BREAKING
November 25, 2024

ထားဝယ်ရိုးရာပွဲတော်များ

February 26, 2020

၁။ ဘုရားမီးပူဇော်ပွဲ (ထားဝယ်လို – ဖျား မီးကန်ပွဲ) (ရှင်မုတ္ထီးကျေးရွာ၊ ထားဝယ် မြို့နယ်)
ဆောင်းကာလနဲ့ပတ်သက်ပြီး ရှေး လူကြီးတွေက ချမ်းစ တန်ဆောင်မုန်း၊ ချမ်းတုန်း နတ်တော်၊ ချမ်းလယ် ပြာသို၊ ချမ်းအို တပို့တွဲလို့ ပြောတယ်။ ရှေးက အင်မတန်အေးလို့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေ အသက်ဆုံးရှုံးဖူးတယ်။ ဒါကြောင့် အအေးပျောက်အောင် မီးလှုံရတယ်။

ငါတို့လူတွေတောင် အေးလွန်းလို့ မီးလှုံနေရတယ်။ တကယ်လို့ မြတ်စွာ ဘုရားရှင်လည်း သက်တော်ထင်ရှားရှိရင် အေးတော်မူမယ်။ ဒါကြောင့် ကုသိုလ်ရ အောင် မီးပုံပြီး မီးပူဇော်ရအောင်ဆိုပြီး မီးပုံပွဲလုပ်ခဲ့တယ်လို့ သိရတယ်။

ဘုရားမီးပူဇော်ပွဲကို နှစ်စဉ် တပို့တွဲ လပြည့်နေ့မှာ လုပ်ပါတယ်။ ရှေးက တပို့တွဲလဆန်း (၁)ရက်နေ့ကစပြီး ထင်း ခုတ်တယ်။ သစ်ထင်းက ပေါတယ်။ အိမ်တိုင်းအိမ်တိုင်း တစ်အိမ်ချင်း ခုတ်ပါ တယ်။ အိမ်မှာလည်း လူတစ်ယောက် ထင်းတစ်ချောင်းနှုန်းပါ။ အိမ်တစ်အိမ်မှာ လူငါးယောက်ရှိရင် ထင်းငါးချောင်းပါတဲ့ အစည်းတစ် စည်းလုပ်ပါတယ်။ ပြီးတော့ ရိုးရာယုံကြည်မှုဆိုရမလား၊ ဗေဒင်နက္ခတ် ယုံကြည်မှု ဆိုရမလား၊ လူတစ်ယောက် ရဲ့ မွေးနံအရ သစ်တစ်ချောင်း၊ ထင်း တစ်ချောင်းခုတ်ပါတယ်။

ဥပမာ တနင်္ဂနွေသားဆိုရင် အုန်းလက်၊ တနင်္လာဆိုရင် ကံ့ကော်၊ ကညင်ဆိုတာ မျိုးပါ။ တောထဲက ထင်းခုတ်၊ ထင်းမှာ အခွံခွာ။ ထင်းစည်းစည်းပြီး အမွေးတိုင်၊ ဖယောင်းတိုင်စတဲ့ ပူဇော်စရာတွေပါ ထင်းစည်းမှာတွဲပြီး ရှင်မုတ္ထီးဘုရားမှာ လှူထားတယ်။

အခုတော့ သစ်ကလည်း ရှားလာ တယ်။ ဘုရားမှာလည်း နေရာက ကျဉ်း လာတယ်။ လပြည့်နေ့ မနက်ကျမှပဲ ထင်းစည်းတွေ လာလှူကြတော့တယ်။ နေ့နံအလိုက် ထင်းရဖို့ရှားလာလို့ အဆင် ပြေတဲ့ ထင်းခုတ်ပြီး အစည်းလိုက် လာလှူကြတယ်။ အချို့ဆိုရင် စားဝတ် နေရေးအတွက် မအားလို့ အားတဲ့လူက ထင်းခုတ်ပြီး အစည်းလိုက်ရောင်းတယ်။ ထင်းတစ်စည်း ငါးရာကျပ်လောက်နဲ့ပါ။ စီးပွားဖြစ် မလုပ်ပါဘူး။ ကူညီတဲ့အနေနဲ့ပါ။

