သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ ကိုကျော်မင်းသည် ဖမ်းဆီးခံရပြီး ၁၈ ရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၈ရက်တွင် ဥတ္တူရွာသို့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၈ရက်နှင့် ၉ရက် တို့တွင် ကိုကျော်မင်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“သူ့မိန်းမကလည်း ဗိုက်ကြီးနဲ့။ ဗိုက်ကလည်း နေ့စေ့လစေ့ဖြစ်နေပြီ။ အခုထိ ပြန်မလွတ်လာသေးတော့ သူ့မိန်းမရော သူ့အမေရောက စိတ်ပူနေကြတာပေါ့။ ဘာကြောင့်ဖမ်းထားလဲတော့ မသိဘူး” ဟု မိသားစုနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကြောင်းဝင်လာချိန် ဒေသခံများတိမ်းရှောင်ကြရာ အသက် ၂၉နှစ်အရွယ် ကိုကျော်မင်းမှာ စစ်ကောင်စီတပ်နှင့် တိုးပြီး ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ကိုကျော်မင်းနှင့် တစ်ရက်တည်း ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးကိုမူ ပြန်လွှတ်ပေးခဲ့ပြီး ကိုကျော်မင်းကိုမူ ယနေ့အချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
“(ဖေဖော်ဝါရီ) ၁၀ ရက်နေ့ မနက်ပိုင်းမှာ သူဖုန်းခဏဆက်လာသေးတယ်၊ သူ့ကိုစိတ်မပူနဲ့ဆိုပြောတယ်တဲ့။ စစ်တပ်က ဗိုလ်ကြီးက နောက်နေ့ မနက်လာထုတ်လို့ပြောလို့ စစ်တပ် တပ်စွဲထားတဲ့ သရက်နှစ်ခွရွာဘုန်းကြီးကျောင်းကို သူ့အမေနဲ့ သူ့မိန်းမလိုက်သွားသေးတယ်။ သူ့ကိုစစ်ဆေးစရာရှိသေးလို့ဆိုပြီး ဆက်ခေါ်ထားတယ်။ အဲဒီကနေ ရန်တောင်ဘက်ကို စစ်ကြောင်းရောက်သွားတော့ အဲဒီကတည်းက အဆက်သွယ် မရတော့ဘူး” ဟု မိသားစုနှင့် ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်က ဥတ္တူရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲကြောင့် ဥတ္တူရွာက ဒေသခံများ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၉ ရက်က ရွှေဂူတံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူမီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် စော်ဝ၊ ရောင်းမော်၊ ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မဲနယ်အိုး၊ ဥတ္တူ၊ သရက်နှစ်ခွ၊ ရန်တောင်စသည့် ကျေးရွာများဘက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။