မကြာခင် ပိုးစုန်းကြူးလေးတွေကို နှုတ်ဆက်ပါတယ်လို့ ခွဲခွာစကားဆို လမ်းခွဲရတော့မယ် ထင်ပါတယ်။ သူတို့ တွေ ကမ္ဘာကြီးပေါ်က တဖြည်းဖြည်း ပျောက်လို့နေပါပြီ။
မပြန်တဲ့လမ်းကို လှမ်းနေကြရတဲ့ ပိုးစုန်းကြူးလေးတွေဟာ တကယ်တော့ ကျွန်တော်တို့ ငယ်ဘ၀အချိန်တွေတုန်းက ဆိုရင် မှော်ဆန်တဲ့ သက်ရှိလေးတွေပါ။ အမှောင်ထဲ အနုမြူရောင် တလက်လက်နဲ့ ပျံနေတတ်တဲ့ ပိုးစုန်းကြူးလေးတွေကို တမေ့တမော ငေးကြည့်ရတာ၊ လိုက်ဖမ်း ပြီး ကိုယ်ရဲ့ လက်ကလေးထဲထည့် မီးလင်း လာတာကို ကြည့်ရတဲ့ အရသာမျိုး ဘာနဲ့ မျှ နှိုင်းပြလို့ မရအောင် လွမ်းမောစရာ အမှတ်တရပါပဲ။ ကျွန်တော်တို့ရဲ့ အိပ်မက် ကမ္ဘာငယ်လေးထဲကိုလည်း အမြဲလာလည် တတ်တဲ့ ဧည့်သည်တွေရယ်ပါ။ အမှောင် ထုထဲ တလက်လက်နဲ့ အနုမြူရောင် ပြပြ မှိတ်ချည်လက်ချည် ပျံနေတတ်တာ မို့ မြန်မာနာမည်ကိုက ပိုးစုန်းကြူးတဲ့။ စုန်း ဆိုတဲ့နာမည်လေး ဘာလို့များထည့် မှည့်ပါလိမ့်။ သည်နာမည်လေးကိုက ပဥ္စလက်ဆန်ဆန် မှော်ဆန်ဆန် နိုင်လှ လေရဲ့။ သိုးဆောင်းတွေကတော့ မီးပျံ လို့အနက်ကောက်လို့ရတဲ့နာမည်လေးရယ်၊ အလင်းဖူး (အပင်တွေရဲ့ ထွက်ပြူစ ပုရစ်ဖူးလေးက လင်းလက်နေတဲ့သဘော) လို့ အဓိပ္ပာယ်ကောက်လို့ရတဲ့ နာမည် လှလှလေးတွေ မှည့်ထားရဲ့။
ရာသီဥတုက ပိုပိုပူလာတာမို့ စမ်းရေ အေးအေးချိုးရင်း နေ့ရက်တွေကို ဖြတ် သန်းရ၊ ပျင်းစရာကောင်းလှတဲ့ အား လပ်ရက်တွေ၊ ကျောင်းပိတ်ရက်ရှည်တွေ ဆိုတာလေ ကြာလိုက်တာလွန်ပါရော။ ပြီးတော့မှောင်ရီတရောဆို တလက်လက် နဲ့သူတို့လေးတွေကို စတွေ့ရပြီ။ မြက်ခင်း တွေပေါ်ပျံဝဲ၊ တောအုပ် ချုံပုတ်၊ ချောင်း စပ်လေးတွေ အနား တဝဲဝဲနဲ့ ပိုးစုန်းကြူး လေးတွေ။ ဒါတွေဟာ နွေဂိမန္တရဲ့ သင်္ကေတ တစ်ခုလေ။ အာကာသထဲက ကြယ်လေး တွေ ကမ္ဘာကြီးဆီ ရောက်လာပြီး ပျံဝဲနေ သလိုလိုပါပဲ ပိုးစုန်းကြူးလေးတွေ ပျံနေ ပုံက သိပ်လှတာရယ်၊ ပြီးတော့ အလင်း စိမ်းစိမ်း တလက်လက်နဲ့ မှော်ဆန်လှ ပါသေးရဲ့။ အခုတော့ ပိုးစုန်းကြူးလေး တွေကို သိပ်မတွေ့ရတော့သလိုပါပဲ။ နွေရဲ့ညတွေ ပိုမှောင်သွားသလို ခံစားရ တယ်။ ပြီးတော့ နွေရဲ့ညတွေဟာ မှော်ဆန်မှုတွေ သိပ်နည်းသွားပြီပေါ့။
