ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်တွင် လေ့လာရေးခရီးထွက်လာသော ဘတ်စ်ကားတစ်စီး တောင်အဆင်းတွင် တိမ်းမှောက်ပြီး ၁၈ ဦးထက်မနည်း သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၄ နာရီခန့်က နဒီးဒေသက အဝေးပြေးလမ်း တောင်ဆင်းတစ်နေရာတွင် ဘတ်စ်ကား သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာများကို ကျော်၍ တိမ်းမှောက်ကြောင်း ဖော်ပြသည်။
အီစန်ဒေသ ဘိုဝါကန်ခရိုင် စည်ပင်သာယာရေးဌာနက ရယွန်ခရိုင်သို့ လေ့လာရေးခရီးထွက်လာသော ကားသုံးစီးအနက် နောက်ဆုံးကား တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ကားပေါ်တွင် စည်ပင်သာယာရေးနယ်ထဲက အိမ်နီးနားချင်း ပြည်သူ ၄၇ ဦး လိုက်ပါလာပြီး ကားတိမ်းမှောက်မှုကြောင့် အခင်းဖြစ်သောနေရာတွင် ၁၆ ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး နဒီဆေးရုံကြီးတွင် တစ်ဦး၊ ကဘင်ဘူရီဆေးရုံကြီးတွင် တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၁၈ ဦးအထိ တိုးလာခဲ့ကြောင်း ဆိုသည်။
ကားသည် တောင်အဆင်းတွင် ဘရိတ်မမိတော့သဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။
လက်ရှိတွင် ကားတိမ်းမှောက်မှုအကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: The Nation Thailand, Thairath