ရေဖြူမြို့နယ်၊ ကံပေါက်ရွာအဝင် သစ်တောလမ်းဆုံတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးတွင် ကားပြင်နေစဉ် ကားနင်းမိသဖြင့် ဝပ်ရှော့ဆရာအမျိုးသားတစ်ဦး သေဆုံးကြောင်း ကားသမားများနှင့် ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၅ရက် ညနေပိုင်းက စစ်ဆေးရေးဂိတ်တွင် ကားရပ်၍ ခရီးသွားမှတ်တမ်းစာရင်း ဝင်ပေးပြီးနောက် ကားစက်နှိုး၍ မရတော့သဖြင့် ဝပ်ရှော့ဆရာခေါ်၍ ကားပြင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ကားက စက်မနှိုးတော့လို့ ဝပ်ရှော့ဆရာက ကားအောက်ဝင်ကြည့်ပေးတယ်။ ဝပ်ရှော့ဆရာကပဲ ကားသမားကို တက်မောင်း စမ်းခိုင်းတယ်။ သတိလက်လွတ်သလိုဖြစ်သွားပြီး မောင်းခိုင်းလိုက်တာမျိုး ဖြစ်သွားတယ်။ ကားက ဝပ်ရှော့ဆရာကို နောက်ဘီးနဲ့ တက်ကြိတ်လိုက်တယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာခံကားသမားတစ်ဦးက ပြောသည်။

ကားဖြင့် နင်းမိပြီးနောက် စစ်ကောင်စီဂိတ်က စစ်ကားဖြင့်ပင် ကံပေါက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် အသက် ၄၀ ဝန်းကျင်အရွယ် ဝပ်ရှော့ဆရာဖြစ်သူ သေဆုံးသွားကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။
ကံပေါက်ရွာအဝင်လမ်းဆုံရှိ သစ်တောရုံးစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစပြီး ကားများကို အချိန်ပိုင်းခွဲ၍ တစ်ရက် သုံးကြိမ်သာ လမ်းဖွင့်ပေးကြောင်း ကားသမားများက ဆိုသည်။ ဂိတ်အနီးတွင်လည်း ကားများတန်းစီ ရပ်နား၍ စောင့်ခိုင်းလေ့မရှိဘဲ ဂိတ်ဖွင့်ချိန်ရောက်မှသာ လာရောက်ခိုင်းကြောင်း ၎င်းတို့က ပြောဆိုသည်။