ပိုးစုန်းကြူးလေးတွေ အရွယ်ရောက် ရှင်သန်ရာ ဘူမိနက်သန်ကတော့ ရေအိုင်၊ ကန် အနီးအနား၊ မြက်ရိုင်းရှည်ရှည် အစိမ်းမြေ၊ ရွှံ့နုန်းတွေ ရှိတဲ့ ရေတိမ် တောလိုနေရာတွေပေါ့။ ပူနွေး စွတ်စိုတဲ့ ဥတုမျိုးမှာ ရှင်သန်ကြတာမို့ အီကွေတာ ဥတုမျိုးရှိတဲ့ အရပ်မှာ သူတို့ကို တွေ့ရ များပါတယ်။
သူတို့မှာ အခြားသော အင်းဆက် တွေနဲ့မတူ တမူထူးတဲ့ ကိုယ် တွင်းဇီ၀ ကမ္မဖြစ်စဉ်ကြောင့် အမြီးပိုင်း က အလင်းရောင်လေးတွေထုတ်နိုင်တာ အားလုံးအသိပါပဲ။ ဒါပေသိ ပိုးစုန်းကြူး မျိုးစိတ်တိုင်းကတော့ ဒီလို အလင်းထုတ် နိုင်တာမဟုတ်ပါဘူး။
အခုတော့ သူတို့လေးတွေဟာ လူ့ ပယောဂတွေကြောင့် အတိဒုက္ခရောက် နေရရှာပါတယ်။ ခန့်မှန်းခြေ မျိုးစိတ် ပေါင်း နှစ်ထောင်လောက်ရှိတဲ့ ပိုးစုန်း ကြူးလေးတွေဟာ နှစ်တွေ အတန်ကြာ ကတည်းက တဖြည်းဖြည်း အကောင်ရေ လျော့ကျလို့လာနေတယ်လို့ လောကဓာတ် သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ ဒီအကောင်လေးတွေ လျော့သွားလေတော့ သိပ်ရိုးစင်းပြီး စိတ်ကြည်နူးစရာကောင်း တဲ့ ပိုးစုန်းကြူးကို မြင်ရခြင်း၊ လိုက်ဖမ်း ရခြင်း ဆိုတဲ့ငယ်ဘ၀ အမှတ်ရစရာလိုမျိုး နောင်မျိုးဆက်တွေ ကြုံရဖို့ ခက်သွားပြီ။ ပြီးတော့ ပိုးစုန်းကြူးလေးတွေဆိုတာ ဆရာဝန်တွေနဲ့ သုတေသီတွေ အတွက် ရောဂါ လက္ခဏာ ရှာဖွေရေးအတွက် အဖိုးတန် ကိရိယာလေးပါပဲ။ ပိုးစုန်း ကြူးလေးရဲ့ အမြီးပိုင်းမှာတွေ့ရတဲ့ ဓာတု ပစ္စည်းတစ်မျိုးကို လူတွေရဲ့ ဆဲလ်ထဲ ထိုးထည့်လိုက်ပြီး သုတေသီတွေက ကင်ဆာလိုရောဂါမျိုး၊ ကြွက်သားတွေ အားနည်းလျော့ရဲတဲ့ ပြဿနာမျိုးကို ရှာဖွေခြေရာခံ နိုင်တယ်လို့ ဆိုပါတယ်။
