BREAKING
September 19, 2024

လူ့သွေးအတွင်း အဏုပလပ်စတစ်အမှုန် ပထမဆုံးတွေ့ရှိ

March 26, 2022

အဏုပလပ်စတစ်အမှုန်ဆိုသည်မှာ အလွန့်အလွန်သေးငယ်သော ပလတ်စတစ်အမှုန်များကို ဆိုလိုသည်။ ယင်းအမှုန်များသည် ရေထဲတွင်လည်းကောင်း၊ လေထဲတွင်လည်းကောင်း၊ လူတို့စားသုံးနေသော တိရစ္ဆာန်များ၏ ကိုယ်ထဲ၌လည်းကောင်း ပျံ့နှံ့တည်ရှိနိုင်သည်။ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့လည်း ထိုအမှုန်များ နေ့စဉ်လိုလို အသက်ရှူလမ်းကြောင်း၊ သောက်ရေ နှင့် အစားအသောက်များက တစ်ဆင့် ဝင်နေကြောင်း ပြီးခဲ့သောနှစ်များကတွေ့ရှိထားပြီးဖြစ်သည်။

ယခုအခါထိုအမှုန်မျိုးကို လူ့သွေးအတွင်း ပထမဆုံး တွေ့ရကြောင်း လေ့လာမှုတစ်ခုအရသိရှိရသည်။ သောက်ရေဘူးများထုတ်ရန်၊ အစားအသောက်ထုတ်ပိုးရန်နှင့် အဝတ်အထည်များတွင်သုံးရန် ကျယ်ပြန့်စွာသုံးကြသည့် ဖီအီးထီ ပလပ်စတစ် (PET Plastic) ဟု ခေါ်သည့် ပလပ်စတစ်မျိုးသည် လူ့သွေးအတွင်း ပျံ့နှံ့နေမှု အများဆုံးဖြစ်သည်။

ဂေဟအဆိပ်အတောက်ဗေဒ၊ ရေအရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ ကျွမ်းကျင်သူ၊ နယ်သာလန်နိုင်ငံ၏ ဗရိဂျ် အမ်စတာဒမ် တက္ကသိုလ်မှ ပါမောက္ခ ဒစ်ခ်ဗက်သာ့ခ် ကမူ “ဒီတွေ့ရှိချက်က လူတွေဟာ အခုသွေးထဲမှာ တွေ့နိုင်တဲ့ ပလပ်စတစ်အမှုန်တွေအများကြီးကို စားနေ၊ ရှူနေကြတာ ဆိုတာကို သတိပေးနေတာပါ” ဟုဆိုသည်။

“ဒီလိုအမှုန်တွေက နာတာရှည် ယောင်ရမ်းမှုတွေကို ဖြစ်စေနိုင်တယ်” ဟုသူကထပ်ဖြည့်သည်။

သုတေသနအဖွဲ့သားများသည် ပလပ်စတစ်အမှုန် ၅ မျိုးပါဝင်နေမှုကို သိရန်အတွက် လူ ၂၂ ဦး၏ သွေးများကို စစ်ဆေးကြည့်ခဲ့သည်။ ထို ၂၂ ဦးအနက် ၁၇ ဦး၏သွေးများအတွင်း သတိပြုမိလောက်သော ပလပ်စတစ်အမှုန်ပမဏ တစ်ခုအထိပါနေကြောင်း စမ်းသပ်မှုရလဒ်ထွက်လာခဲ့သည်။

လူသုံးကုန်များတွင် အသုံးများသော ဖီအီးထီ ပလပ်စတစ်အမျိုးအစားပြီးနောက် သွေးအတွင်း ဒုတိယ အများဆုံး တွေ့ရသော ပလပ်စတစ်အမျိုးအစားမှာ ဖီအက်စ် ပလပ်စတစ် (polystyrene – PS)ဖြစ်ပြီး ယင်းပလပ်စတစ်မျိုးသည် များစွာသောအိမ်သုံးပစ္စည်းအမျိုးမျိုးထုတ်ရာတွင် သုံးသည့် ပလပ်စတစ်မျိုးဖြစ်သည်။

