BREAKING
January 27, 2025

ဟွေးသွားတဲ့အခါ

January 26, 2025

စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ တချိန်က စာနယ်ဇင်းမှာရော၊ ရုပ်ရှင်တွေမှာရော ထင်ရှားခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ရှေးနန်းမြို့တော်ဟောင်း ဟွေး (Hue)ကို ရောက်သွားခဲ့တယ်။

စစ်ပွဲနဲ့ နိုင်ငံရေး ပဋိပက္ခတွေ အကြား နှစ်ပေါင်း ၄၀ လောက် ဗီယက်နမ်ကို ပြန်ခွင့်မရခဲ့သူ၊ နာတာရှည်ရောဂါနဲ့ စကားမပြောနိုင်တော့ချိန်မှာ သူသာသနာ့ဘောင်ဝင်ခဲ့တဲ့ ကျောင်းသိင်္ခမ်းကလေးမှာဘဝနေဝင်ချိန်ကိုကုန်ဆုံးခွင့်ရပြီး ထိုဝိဟာရမှာပဲ ခေါင်းချသွားခဲ့သူ၊ ကမ္ဘာကျော် ဇင်ဆရာတော်အရှင်သူမြတ်တပါးရဲ့ အမှတ်တရတွေရှိခဲ့တဲ့ ဟွေးမြို့ပေါ့။

ဟွေးဟာ ဗီယက်နမ်ရဲ့ အလယ်ပိုင်းမှာရှိတယ်။ တောင်နဲ့ မြောက် အကွဲအပြဲအက်ကြောင်း အကြီးကြီးရှိခဲ့တဲ့ နိုင်ငံမှာ ဟွေးဟာ တချိန်တုန်းကတော့ မြောက်ဗီယက်နမ်ရဲ့ တောင်ဘက်စွန်းကမြို့။

တောင်နဲ့မြောက် စစ်အားပြိုင်ခဲ့ကြတုန်းက တိုက်ပွဲကြီးတွေရဲ့ ဒဏ်ကို ခါးခါးသီးသီးခံခဲ့ရတဲ့အရပ်။

အခုတော့လည်း ဟွေးဟာ ဘယ်တုန်းကမှ အနိဋ္ဌာရုံတွေ မရှိခဲ့တဲ့ နန်းမြို့ဟောင်းလေးလို ရေမွှေးမြစ်ရေတွေနဲ့အတူ ခပ်ငြိမ့်ငြိမ့် စီးဆင်းနေသလိုပါ။

ရေမွှေးမြစ် နဲ့ မြစ်ကမ်းနံဘေးက နန်းတော်ရာဟောင်းကြီးရဲ့ မြင့်မားလှတဲ့အုတ်တံတိုင်း၊ ကျုံးနဲ့ ကင်းမျှော်စင်ကြီးပေါ်က ရှေးအမြောက်ကြီးတွေ နဲ့ ကြီးမားလှတဲ့ နိုင်ငံတော် အလံနီကြီးက ဒီမြို့ရဲ့ သင်္ကေတလို့ဆိုရမယ်။

နန်းတော်ရာကြီးဟာ သိပ်ကျယ်သလို ရှေးနန်းဆောင်တွေဟာလည်း အချိန်ကာလ ကြာညောင်းပေမဲ့ ဇရာအိုရဲ့အလှတွေရှိတုန်းပဲ။ ဗီယက်နမ်မင်းဆက်ဟာ ဟွေးမှာ အဆုံးသတ်သွားခဲ့တယ်။

ပဒေသရာဇ်တွေကို မုန်းလို့ အမျက်တော်ရှခဲ့တဲ့ ကွန်မြူနစ် အာဏာပိုင်တွေရဲ့ မျက်နှာလွဲခဲပစ် ဆက်ဆံရေးမျိုးကို နန်းတော်ရာကြီးနဲ့ နန်းမြို့ဟောင်းက လူတွေ ခံခဲ့ရဖူးသတဲ့။