ဘယ်သူမှတော့ ပိုးစုန်းကြူးတွေ ပျောက်ပျောက်လာတဲ့ အကြောင်းရင်းကို တိတိပပ မသိပေမဲ့ သုတေသီတွေကတော့ အဓိကအကြောင်းနှစ်ချက်ကို အပြစ်ဆို ကြတယ်။ အဲဒီနှစ်ချက်ကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အလင်းညစ်ညမ်းမှု ပါတဲ့။
ပိုးစုန်းကြူးမျိုးစိတ်အများစုက တော့ ငယ်ဘ၀မှာ သစ်ဆွေးတွေနဲ့ ကန်နံဘေး၊ စမ်းနံဘေးတစ်လျှောက်က ဒိုက်တွေ ထဲ ရှင်သန်ကြပါတယ်။ တချို့မျိုးစိတ် တွေကတော့ ရေထဲမှာ နေကြပေသိ အတော်များများကို ကွင်းတွေ၊ တောတွေ ရွှံ့နွံတွေနားမှာ တွေ့ရပါတယ်။ ယေဘုယျ ပြောရရင် သူတို့နေတဲ့ ဝန်းကျင်က ခပ်နွေးနွေး၊ စိုထိုင်းထိုင်းနဲ့ ရေနဲ့နီးတဲ့ အိုင်နား၊ ချောင်းနား၊ မြစ်နား လိုနေရာ တွေမှာပေါ့။
ပြဿနာကတော့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ကွင်းပြင်တွေ၊ သစ်တွေဟာ ရှင်းလင်း ခံနေရတယ်။ လူတွေရဲ့ တိုက်တာ အဆောက်အအုံ စက်မှုဇုန်တွေက နေရာယူ လာတယ်။ ဥပမာဆိုရရင် မြို့ပြနဲ့နီးတဲ့ ရေတိမ်တောလို ကွင်းတွေကို မြေဖို့ပစ်ပြီး အကွက်ရိုက်လို့အိမ်ရာ စီမံကိန်းတွေ လုပ်ကြတာမျိုးပါ။ ရေကန်၊ စိမ့်စမ်း ချောင်းရိုးတွေမှာလည်း လူတွေရဲ့ ဖွံ့ဖြိုးရေး အမည်တပ် လုပ်ငန်းတွေ၊ ဆူညံတဲ့ စက်လှေတွေက ဥဒဟို ဖြစ်လို့လာတယ်။ ဒီတော့ အင်းဆက်လေးတွေရဲ့ ဇာတိ ချက်ကြွေ စားကျက်မြေတွေဟာ အိမ်ရာ စီမံကိန်းအသစ်ချဲ့တာတွေ၊ သစ်ထုတ် တာတွေ၊ စိုက်ခင်း အသစ်ဖော်ထုတ်တာ တွေ၊ ပိုးသတ်ဆေး သုံးစွဲမှုများလာတာ တွေ စတာတွေကြောင့် ပျက်စီး ပျောက်ဆုံး ကုန်ရနေတယ်။
ပိုးစုန်းကြူးလေးတွေ အရောင် တလက်လက်တောက်တယ်ဆိုတာ သူတို့ အချင်းချင်းဆက်သွယ်ဖို့ လို့ဆိုပါတယ်။ အထူးသဖြင့် အဖိုနဲ့အမ သဘာ၀ ပိုးပန်း ကြရာမှာ အချက်ပြမီးလေးပေါ့လေ။ ဒီလိုနည်းနဲ့ သူတို့လေးတွေ ဇာတ်လမ်း တွေဖြစ်ကြ အိမ်ထောင်တွေကျကြပြီး မျိုးဆက်သစ် ကြူးကြူးလေးတွေကို မျက်နှာမြင်ကြပါတယ်။ အခုချိန်မှာတော့ လူတွေရဲ့ လျှပ်စစ်မီးရောင်တွေဖြစ်တဲ့ ယာဉ်တွေရဲ့ မီးရောင်တွေ၊ လမ်းမီးတွေ၊ အိမ်တွေ ဆိုင်တွေရဲ့ အလင်းရောင်က ပိုးစုန်းကြူးလေးတွေရဲ့ အချက်ပြ ဆက် သွယ်ရေး အလင်းလေးတွေကို လွှမ်းမိုး နှောင့်ယှက် လို့လာနေတာမို့ ပိုးစုန်းကြူး လေးတွေ အချင်းချင်း အဆက်အသွယ် တွေ လွဲလို့ ချစ်ခြင်းယှက်နွှယ် မေတ္တာ ဂဟေဆက်ဖို့ ခက်ခဲလာတာကြောင့် မျိုးဆက်သစ် ပိုးစုန်းကြူးလေးတွေ မပွား လာတော့ဘဲ တဖြည်းဖြည်း အကောင်ရေ လျော့ကျလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပိုးစုန်းကြူးလေးတွေဆိုတာ ကျွန်တော် တို့ လူသားတွေရဲ့ ဘ၀ နေ့ရက်အချို့ကို ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းလာတဲ့ အကောင်လေးတွေရယ်ပါ။ ငယ်ငယ်က ကျောင်းမှာ သင်ရတဲ့ ဆုံးမစာ ကဗျာ အချို့မှာတောင် ပိုးစုန်းကြူးလေးတွေက ပမာပုံနှိုင်းပြစရာ ချစ်စရာ သက်ရှိကလေး တွေဖြစ်ပါတယ်။ ဆေးပညာလေ့လာမှု တွေအရဆိုရင်လည်း သူတို့လေးတွေက ရောဂါရှာရာမှာ အကျိုးပြုပါသေးတယ်။ လူတွေကို ဒုက္ခတွေပေးလှတဲ့ အကောင် တွေထဲမှာလည်း မပါပါဘူး။ အစာကွင်း ဆက်အရဆိုရင် သူတို့လေးတွေဟာလည်း အခြားသော သက်ရှိတွေရဲ့ အစာအဖြစ် အရေးပါပါတယ်။ အခုတော့ ပိုးစုန်းကြူး လေးတွေ တဖြည်းဖြည်း ပျောက်ကွယ်နေပါပြီ။
နောင်အနာဂတ် ကလေးများရဲ့ ညတာတွေဟာ လူလုပ် အရောင်အဆင်း တွေ ဒြပ်ပစ္စည်းတွေနဲ့ပဲ ကုန်ဆုံးသွားရ မယ့်သဘောပါပဲ။ ညဦးယံမှာ အလင်းပျံ ပိုးစုန်းကြူးလေးတွေကို ကြည့်ရ၊ ငေးရ၊ လိုက်ဖမ်းရတဲ့ ရသမျိုး၊ သူတို့လေးတွေ သေသွားရင် အလင်းရောင်မထွက်တော့ မှာစိုးလို့ ဖွဖွလေးဖမ်းပြီး လက်သီးဆုပ် လေးထဲထည့်ပြီး ကြည့်ရတဲ့ ပျော်ရွှင်မှု မျိုး၊ အမှောင်ထုထဲမှာ တလက်လက် လင်းချည် မှိတ်ချည် သက်ရှိလေးတွေ ပျံနေတာကို တွေ့ရတဲ့ ရသမျိုး၊ ပိုးစုန်း ကြူးလေးတွေကို ထပ်မြင်ချင်လို့ ညအမှောင်ကို မျှော်ရတဲ့ ခံစားမှုမျိုး နောင်မျိုးဆက်သစ် ကလေးတွေ ရနိုင်ပါဦး မလားလို့ အတွေးနယ်ချဲ့နေမိပါရဲ့။
Dawei Watch