အရင်ကတော့ မီးပူဇော်ပွဲကို အခု လက်ရှိ ရွာရဲ့စာသင်ကျောင်းနေရာဖြစ်တဲ့ မြေကွက်လပ်မှာ လုပ်တယ်။ လွန်ခဲ့တဲ့ နှစ်(၄၀) လောက်က စာသင်ကျောင်း ဆောက်လိုက်တော့ ဘုရားဘေးက သင်္ချိုင်းကုန်းမြေကို ပြောင်းခဲ့ရတယ်။ တစ်ရက်နှစ်ရက် ကြိုပြီး မီးပူဇော်ဖို့ ပြင်တယ်။ ဝါးလုံးကြီး ( ဝါးဘိုးဝါးလိုမျိုး) တစ်လုံး၊ အတောင်၂၀ လောက်ခပ်ရှည် ရှည် တစ်လုံးကို မဏ္ဍိုင်အဖြစ် စိုက်ပါ တယ်။ ဝါးလုံးထိပ်မှာ သာသနာထီး တစ်စင်း ထောင်တယ်။ ဒီအောက်မှာတော့ သာသနာ့အမှတ်အသားဖြစ်တဲ့ သင်္ကန်း တစ်ထည်ချည်ပြီး လွှင့်ထားတယ်။

လပြည့်နေ့မနက်ကစပြီး တစ်အိမ် ချင်း ထင်းစည်းတွေ ဝါးလုံးတိုင်မှာ စထားကြတယ်။ အခုလက်ရှိ ရှင်မုတ္ထီးမှာ အိမ်ခြေ ၄၈၀ ကျော် ရှိတယ်။ အနီးအနား က ရွာတွေလည်း ထင်းလာလှူပါတယ်။

ညနေပိုင်း အများအားဖြင့် ၆ နာရီလောက် မှာ လူစုပြီးရင် သံဃာတွေ ပင့်ဖိတ်ပြီး သီလယူတယ်။ အန္တရာယ်ကင်း ပရိတ် ရွတ်တယ်။ ပြီးရင် မီးပုံပွဲ စပါတယ်။ မဏ္ဍိုင် အဖြစ်ထောင်ထားတဲ့ ဝါးလုံးက ထီးနဲ့ သင်္ကန်းကို မီးစွဲပြီး လေနဲ့လွင့်တဲ့ အခါ လိုက်လုပြီး အန္တရာယ်ကင်းတဲ့ အဆောင် အဖြစ် ယုံကြည်စွာ အသုံးပြုတယ်။ အိမ်၊ ကား၊ ဆိုင်ကယ်စတဲ့နေရာတွေမှာ ချည်ထားကြတယ်။

ဘုရားမီးပူဇော်ပွဲကို ဘယ်အချိန်က စလဲ သေချာမသိဘူး။ ဘုရားရှင် လက်ထက် ကတည်းက စမယ်လို့ ထင်တယ်။ ရှေး လူကြီးတွေကတော့ ဝေဒီမင်းကြီး လက်ထက်က စတယ်လို့ ပြောတယ်။ ဆရာဦးကိုကိုကြီးကလည်း ထားဝယ် ရိုးရာဘုရား မီးပုံပွဲအကြောင်း သီချင်းရေး ထားတယ်။

ရိုးရာမပျက် နှစ်စဉ် တပို့တွဲ လရောက်တိုင်း မီးပုံပွဲကို ကျင်းပနေပါ တယ်။ ထားဝယ်ခရိုင်အတွင်း ထားဝယ် မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာနဲ့ လောင်းမြို့ နယ် အောက်ရေဖြူ ဝံတွင်းကျေးရွာများ တွင် နှစ်စဉ် ဘုရားမီးပုံပွဲ ကျင်းပတယ်။