ဒါ့တင်ဘယ်ကပါ့မလဲ။ အမေရိကန်ဗုံးကြဲ လေယာဉ်တွေ ကြောင့် ဟွေးရဲ့ အထင်ကရ အဆောက်အအုံတွေလည်း အများအပြား ပျက်စီးခဲ့သတဲ့။

အခုတော့လည်း ဟွေးနန်းတော်ရာဟောင်းကြီးကို အာဏာရကွန်မြူနစ်ပါတီ အစိုးရက ထိန်းသိမ်း ပြုပြင်လို့ ကမ္ဘာလှည့်ခရီးသွားတွေလည်ပတ်ကြတဲ့နေရာ၊ ဝင်ငွေရှာပေးတဲ့နေရာဖြစ်နေပါပြီ။ နန်းတော်ဝင်းထဲ လာလည်ကြတဲ့ အနောက်တိုင်းသား တိုးရစ်တွေအများကြီးတွေ့ရတာပါပဲ။

ဒါနန်းမြို့ရဲ့ မြောက်ဖက် ကားနဲ့ဆို နှစ်နာရီခရီးလောက်ပဲရှိတဲ့ ဟွေးဟာ အရှေ့တိုင်းက ခရီးသွားတွေကြားမှာတော့ ရင်ခုန်စရာမကောင်းတဲ့ မြို့အိုကလေးဖြစ်နေမလားပဲ။ ကြည့်လေ။ နေရာအတော်များများမှာ တရုတ်ဟန်၊ တရုတ်စာလုံးတွေနဲ့ ရေညှိတွေ အက်ကြောင်းတွေ၊ ဆေးမင်တွေ ပြယ်နေတဲ့ ဘုရားကျောင်းဆောင်တွေ၊ မုခ်ဦးတွေ၊ ဆိုင်းဘုတ်တွေပေါလှတယ်။

ရှေးလက်ရာ ကြိုက်ကြတဲ့သူတွေအတွက်တော့ ကြည့်စရာ၊ ခံစားစရာအပေါသား။ ဒါပေသိ ဒီရှေးလက်ရာတွေ အတော်များများက တရုတ်ဟန်ကဲတယ်။ ဒါကလည်း ဗီယက်နမ်ပြည်ဟာ နှစ်ထောင်ချီကြာ တရုတ်ရဲ့ လွှမ်းမိုးအုပ်ချုပ်မှုမှာ ရောက်ခဲ့တယ်ဆိုတာကို ပြနေတာပါပဲ။

အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ရောက်ရင် တရုတ်ဇာတ်ကားတွေထဲက မြင်ခဲ့ရတဲ့ နေရာ ကျောင်းတော်တွေနဲ့ ထပ်တူနီးပါးတူသလိုခံစားရရဲ့။

ပြင်သစ်ရဲ့ကိုလိုနီလည်းဖြစ်ခဲ့လေတော့ ဟွေးမှာလည်း ဥရောပဟန် ကိုလိုနီခေတ်လက်ရာတွေလည်းရှိသလို ကော်ဖီယဉ်ကျေးမှုလည်း တွင်ကျယ်တယ်။ လှတပတကဖေးဆိုင်တွေလည်းပေါ့ပ။

ဒါ့တင်ဘယ်ကမလဲ။ ပြင်သစ်တွေ မိတ်ဆက်ပေးခဲ့တဲ့ ပေါင်မုန့်တမျိုးဟာ အခုတော့ ဗီယက်နမ်ရဲ့ ဗမ္မီ (Bánh mì) ပေါင်မုန့်ပေါ့။ ပေါက်စီ၊ အီကြာကွေး၊ တို့ဖူး၊ ခေါက်ဆွဲအမျိုးမျိုး နဲ့ တူ ကိုအသုံးပြုတာကတော့ တရုတ်ရဲ့ ဟန်ဆိုမလားပဲ။

ဟွေးမှာလည်း သူ့ရဲ့ ကျော်ကြားတဲ့ ဟွေးအမဲခေါက်ဆွဲဆိုတာရှိတယ်။ ဗွန်ဗော့ဟွေး (Bún Bò Huê) လို့သိကြရဲ့။

