ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်တွင် အွန်လိုင်းမှတစ်ဆင့် အလှကုန်ပစ္စည်းများ ရောင်းချနေသော မြန်မာစုံတွဲ လူငယ်နှစ်ဦးသည် ဖေဖော်ဝါရီ ၂၅ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ရနောင်းမြို့ထဲက သုံးထပ်တိုက်အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် အွန်လိုင်းမှတဆင့် ဈေးရောင်းနေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
စစ်ဆေးစဉ် အိမ်ရှေ့တွင် အိမ်စီးကားတစ်စီးနှင့် အထဲတွင် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ဆံပင်ပေါက်ဆေး၊ ပေါင်းဆေးနှင့် ဖြည့်စွက်စာများ အမျိုးအစား တစ်ရာကျော်နှင့် အရေအတွက်ပေါင်း ငါးထောင်ကျော် စစ်ဆေးတွေ့ရှိ ကြောင်း သတင်းများတွင် ဖော်ပြသည်။
အချို့အလှကုန်များသည် ထိုင်းနိုင်ငံတွင် ခွင့်ပြုချက် မရရှိထားသော အလှကုန်ပစ္စည်းများဖြစ်ကြောင်း ဆိုသည်။
ပစ္စည်းများ တန်ဖိုးမှာ ဘတ် ၁၂ သိန်းကျော်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
အိမ်ထဲတွင် အသက် ၂၁ နှစ်နှင့် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းဈေးရောင်းရာတွင် အသုံးပြုသော ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦး၏ ဘဏ်စာအုပ်များသည် တစ်ရက်လျှင် ဘတ် သုံးသောင်းမှ လေးသောင်းအထိ လည်ပတ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဆိုသည်။
အလှကုန်နှင့် အခြားပစ္စည်းကို မြန်မာနိုင်ငံမှတစ်ဆင့် တရားမဝင် တင်သွင်းထားပြီး အွန်လိုင်းမှတစ်ဆင့် ရောင်းချနေသည်ဟု မြန်မာနိုင်ငံများက ရဲတပ်ဖွဲထံ ဝန်ခံထားကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားနှစ်ဦးကို ရနောင်းရဲစခန်းကို ခေါ်ဆောင်ခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုနှင့် FDA ထောက်ခံချက် မရှိသော ပစ္စည်းများကို တရားမဝင် ရောင်းချမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြသည်။
Ref: Daily News, FM Ranong