မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်က ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်တို့သည် နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသုံးဦး ရောက်ရှိလာပြီး ထောက်ခံစာပြုလုပ်မည်ဟုဆိုကာ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
နေအိမ်ခြံဝင်းထဲ ဝင်ရောက်လာပြီးနောက် သေနတ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသွားတယ်။ သူ့ဇနီး မမိငယ်ကလည်း ထိသွားတယ်။ (သေနတ်သမားတွေ) သူတို့က ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မသိဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေ အခုလိုပစ်သတ်ခံနေရတာက ခဏခဏကြားရ တယ်လေ၊ အခုလည်း အုပ်ချုပ်ရေးမှူးဖြစ်လို့ပဲ ပစ်သတ်သွားတာလားတော့ မပြောတတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတွင် ရင်ညွန့်နှင့် လည်ပင်းနောက်စေ့အနီး ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ တွင်ပင် သေဆုံးပြီး ဇနီးဖြစ်သူမှာ ဝမ်းဗိုက်နှင့် လက်မောင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူနေရ ကြောင်း ၎င်းက ဆိုသည်။
အဆိုပါဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့်နှစ် ဇွန်လကလည်း ညောင်ကုန်းကြီးကျေးရွာနှင့် ကပ်လျက်ရှိသည့် ထန်းပင်ချောင်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းကို အမည်မသိ လက်နက်ကိုင်လူတစ်စုက နေအိမ်တွင် ဝင်ရောက်ပစ်သတ်သွားခဲ့ပြီး ရွှေ၊ ငွေများလည်း ယူဆောင်သွားသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သတင်းပေး ဆိုသူများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး Dawei Watch က စုဆောင်းထားသည့် အချက်အလက်များအရ ပေါင်မြို့နယ်အတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀ ဦးထက်မနည်းရှိသည်။