အရသာကတော့ မြန်မာပါးစပ်နဲ့ မစိမ်းတဲ့အရသာလိုမျိုး။ ခေါက်ဆွဲဆိုပေတဲ့ ကိုယ်တွေဆီက မုန့်ဟင်းခါးဖတ်ထက် မဆိုသလောက်လေးပဲ ကြီးတဲ့ အဖြူရောင်ခေါက်ဆွဲအသေး။ အဲဒါကို နူးအောင် ပြုတ်ထားတဲ့ အမဲသား၊ အရည်နဲ့ စားတာပါပဲ။ ပူစီနံ၊ ပဲတီပင်ပေါက်၊ ခပ်ပါးပါးလှီးထားပေးတဲ့ ငှက်ပျောဖူး၊ မြင်းခွာရွက်နဲ့ အခြားမခေါ်တတ်တဲ့ အရွက်တွေနဲ့ ရောစားလို့ရပါတယ်။ အချဉ်ကြိုက်ရင်တော့ သံပုရာလေးစွက်ပေါ့။ ဗီယက်နမ်အလယ်ပိုင်း ဟွေးက အစားအသောက် အတော်များများက တောင်ပိုင်း ဆိုင်ဂုံ (ဟိုချီမင်းမြို့) ဖက်ကလိုမျိုး မချိုဘူးလို့ဆိုတယ်။ အချိုသိပ်မသုံးတဲ့သဘောပေါ့။

“ကျမဖြင့် ဆိုင်ဂုံဖက်က စားစရာတွေ မကြိုက်ပေါင်၊ ချိုလွန်းတယ်”လို့ မိတ်ဆွေ ဗီယက်နမ် အမျိုးသမီးက ပြောဖူးတာ သတိရတယ်။ သူက အလယ်ပိုင်းမှာ ကြီးတဲ့သူကိုး။

သူ့နာမည်က ငွင်သီလီ တဲ့။ တကယ်တော့ မြန်မာစာမှာ ရေးတဲ့အတိုင်းသာ သူ့နာမည်ကိုရေးရရင် ငုယင်သီလီလို့ ရေးရမယ်ထင်တယ်။ စာအုပ်တွေ သတင်းတွေမှာ (Nugyen) ကို ငုယင်လို့ရေးကြတော့ တကယ့်အသံထွက်နဲ့ ကွဲသပေါ့။ ထားပါတော့။

သူ့အဖေက ကွန်မြူနစ်ပါတီထဲက အရာရှိတယောက်ပဲ။ ဒီတော့လည်း သူတို့ မိသားစုဟာ ဘယ် ဘာသာမှ မကိုးကွယ်ကြတဲ့သူတွေ ဖြစ်ပါရော။ ဒီတော့ လီတို့ပဲ ဘယ်ဘာသာမှ ကိုးကွယ်တာ မရှိတဲ့ သူတွေဟာ ဗီယက်နမ်မှာ အများသား။

အထူးသဖြင့် ပါတီနဲ့ဆက်စပ်သူတွေပေါ့။ ဟွေးမြို့မှာတော့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးတွေ့ရသလို ခရစ်ယာန်ဘုရားကျောင်းတွေလည်း နေရာအနှံ့ရှိနေရဲ့။ မြို့ထဲမှာ ယေရှုခရစ်ရဲ့ အဖြူရောင်ရုပ်ထုကြီးတောင် တွေ့နိုင်သေးတယ်။

ဘာသာရေးအသင်းတော်တွေက လည်ပတ်နေနဲ့ သင်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေလည်းရှိရဲ့။ ဒါပေသိ နိုင်ငံကတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ထိလွယ်ရှလွယ်အခြေအနေလို့ သိသူတွေကဆိုကြပါတယ်။

တကယ်တော့လည်း ဗီယက်နမ်မှာ တကယ်ဖြစ်နေတဲ့ ပကတိ နိုင်ငံရေးအခြေအနေဆိုတာက သူ့နိုင်ငံသား လူသူလေးပါးက အလွယ်လေးဝေဖန် လေကန်လို့ရနေတာမဟုတ်ပြန်ဘူး။