သွေးအတွင်း တတိယအများဆုံးတွေ့ရသော ပလပ်စတစ်အမျိုးအစားမှာ ဖီဖီ ပလပ်စတစ် (polypropylene -PP)ဟု သိကြသော၊ ပလပ်စတစ်အိတ်များထုတ်ရာတွင် သုံးသည့်အမျိုးအစားလည်းဖြစ်သည်။

“ဒီသုတေသနက တွေ့တာကတော့ လူဆယ်ယောက်မှာ ရှစ်ယောက်လောက်နီးနီးက သူ့တို့ရဲ့ သွေးတွေထဲမှာ ပလပ်စတစ်အမှုန်လေးတွေရှိနေတယ်။ ဒါပေမဲ့ ဒီ ပလပ်စတစ်တွေရဲ့ ပမာဏ ဘယ်လောက်ရှိရင် ဘေးကင်းမလဲ၊ အန္တရာယ်ရှိနိုင်မလဲဆိုတာတော့ ဒီတွေ့ရှိချက်ကမပြောပါဘူး” ဟု ပါမောက္ခ ဗက်သာ့ခ် ကဆိုသည်။

“ ဘယ်လောက် (ပလပ်စတစ်အမှုန်)ပမာဏဆိုရင် သိပ်များနေပြီလဲ။ ကျွန်တော်တို့ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ရှေ့ဆက် သုတေသနတွေ မြန်မြန်လုပ်ဖို့လိုတယ်၊ ဒါမှ သိနိုင်မှာပါ။ ကျွန်တော်တို့ ပလပ်စတစ်နဲ့ ထိတွေ့မှုတွေ များလာတာနဲ့အမျှ ဒီပလပ်စတစ်က ကျွန်တော်တို့ ကိုယ်ခန္ဓာကို ဘယ်လိုဖြစ်နေလဲ ဆိုတာ သိခွင့်ရှိပါတယ်”

ယခု သုတေသန စီမံချက်က တွေ့ရှိချက်ကြောင့် သူ့အနေနှင့် ပလပ်စတစ်ဖြင့် ထိတွေ့မှုတွေကို ဖြတ်ထားခဲ့ကြောင်း ပါမောက္ခ ဗက်သာ့ခ် ကဆိုသည်။

“ဟုတ်တယ်ဗျ၊ ကျွန်တော့ မိသားစုကလည်း တခါသုံး ပလပ်စတစ်တွေ၊ အထူးသဖြင့် အစားအသောက် ထုတ်ပိုးရာမှာ သုံးတဲ့ ဟာမျိုးကို တတ်နိုင်သလောက် ရှောင်ဖို့ ကြိုးစားနေတယ်။”

ယခုလေ့လာမှုကို Common Seas ဟုအမည်ရသည့် ကမ္ဘာတဝန်း ပင်လယ်သမုဒ္ဒရာများအတွင်းသုံး ပလပ်စတစ်အမြောက်အများ ပစ်နေကြသည်ကို အဆုံးသတ်ရန် ကြိုးပမ်းနေသော အဖွဲ့က ပံ့ပိုး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဒီတွေ့ရှိမှုက အတော်လေးကိုပဲ စိတ်ပူစရာကောင်းပါတယ်။ ကျနော်တို့ နေတိုင်း ပလပ်စတစ်တွေကို စားနေ၊ သောက်နေ၊ ရှူရှိုက်နေခဲ့တာလေ။ အဲဒါတွေက ပင်လယ်ရဲ့ အနက်ဆုံးပိုင်းမှာရော၊ ဧဝရက်တောင်ထိပ်မှာပါရောက်နေပြီ။ ပြီးတော့ လာမယ့် ၂၀၄၀ ကျရင် ပလပ်စတစ်ထုတ်လုပ်မှုက အခုထက် နှစ်ဆဖြစ်မှာ”ဟု ထိုအဖွဲ့၏ အမှုဆောင်အရာရှိချုပ်ကဆိုသည်။