ဒီလိုဘုရားမီးပုံပွဲဖြစ်မြောက်ရေးအတွက် ကျေးရွာက လူပျိုအပျိုတွေ ရွာသူ ရွာသားတွေက ဝိုင်းဝန်ကူညီကြပါတယ်။ ဒီလိုလာကူတဲ့ လူတွေကို ရှင်မုတ္ထီးတိုက် ကျောင်းဆရာတော် ဣန္ဒဝံသက မုန့်ပြန် စွန့်ဖို့ လုပ်တယ်။ ဆရာတော်နဲ့ ရွာသား တွေ တိုင်ပင်တယ်။ ဘယ်လို မုန့်မျိုး စားချင်လဲပေါ့။ ဆရာတော်က တပို့တွဲလ လည်း ဖြစ်တယ်။ ဆေးလည်းဖြစ်၊ အစာလည်းဖြစ်၊ စည်းလုံးမှုလည်းဖြစ်၊ ရိုးရာ လည်းဖြစ်တဲ့ ထမင်းနဲထိုးဖို့ မိန့်ပါတယ်။ ရွာသူ ရွာသားတွေကလည်း သဘောတူ တယ်။ ဒါနဲ့ ထမနဲထိုးတယ်။ ရွာသူရွာသား တွေလည်း စားတယ်။ ဘုရားဖူးလာတဲ့ ရပ်ဝေးရပ်နီးက လူတွေကိုလည်း စတုဒီသာ ကျွေးတယ်။

ထမနဲစထိုးတော့ လောက်လောက် ငှငှဖြစ်အောင် ဆယ့်သုံးအိုး ထိုးပါတယ်။ တစ်ကြိမ်တည်း ထိုးကြတော့ နောက်ရင်း စရင်း အပြိုင်ဖြစ်လာတယ်။ ဒါနဲ့ ဆရာ တော်ဦးဆောင်ပြီး ထမနဲထိုးပြိုင်ပွဲ စတယ်။ အခုနှစ် (၂၀၂၀)မှာ (၁၄)ကြိမ်မြောက် ဖြစ်ပြီ။ အရင်ကတော့ ရှင်မုတ္ထီးရွာက အပိုင်းလိုက်ခွဲပြီး ဆယ့်သုံးအိုး ထိုးတယ်။ အနီးအနားက ရွာတွေကလည်း ပါချင်တယ် ဆိုပြီး ဝင်ပြိုင်ပါတယ်။ အခု ဒီနှစ်မှာတော့ အဖွဲ့ ၁၅ ဖွဲ့နဲ့ ထမနဲ ဆယ့်ငါးအိုး ထိုးပြိုင်တယ်။

ထမနဲထိုးပြိုင်ပွဲကို လပြည့်ည ၈ နာရီမှာ စတယ်။ ဖျော်ဖြေရေးပါတယ်။ အင်မတန်ပျော်ဖို့ ကောင်းတယ်။ ထမနဲ ထိုးဖို့ လိုအပ်တဲ့ ကောက်ညှင်း၊ ဆီ၊ မြေပဲ၊ နှမ်း၊ အုန်းသီး စတာတွေကို မနက် ကတည်းက ကြိုတင်စုဆောင်း ထား တယ်၊ ထင်း၊ ဒယ်အိုး၊ ယောက်မ ပြင်ထားတယ်။

ဒိုင်အဖွဲ့က ကြီးကြပ်တယ်။ သီချင်းဖွင့်ထားပြီး အပြိုင်အဆိုင် ယှဉ်ပြိုင် ကြ၊ အားပေးကြ၊ စကြနောက်ကြနဲ့ အင်မတန် စည်တယ်။ ည ၉ နာရီ ခွဲလောက်မှာ စပြီး ထမနဲကျက်တယ်။

လျှို့ဝှက်နံပါတ်လုပ်ပြီး ဒိုင် ငါးဦးက ဆုံးဖြတ်တယ်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ၁ နဲ့ နှစ်သိမ့်ဆု ၂ ဆိုပြီး ဆုတွေ ပေးပါတယ်။ အခု ၁၄ ကြိမ်မြောက် ထမနဲပြိုင်ပွဲမှာ ထူးခြားချက် က ထားဝယ်မြို့ပေါ်က စေတနာရှင် အော်စကာ ဝမ်းမိသားစုက ထမနဲပြိုင်ပွဲဝင် အဖွဲ့ ၁၅ ဖွဲ့အတွက် တစ်ဖွဲ့ကို ဆုငွေ ကျပ် ၁၀၀၀၀ ဆုချီးမြှင့်တယ်။ ဆုပေးပွဲ ပြီးတဲ့နောက်မှာတော့ ရပ်ဝေးရပ်နီးကလာ တဲ့ လူတွေစတုဒီသာ လှူဒါန်းကြတယ်။ နောက်တစ်နေ့မှာ အရုဏ်ဆွမ်းအဖြစ် မြတ်စွာဘုရားရှင်ကို ကပ်လှူတယ်။

တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်း စမြဲ။ ပေါက်လဲပွင့်တုံ၊ ဆူးငန်းငုံ၊ မီးပုံ ယာဂုပွဲလို့ ကင်းဝန်မင်းကြီးရဲ့ တပို့တွဲလ သံပေါက်ကဗျာမှာ တွေ့ရတယ်။ တပို့တွဲ လကို ဗေဒင်အခေါ်အားဖြင့် ကုံရာသီ၊ မာဃနက္ခတ်နဲ့စန်းယှဉ်ပြီး မွန်းတည့် တယ်။ ရာသီရုပ်က ရေထမ်းသမား ဆင်းရဲ သားရုပ် ဖြစ်တယ်။ ရာသီပန်းတွေက ပေါက်ပန်း၊ လဲပန်းတို့ ဖြစ်တယ်။ ဒီမှာ မီးဖုံးပွဲနဲ့ ထမနဲပွဲ (ယာဂုပွဲ) တွေကို ရာသီပွဲအဖြစ် ကျင်းပလေ့ ရှိတယ်။

မြန်မာပြက္ခဒိန်အရ တပို့တွဲလဟာ (၁၁)လမြောက် ဖြစ်တယ်။ ဆောင်းကာလ ရဲ့နောက်ဆုံးလဖြစ်ပြီး အလွန်အေးတဲ့ ကာလလည်း ဖြစ်တယ်။ အအေးလွန်ကဲ လွန်းလို့ နှာရည်ယိုရွဲ၊ တပို့တွဲလို့ဆိုသလို ကျွဲချိုဖျားများပင် ဆတ်ဆတ်ခါလာအောင် အေးလှလို့ “တပို့တွဲ၊ ကျွဲချိုများ ဆတ်ဆတ်ခါ”လို့ ရှေးလူကြီးတွေက ပြောတယ်။

မြန်မာမှတ်တမ်းတွေအရ မီးဖုန်းပွဲ လို့ ခေါ်တယ်။ မြတ်စွာဘုရားရှင် လက်ထက်ကတည်းက စတင်ခဲ့ကြောင်း ကို မဟာဝဂ္ဂသုတ် ပါဠိတော်မြန်မာပြန်မှာ “မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာ ရုံကျောင်းမှာ သီတင်းသုံးနေစဉ် ညနေ ချမ်းအချိန်မှာ ကျောက်ကုန်းကို နေပူဇာ လှုံတော်မူကြောင်း”တွေ့ရတယ်။ မြတ်စွာ ဘုရားရှင် နေပူဆာလှုံ တော်မူသည်ကို အကြောင်းပြုပြီး မီးဖုန်းပွဲစတင်တယ်လို့ ယူဆကြတယ်။

မြန်မာနိုင်ငံမှာတော့ မီးဖုန်းပွဲကို ပုဂံခေတ်မတိုင်မီကတည်းက ရှိခဲ့တယ်လို့ ဆိုတယ်။ အနည်းဆုံး ပုဂံခေတ်မှာ ရှိနေ ပြီလို့ ဆိုနိုင်တယ်။ ဒီမီးဖုန်းပွဲကို ဘုရင်တွေကိုယ်တိုင်ဦးစီးပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ အထက်အညာ ဒေသတွေ လောက်မှာပဲ ကျင်းပပြီး လူသိနည်းတဲ့ပွဲ ဖြစ်နေပါပြီ။ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးကို မီးပူဇော်ပြီးမှ အချမ်းပေါ့တယ်လို့ ယူဆ ကြပြီး မီးပူဇော်ပွဲကို ဒီနေ့အထိ ကျင်းပတယ်လို့ ဆိုတယ်။

ဒီမီးပူဇော်ပွဲဟာ အေးချမ်းလှတဲ့ ရာသီနဲ့ လိုက်ဖက်လှတဲ့ ကုသိုလ်ရေးကိုဦးတည့်သော ရှေးလူကြီး တွေ တီထွင်ခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း သိရတယ်။