အသက် ၂၀-၃၀ ဝန်းကျင်တန်း ဗီယက်နမ်မိတ်ဆွေရဲ့ ပါးစပ်က နိုင်ငံရေးစကားထွက်ခဲလှတယ်။ သူတို့လုပ်စရာရှိတဲ့ အလုပ်ကိုယ်စီနဲ့ အချိန်ပေးကြတာများတယ်။

အဲ.. ဒါပေသိ တောင်တရုတ်ပင်လယ်ကို သူတို့က အရှေ့ပင်လယ်လို့ ညွှန်းပြီး တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားတာကို တော့လည်း သူတို့ စိတ်ဝင်တစားနဲ့ ဆွေးနွေးတတ်တယ်။ ဒါကလည်း ဗီယက်နမ်ရဲ့ လူထုကြားက နိုင်ငံရေး ပုံစံ မူကွဲ တမျိုးဖြစ်မယ်ထင်တယ်။

ဟွေးမှာတော့ ဟွေးသူ ဟွေးသား ဟွေးစကား မူကွဲဟာ မြို့တော်ကြီး ဟနွိုင်းက မြောက်သံနဲ့ ကွာသတဲ့။ ဒေသိယ စကားပေါ့။ အလယ်ပိုင်းအသံလို့လည်းပြောတယ်။

သိသိသာသာကွဲတာက ဇ အသံနဲ့ ယ အသံ။ မြောက်ပိုင်းက ဇ အသံအချို့ဟာ ဟွေးဖက်မှာတော့ ယ အသံနဲ့ ထွက်တာမျိုးကြားရတယ်။ မျက်စိလည်စရာပဲ။

ဗီယက်နမ်အမျိုးသမီးရဲ့ ရိုးရာဝတ်စုံကို ‘အောက်ဇိုင်’ လို့ မြောက်ပိုင်းက ခေါ်တယ်။ ဒါဟာ ရုံးတော်ကြီးတွေစိုက်ရာ မြို့တော်ကြီးက စကားမို့ ဘောင်ဝင် တန်းဝင်ပေါ့။ အဲ ဟွေးတို့လို အလယ်ပိုင်းလည်းရောက်ရော ‘အောက်ဇိုင်’ ဟာ ‘အောက်ယိုင်’ ဖြစ်သွားတယ်။

သူ့အရပ် သူ့ဇာတ်ပေါ့။ ဒါပေသိ ပေါ့ပေါ့တော့မမှတ်ပါနဲ့။ ဟွေးမြို့မှာပဲ ခေတ်သစ်ဗီယက်နမ်ရဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ့် ကောင်လေး (Nguyen Tat Thanh) ဟာ လူတော်တွေသာ တက်ခွင့်ရတဲ့ ကျောင်းတကျောင်းမှာ လာတက်ခဲ့တယ်။

နောင်တော့သူဟာ ဟိုချီမင်း ဖြစ်လာတာပေါ့။ သူတက်ခဲ့တဲ့ကျောင်းကတော့အခုထိရှိဆဲ။ ငယ်ရွယ်တဲ့သူ့ပုံ ရုပ်ထုဟာ ကျောင်းဝင်းထဲမှရှိပါတယ်။ သူ့ရုပ်ထုတွေကတော့ မြန်မာပြည်က ဗိုလ်ချုပ်ရုပ်ထုလို နိုင်ငံ အနှံ့ပေါ့။

ကိုယ့်ဆီက မြန်မာတွေနဲ့ သိပ်တူတဲ့ အကျင့်လေးတွေ့ခဲ့တယ်။ လမ်းကိုလက်ျာဖက်ကနေမောင်းပြီး ကားရော၊ ဆိုင်ကယ်ရောကို ဟွန်းတွင်တွင်တီးလို့ အဆင်ပြေသလို ကြည့်ကျက်မောင်းတဲ့ အကျင့်ပဲ။

