ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်ကို ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရဟတ်ယာဉ်လေးစီးဖြင့် ခုနစ်ကြိမ် စစ်ကူလာပို့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါစစ်ကူများမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် ရခိုင်ပြည်နယ်အမ်းမြို့ အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့က တပ်ဖွဲ့ဝင်များဖြစ်ကြောင်း AA က ဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ရက်လုံးပစ်ခတ်နေသည့်ကြားမှ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးကာ ရုပ်အလောင်းအမြောက်အများ ရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရုပ်အလောင်း မည်မျှ ရရှိထားသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိထားပြီး ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် တိုက်ခိုက်နေကြောင်း AA က ဆိုသည်။






မင်းပြားမြို့ ကမ်းနီရွာရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရှစ်ရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းကျောင်းမှာ မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိသည့် တစ်ခုတည်းသောကျောင်းဖြစ်သည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ တပ်ရင်းကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။
မောင်တောမြို့နယ်ရှိ ခမရ ၂၁၀ တပ်ရင်းနှင့် ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ တပ်ရင်းတို့ကိုလည်း တိုက်ခိုက်နေကြောင်း ဖော်ပြသည်။