ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း KNLA နှင့် ဒေသခံအချို့ထံမှ သိရသည်။
ကျောက်မဲတောင်ရွာဘက်မှ မေတ္တာဗျူဟာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA/PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက် မနေ့ ညနေ ၃နာရီခန့်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
“တိုက်ပွဲအခြေအနေက မနေ့ညနေ ၃ နာရီကစပြီး အခုချိန်ထိပေါ့။ အခုနကပဲ ၁၀ မိနစ်လောက်က လေယာဉ်နဲ့ ဗုံးလာကြဲ သွားတယ်။ ဒီမနက်ကတော့ မနက် ၈ နာရီကနေ အခုထိပေါ့။ အခုထိမပြီးသေးဘူး” ဟု KNLA တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁၀) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်က ရဟတ်ယာဉ်တစ်စီးလာရောက်ပြီး ဗုံးနှစ်လုံးကြဲချသွားကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်းနှင့် ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုတို့တွင် ပူးပေါင်းတပ်များဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း တပ်ရင်းမှူး စောမှူးကေက ပြောဆိုသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုမည်မျှရှိသည်ကို မသိရသော်လည်း ရွှေချောင်းဘုန်းကြီးကျောင်းအနီးက ချုံထဲတွင် အလောင်းတစ်လောင်းတွေ့ရပြီး ကျည်ဆန်အချို့ရရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် မေတ္တာမြို့ရှိ ဗျူဟာစခန်းနှင့် ပူးပေါင်းရန်လာစဉ် KNLA/PDF ပူးပေါင်းတပ်များက လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တပ်ရင်းမှူးစောမှူးဂေနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၂၅ ရက်တွင် မေတ္တာမြို့ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တောင်သုံးလုံးရွာက ဓမ္မရသရိပ်သာကျောင်းတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်ထိခိုက်ပျက်စီးကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောသည်။
“လူနေအိမ်တွေ ကျည်ဆန်ထိတာတွေလည်းရှိတယ်။ လူငယ်တစ်ယောက် လက်နက်ကြီးအစ စင်ပြီးလက်မှာ ဒဏ်ရာရ ခဲ့တယ်လို့ ပြောတယ်။ များတော့မများဘူး။ ကျွန်တော်တို့လည်း အခုဆို ရွာနဲ့အဝေးမှာ ပုန်းခိုနေရတယ်” ဟု တောင်သုံးလုံး ရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရွှေချောင်းရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်အဆောက်အအုံများ မီးလောင်နေသည်ဟု ရွာက ထွက်ပြေးလာသူများ၏ ပြောဆိုချက်အရ သိရကြောင်း ၎င်းက ဆိုသည်။
တောင်သုံးလုံးရွာမှာ ရွှေချောင်းရွာနှင့် ကပ်လျက်ရှိသည့်ရွာဖြစ်ပြီး ရွှေချောင်းရွာနှင့် မေတ္တာဗျူဟာစခန်းကြားတွင် ကျေးရွာတစ်ရွာသာ ခြားတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကျောက်မဲတောင်စခန်းနှင့် မေတ္တာဗျူဟာစခန်းတို့ရှိ စစ်ကောင်စီတပ်ဘက်က တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာကြားကို လက်နက်ကြီးနှင့် ပစ်ကူပေးနေကြောင်း တပ်ရင်းမှူး စောမှူးဂေက ဆိုသည်။
KNLA နှင့် PDF ပူးပေါင်းတပ်များဘက်ကလည်း ကျောက်မဲတောင်စခန်းနှင့် မေတ္တာဗျူဟာစခန်းကို လက်နက်ကြီးနှင့် ပြန်လည် ပစ်ခတ်နေကြောင်း ၎င်းက ပြောဆိုသည်။
KNLA နှင့် PDF ပူးပေါင်းတပ်များဘက်က စစ်ကောင်စီတပ်စခန်း၊ စစ်ကောင်စီတပ်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်နေကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။
မေတ္တာဗျူဟာသို့ လာသည့် စစ်ကောင်စီယာဉ်တန်းကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တိုက်ခိုက်ရာမှာ အရှေ့တောဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျောက်မဲတောင်ရွာကြား တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက် ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ကျောက်မဲတောင်ရွာအပြင်ဘက်ရှိ ဆာဒိုးဝါးဆေးရုံကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အဆောက်အုံ ထိခိုက်ပျက်စီးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။
ထားဝယ်အရှေ့တောဒေသတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသဖြင့် ထားဝယ်-မေတ္တာ-ထီးခီးလမ်းပိုင်း သွားလာ၍ မရဖြစ်ပြီး ဝကုန်းက ခရီးသည်တင်လိုင်းကားနှင့် ဈေးကားအချို့မှာမူ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းကအထိ သွားလာခဲ့ ကြောင်း ဒေသခံအချို့က ဆိုသည်။