ဟွေးမှာ လမ်းဆုံ လမ်းလေးခွ သပ်သပ်ဆိုတာမျိုးထက် လမ်းခြောက်ခုဆုံ၊ ရှစ်ခုဆုံတွေပေါလို့ ယာဉ်တွေ လည်း မီးနီ မီးစိမ်း သိပ်ကြည့်နေကြပုံ မပေါ်။ အဲလိုပဲ ဟွန်းလေး တတီတီပေးပြီး အဆင်ပြေသလိုမောင်းကြတာကလား။

စက်ဘီးတွေရော၊ ဆိုက်ကားတွေရော၊ ဆိုင်ကယ်တွေရော၊ ကားတွေရော ဒီလိုပါပဲ။ နားလည်မှုစည်းပေါ့။ ထိုင်းလို နိုင်ငံမျိုးမှာ အနေကြာတဲ့သူတွေအဖို့တော့ ဟွေးမြို့ကလမ်းတွေပေါ်မှာ နားအူပြီး ရူးသွားနိုင်တယ် ထင်ရဲ့။

ဟွန်းသံတွေညံနေတဲ့မြို့အိုကြီးမှာ ဆရာတော် သစ်ညတ်ဟန်း (Thich Nhat Hanh)ခေါင်းချခဲ့ရာ ဝိဟာရကတော့ ဆိတ်ငြိမ်တောအုပ်လေးထဲမှာ တိတ်တဆိတ်နဲ့ပေါ့။ သူ့ကျောင်းကလေးကို အမြစ်ကျောင်း (root temple/ Từ Hiếu Temple) လို့ခေါ်ကြတယ်။

မြို့ပြနဲ့ ခပ်လှမ်းလှမ်းမှာရှိပြီး ဆိတ်ငြိမ်လှတယ်။ ဆရာတော်ရဲ့ အကြောင်းဟာလည်း မိတ်ဆွေ ဗီယက်နမ်တော်တော်များရဲ့ အကြားမှာ တိတ်တဆိတ်ပါပဲ။ အနှစ် ၄၀ နီးပါး ပြည်ဝင်ခွင့် အပိတ်ခံခဲ့ရတဲ့ အစိုးရရဲ့ အမျက်တော်ရှခဲ့သူတယောက်အကြောင်းက တိတ်တဆိတ် စိတ်ထဲထားရမယ့် ကိစ္စမဟုတ်လား။ မိတ်ဆွေတချို့ကတော့ ဆရာတော်ရဲ့ ဓမ္မတရားကို နာကြားကြသတဲ့။ တိတ်တဆိတ်နဲ့ ငြိမ်ငြိမ်သက်သက်ပေါ့လေ။

ဟော လူငယ် လူရွယ် လူလတ်ပိုင်းတွေအတွက် မငြိမ်သက်နိုင်တဲ့ ကိစ္စတွေလည်းရှိနေပြန်ကရော။ ပညာ နဲ့ စီးပွားတဲ့။ IELTS လို၊ TOEIC/ TOEFL လို အင်္ဂလိပ်ဘာသာစကားသင်တန်းတွေနဲ့ အီးဘာသာကျွမ်းရေးဟာ သူတို့ဆီမှာ နည်းတဲ့ ရေစီးကြောင်းကြီးလား။

ကလေး ၂ ယောက်ကနေ ၃ ယောက်လောက်အထိ ရှိနေတဲ့ မေမေ တွေနဲ့ ဆုံခဲ့တယ်။ အသက် ၃၀ တန်းတွေပေါ့။ သူတို့ အင်္ဂလိပ်စကားပြောသင်တန်းလာတက်နေကြတယ်။ ကလေးငယ်တဖက်၊ အလုပ်တဖက်နဲ့ ကျောင်းသူ မေမေတွေပေါ့။