ကောက်ညှင်းကို ကော်များ၊ ပတ်စာများကဲ့သို့ ထပ်ပြန်တလဲလဲနှဲရသော ကြောင့် ထမနဲခေါ်တယ်။ နှမ်းဆီနဲ့ နှမ်း များ များထည့်ရလို့ တချို့ကလည်း နှမ်းမနဲခေါ်တယ်။ တချို့ကလည်း ယာဂု ခေါ်တယ်။ တပို့တွဲလရဲ့ ပွဲတော်တစ်ခု အဖြစ် ထမနဲထိုးပွဲ လုပ်ကြတယ်။ အထူး သဖြင့် ကောက်သစ်ပေါ်ချိန် ဖြစ်တယ်။ ထမနဲပွဲကို ဘုရင်ကနေစပြီး ပြည်သူအများ ပါဝင်သလို ခေတ်အဆက်ဆက် ကျင်းပ ခဲ့တယ်။

ရိုးရာဓလေ့ပွဲတော်များဟာ အထူး သဖြင့် ဘာသာရေးကို အခြေခံပြီး ကုသိုလ် ရေး၊ ပျော်ရွှင်ရေးကို အခြေခံတယ်။ တပို့တွဲလရဲ့ ထမနဲပွဲကတော့ ထူးခြား ချက်ရှိတယ်။ ကုသိုလ်ရေးသာမက ကျန်းမာရေးအတွက်ပါ အရေးကြီးလှ တယ်။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုသလို အေးလွန်းတဲ့ဆောင်းကာလ အတွက် ရာသီစာအဖြစ် ထမနဲကို ဆေးအဖြစ် ရှေးတိုင်းရင်းသား ဆေးဆရာ ကြီးများက ကျင့်သုံးခဲ့တယ်။

ထမနဲမှာ ဆီများပြီးအပူစာများတဲ့ အစာ ဖြစ်တယ်။ အေးလွန်းလို့ အဆီခမ်း ခြောက်ချိန်မှာ အပူစာနဲ့ ဆီကို စားပေး ခြင်းဖြင့် အသားအရေ စိုပြည်ပြီး အပူဓာတ် ရတယ်လို့ ဆိုတယ်။
ရိုးရာတိုင်းရင်းသားဆေးပညာရှု ထောင့်ကနေ ကျန်းမာရေးအတွက် တပို့တွဲလရဲ့ ရာသီစာ၊ ဓာတ်စာအဖြစ် သတ်မှတ်ကာ ရိုးရာပွဲတော်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆိုတယ်။

ဗေဒင်အရလည်း အုန်းသီး(တနင်္ဂနွေ)၊ ချင်း-ဂျင်း၊ ကောက်ညှင်း (တနင်္လာ)၊ ဆီ (အင်္ဂါ)၊ ရေ (ဗုဒ္ဓဟူး)၊ မြေပဲ(ကြာသပတေး)၊ သကြား (သောကြာ)၊ နှမ်း(စနေ)စတဲ့ ၇ နေ့ ၇ နံ စုပေါင်းထားတဲ့ အစာလို့ သတ်မှတ်တယ်။ အထက် ဗမာပြည်တော့ အစဉ်အလာအရ ထမနဲထိုးပြိုင်ပွဲတွေကို အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ အတီးအကတွေနဲ့ အားပေးကြတယ်။

ထားဝယ်ရိုးရာပွဲတော်တွေ အတော် များများကို ပြန်လည်ဖော်ထုတ်ပြီး မှတ် တမ်းတင်ဖို့ ကြိုးစားကြည့်ပါတယ်။ ထားဝယ်လို ဖျားမီးကန်ပွဲနဲ့ မှန်းနဲပွဲကို လေ့လာ မိသလောက် ရေးသားလိုက် တယ်။ လိုအပ်တာတွေကို ဖြည့်စွက်ဖို့လည်း တောင်းပန်ချင်တယ်။ သိချင်တာကို စိတ်ရှည်စွာနဲ့ မိန့်ကြားပေးတဲ့ ရှင်မုတ္ထီး တိုက်ကျောင်း ဆရာတော် ဦးဣန္ဒဝံသနဲ့ သံဃာတော်များ၊ လက်တွေ့သရုပ်ပြ၊ ရှင်းပြပေးတဲ့ ဦးထွန်းစိန် (ဥက္ကဋ္ဌ – ဂေါပက၊ ရှင်မုတ္ထီးဘုရားနဲ့အဖွဲ့ဝင်များ)၊ ရှင်မုတ္ထီး ရွာသူရွာသားများကို ကျေးဇူးတင် ပါတယ်။

ဆရာဇော်(စိတ်ပညာ)