BREAKING
February 26, 2025

တနင်္သာရီတွင် စစ်ရှောင်လေးထောင်ခန့် အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းရောဂါများဖြစ်

February 26, 2025

ဓာတ်ပုံ - နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်လေးထောင်ခန့်သည် အရေပြားရောဂါ၊ ဝမ်းရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

ရောဂါဖြစ်နေသော ကျေးရွာများမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေကြသော သိန်ခွန်း၊ ညောင်ပင်ကွင်းနှင့် ထုံခါ ကျေးရွာအုပ်စုများက စစ်ဘေးရှောင်အများစု ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အရေပြားရောဂါနှင့် ဝမ်းရောဂါများသည် ပြီးခဲ့သော ဒီဇင်ဘာလကတည်းက ဖြစ်ပွားနေကြပြီး ဇန်နဝါရီလတွင် ပန်းနာရင်ကျပ်၊ နှာစေးချောင်းဆိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများပါ ဖြစ်ပွားနေသည်ကို တွေ့ရှိကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့က မငြိမ်းက ပြောသည်။

“အဓိကကတော့ ရာသီအကူးအပြောင်းကြောင့်လဲပါမယ်။ အစားအသောက် အာဟာရတွေ ကောင်းကောင်း မစားရတာ လည်း ပါတယ်။ နေထိုင်ရတာတွေလည်း ဆင်းဆင်းရဲရဲ နေရလို့လည်း ပါတယ်။ အခုက ရွာထဲ ဝင်လိုက်ရင် လူတိုင်းက ရောဂါတစ်ခုမဟုတ် တစ်ခုဖြစ်နေကြတာချည်းပဲ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်အထိ သိန်ခွန်းနှင့် ညောင်ပင်ကွင်းတွင် စစ်ဘေးရှောင် ၁၇၀၀ ခန့်၊ ထုံခါတွင် ၆၀၀ ခန့် ရောဂါဖြစ်ပွားနေဆဲဖြစ်သည်ကို စာရင်းကောက်ယူရရှိထားကြောင်း နွေဦးမေတ္တာအဖွဲ့ထံမှ သိရသည်။

လက်ရှိ စစ်ဘေးရှောင်များတွင် အရေပြားရောဂါအဖြစ်အများဆုံးဖြစ်ကြောင်း မငြိမ်းက ဆိုသည်။ ယင်းအပြင် စစ်ဘေးရှောင်အချို့မှာ သွေးတိုး၊ ဆီးချိုနှင့် စိတ်ကျရောဂါများပါ ခံစားနေကြရကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

စစ်ဘေးရှောင်အများစုသည် တောထဲ တောင်ထဲတွင် ယာယီနေထိုင်နေကြရသဖြင့် အနေအစား ဆင်းရဲကြကာ စမ်းချောင်းရေချိုးရသောကြောင့် အရေပြားရောဂါဖြစ်ပွားမှု ပိုများလာခြင်းဖြစ်နိုင်ကြောင်း မငြိမ်းက ပြောသည်။

ဆေးဝါးကုသရေးတွင် လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်းမရှိတော့ဘဲ ခွဲတမ်းချ၍ ကုသမှုပေးနေသဖြင့် ဆေးဝါးများ လိုအပ်နေသည့်အပြင် ရိက္ခာလည်း ပိုမိုလိုအပ်လျက်ရှိကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

“ဝမ်းရောဂါဆို ဆေးလုံလောက်ရင် သက်သာမြန်တယ်။ ဆေးမလုံလောက်တော့ ဆေးဗူးကြီးတွေကအစ ချိတ်ရရော။ ကျန်တဲ့ရောဂါတွေလည်း ဆေးငါးရက်စာပေးရမယ့်နေရာမှာ သုံးရက်စာလောက်ပဲ ပေးနိုင်တော့တယ်။ အဲဒီတော့ စစ်ရှောင်တွေကလည်း ကျွန်မတို့မလာခင် ဆေးကုန်သွားမှာစိုးလို့ ထင်တယ်။ ချွေပြီး သောက်နေကြတော့ ရောဂါတွေက ပိုပိုကြာလာတာပဲ” ဟု မငြိမ်းက ပြောဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလက တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၇,၀၀၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းအတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊လူမှုရေးအခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် FE5 Tanintharyi သုတေသနအဖွဲ့၏ ဇန်နဝါရီလ အစီရင်ခံစာအရ သိရသည်။