ဆေးကျောင်းသူ၊ ဆရာဝန်၊ ရုံးဝန်ထမ်း၊ တက္ကသိုလ်ကျောင်းသူ/သား စသဖြင့် အရွယ်စုံ နောက်ခံအစုံက လူတွေ ပညာရေးနောက် ကြိုးစား ပမ်းစားလိုက်ကြလို့။ အင်္ဂလိပ်ဘာသာဟာ သူတို့ဘဝတိုးတက်ရေးအတွက် လှေကားထစ် တခုပဲလို့ဆိုရဲ့။

အသက် ၂၀ – ၃၀ တန်းမှာ အိမ်ထောင်ကျလို့ မိဘနေရာရောက်သွားကြပေသိ ကျောင်းသူ/သားတွေအဖြစ်နဲ့ ကြိုးစားသင်ယူတုန်း။ ပညာ နဲ့ ဥစ္စာရဖို့ ပြိုင်ရတဲ့ ပြိုင်ဆိုင်မှုကလည်း ကြီးဟန်တူတယ်။ ကြီးဆို လူဦးရေကလည်း သန်း ၁၀၀ ဝန်းကျင်ဖြစ်လာပြီ။

ဟွေးလိုမြို့မှာလည်း ကလေးပိစိနဲ့ ကိုယ်ဝန်ဆောင်မိခင်များကလည်းပေါပ။ မိတ်ဆွေထဲမှာလည်း အရွယ်ကောင်းတုန်း အိမ်ထောင်ပြု ကလေးယူ ဆိုတဲ့ အလေ့အထကလည်းအားသန်ကြတာတွေ့ရတယ်။ ရုန်းကန် ကြရတာပေါ့။

မီးပွိုင့်တွေမှာ စက်ဘီးအိုလေးရပ်လို့၊ ကော်ဖီဗူးအဟောင်းအဖော်ပြုရင်း ထိုင်ခုံအဟောင်းလေးမှာ အထိုင်ချ ခမောက်လေးဆောင်းလို့ ထီရောင်းနေကြတဲ့ ဇရာထောင်းလူစုကလည်း ရုန်ကန်းရခြင်း ပြယုဂ်တခုပေါ့။

ဒီရုန်းကန်မှုတွေကြားမှာပဲ နိစ္စဓူဝ ကူးခတ်နေကြရတဲ့မိတ်ဆွေဆီက ကွန်မြူနစ်ဝါဒ ဒေသနာတွေအကြောင်း တခါမျှ မကြားခဲ့ဖူးဘူး။

ဆိုရှယ်လစ်နိုင်ငံကြီးရဲ့ အရွေ့တွေအကြောင်း စကားမဟဖြစ်ခဲ့ကြဘူး။ မြို့ရဲ့ နေရာတကာမှာတော့ တူ တံစဉ် ပါတီအလံနဲ့ နိုင်ငံတော်အလံကတော့ နီနီစွေးစွေးနဲ့ တလူလူလွင့်လို့ပေါ့။ မြန်မာပြည်ဘယ်နေမှန်းသိပ်မသိတဲ့ ဗီယက်မိတ်ဆွေများကို ကိုယ်တွေဆီက အသက်လောင်းကြေးထပ် ရုန်းကန် တော်လှန်နေရကြောင်းတွေတော့ဖြင့် ရှင်းပြရတာ ခပ်ခက်ခက်ရယ်။

ရန်ကုန်လိုမြို့ပြကြီးမှာတောင် မီးနပ်မှန်အောင် မရတဲ့အကြောင်းဟာ သူတို့အတွက် အထူးအဆန်းလိုဖြစ်နေပုံရတယ်။

အရာရာနောက်ပြန်သွားနေတဲ့ ကိုယ်တို့ ကမ္ဘာလေးက ရုန်းကန်ရမှုတွေနဲ့ ဈေးကွက်စီးပွားစနစ်ရေစီးကြောင်းထဲ အရှိန်နဲ့ ကူးနေကြရပြီဖြစ်တဲ့ သူတို့ကမ္ဘာက ရုန်းကန်ရမှုတွေဟာ ဘယ်တူနိုင်ပါ့မလဲ။

ငုယဉ်ခိုင်

No related posts found.