“ကျွန်တော်တို့က ကျန်းမာရေးအပေါ် ပလပ်စတစ်တွေရဲ့ အကျိုးသက်ရောက်မှုကို ရှင်းရှင်းလင်းလင်း နာလည်မှုရှိလာဖို့အတွက် မြန်မြန် ဆက်လုပ်ရမယ့် သုတေသနတွေအတွက် ရန်ပုံငွေ ထောက်ပံ့ကြဖို့ ကမ္ဘာတစ်ဝန်းလုံးက စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေကို ကျနော်တို့ ဒီ ကျန်းမာရေးအပေါ် ပလပ်စတစ်ရဲ့အကျိုးသက်ရောက်မှု သုတေသန အမျိုးသားရန်ပုံငွေ က တစ်ဆင့် တိုက်တွန်းနေရတာပါ။” ဟု ပြောဆိုသည်။

တွေ့ရှိမှုအရ အဆိုပါ ပလပ်စတစ်အမှုန်များမှာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေနိုင်ပြီး ကိုယ်တွင်း အင်္ဂါအချို့အတွင်း ဝင်ရောက်နေနိုင်ကြောင်း သိရသည်။ ထိုသို့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများထံ ပလပ်စတစ်အမှုန်များ ဝင်ရောက်အနည်ထိုင်လျှင်မည်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်လာနိုင်သည်ကို မသိရသေးပေ။ သို့ရာတွင် သုတေသီများမှာ ထိုအဏုပလပ်စတစ်အမှုန်များက လူ့ဆဲလ်များကို ပျက်စီးစေနိုင်ကြောင်း ယခင်ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ချက်များအရသိရှိထားပြီး အဆိုပါအမှုန်များပါဝင်သော ညစ်ညမ်းလေများသည် လူ့ကိုယ်ခန္ဓာအတွင်းဝင်ရောက်ကာ သန်းပေါင်းများစွာသော လူများကို နှစ်စဉ် သေဆုံးစေကြောင်း သိထားပြီးဖြစ်၍ ယခု တွေ့ရှိမှုအသစ်နှင့်ပတ်သက်၍လည်း စိုးရိမ်နေကြသည်။

ကမ္ဘာတစ်ဝန်း ထိုကိစ္စကို စိုးရိမ်၍ အဏုပလပ်စတစ်အမှုန်များ၏ ကျန်းမာရေးအပေါ်သက်ရောက်မှုကို အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များက သုတေသနပြုလုပ်နေကြပြီ ဖြစ်သည်။ ယမန်နှစ်များက တွေ့ရှိချက်အချို့တွင် ကလေး၏ အချင်းတွင် အဏုပလပ်စတစ်အမှုန် တွေ့ရခြင်း၊ ထိုအမှုန်က သန္ဓေသား၏ ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေခြင်း အစရှိသော ဆိုးကျိုးများကိုလည်း တွေ့ရှိထားခဲ့ပြီးဖြစ်သည်။

နေ့စဉ် လူသန်းပေါင်းများစွာ သတိလက်လွတ် သုံးစွဲနေသော ပလပ်စတစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသည့်အပြင် ယခုအခါ ထိုပလပ်စတစ်များ ပျက်စီး၊ ဆွေးမြေ့ရာကထွက်လာသော အလွန်သေးသည့် အမှုန်များသည် လူတို့ မှီခိုအသုံးပြုနေရသော ရေ၊ လေ၊ အစားအသောက်များတွင်ပါဝင်လာကာ လူသားများ၏ ကျန်းမာရေးကိုပင် အကြီးအကျယ်ခြိမ်းခြောက်လာနေပြီဖြစ်သည်။

Ref:

https://www.independent.co.uk/climate-change/news/human-blood-microplastics-pollution-environment-b2043751.html#Echobox=1648145988

https://www.theguardian.com/environment/2022/mar/24/microplastics-found-in-human-blood-for-first-time