ရင်း၏အစီအစဥ်ဖြင့် ငါးသိန်းကျပ်စီ ချီးမြှင့်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ထပ်ချီးမြှင့်ရန်လည်း စီစဥ်ထားကြောင်း ရဲဘော်ရန်နိုင်က ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလကလည်း ခမရ ၅၅၈ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားခုနစ်ဦး လက်နက်များနှင့်အတူ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။

ခမရ ၅၅၈ တပ်ရင်းသည် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖြစ်ပြီး မွန်နှင့် ကရင်ပြည်နယ်သို့ စစ်ဆင်ရေးသွားရောက်လေ့ရှိသည့် တပ်ဖြစ်သည်။