လောင်းကစားဝိုင်းများသည် စစ်ကောင်စီထိန်းချုပ်ဒေသတို့တွင် ပေါ်ပေါ်တင်တင်ပြုလုပ်နေကြသည်မှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းကပင်ဖြစ်သည်။
သို့သော် အာဏာသိမ်းကာလ လေးနှစ်ထဲဝင်လာချိန်တွင်မူ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်ဒေသများတွင်ပါ လောင်းကစားဝိုင်းများ တွင်ကျယ်လာနေသည်။
ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်တို့တွင် နတ်ပွဲအကြောင်းပြကာ လောင်းကစားဝိုင်းများ ရွာတိုင်းနီးပါးတွင် ပေါ်ပေါ်တင်တင် ပြုလုပ်လာကြသည်။
ထိုလောင်းကစားဝိုင်းများမှာ ပျော်တမ်းအဆင့်မဟုတ်တော့ဘဲ ငွေကျပ်သိန်းဆယ်ချီ၊ ရာချီအထိ ကြေးကြီးလာခဲ့သည်။
နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြသည့် နောက်ကွယ်တွင် တော်လှန်ရေးတပ်ဖွဲ့အချို့ ပါဝင်ပတ်သက်နေကြသည်ဟု ဝေဖန်သံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့အချို့ကမူ ယင်းပြောဆိုချက်များအပေါ် ငြင်းဆိုထားကြသည်။
အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိမူ တော်လှန်ရေးတပ်ဖွဲ့တို့သည် လောင်းကစားပြုလုပ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည့်အပြင် လောင်းကစားဝိုင်း ပြုလုပ်နေသည်ကို သိရှိပါက သေနတ်ပစ်ဖောက် သတိပေးခြင်း၊ ဖမ်းဆီးပြီး ဒဏ်ငွေဆောင်စေခြင်း၊ ရိုက်နှက်ဒဏ်ပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။
အာဏာသိမ်းကာလ လေးနှစ်ထဲဝင်လာသည့် ယခု ၂၀၂၅ နှစ်စပိုင်းတွင်မူ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ဒေသတို့တွင်ပါ လောင်းကစားဝိုင်းများ ခေါင်းပြန်ထောင်လာသည်မှာ ငြင်းမရနိုင်သည့် အချက်ဖြစ်သည်။
ထိုကဲ့သို့ လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာခြင်းနှင့်အတူ စီးပွားပျက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်း၊ မိသားစုများ ပြိုကွဲခြင်း၊ ခိုးဆိုးလုနှိုက်မှု များလာခြင်း စသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတို့လည်း ကပ်ပါလာခဲ့သည်။
ထိုကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် လောင်းကစားဝိုင်းများပေါ်လာကြပုံနှင့် နောက်ဆက်တွဲအခြေအနေများကို သိနိုင်စေရန် ဒေသခံများကို မေးမြန်းဖော်ပြလိုက်ပါသည်။
“(ထိုးသားတွေက)ဘဝပျက်သွားကြတယ်။ ဒိုင်တွေနဲ့ ပေါလီ၊ အလန်ရှူးတွေကပဲ ငွေထုပ်ပိုက်ပြီးပြန်သွားတာ”
ထားဝယ်မြို့နယ် ၊ သပြေချောင်းရွာက လူငယ်တစ်ဦး
DW ။ အကို ရွာက လောင်းကစားဝိုင်းကို ဘယ်နှစ်ခေါက်လောက်ရောက်ဖူးလဲ။
ဖြေ ။ လေးကြိမ်လောက်ရောက်ဖူးတယ်။
DW ။ ဘာတွေမြင်ခဲ့ရလဲ။ ပြောပြပေးပါလား။
ဖြေ ။ အစုံပဲ ကြက်ဝိုင်း ၊ လေးပြား ၊ နီထောင် အားလုံးရှိတယ်။ လူလည်းတော်တော်စည်တယ်။ ကျွန်တော် တစ်ခါရောက်တုန်းကဆို စနေ ၊ တနင်္ဂနွေဆိုတော့ ကြက်ဝိုင်း ပါတယ်။ လူက ဆိုင်ကယ်ထားမယ့်နေရာတောင်မရှိဘူး။
DW ။ လာကစားကြတာ ဘယ်ကတွေလဲ။
ဖြေ ။ ထားဝယ်ခရိုင် ၊ လေးမြို့နယ်ထဲကပဲများတယ်။
DW ။ အကိုတို့ရွာမှာ လောင်းကစားဝိုင်းက အရင်ကတည်းက ရှိတာလား။ ဘယ်ကနေရောက်လာတာလဲ။
ဖြေ ။ ပုံမှန် နှစ်တိုင်း ၂ လပိုင်း( ဖေဖော်ဝါရီလ) ဆို နတ်ပွဲရှိတယ်။ နတ်ပွဲမှာကစားဝိုင်းပါတယ်။ အခုနှစ်က စောပြီးရောက်လာတယ်။ ကနိုင်းဒါမှာ တန်ဆောင်တိုင်ဘုရားပွဲကာလက (လောင်းကစားဝိုင်းကို PDF တွေ) ဝင်ဖမ်းလိုက်တော့ ကျွန်တော်တို့ရွာဘက်မှာ လာလုပ်နေတာ။ အရင်ကထက်ပိုကြာတယ်။
DW ။ ဘယ်လောက်ကြာပြီလဲ။ အခုထိရှိသေးလား။
ဖြေ ။ ၁၁ လပိုင်းကနေ အခုနှစ်ဆန်းလောက်အထိ လုပ်ခဲ့တယ်။ တစ်လကျော်ကျော်ကြာတယ်။ အခုက လောင်းကစားဝိုင်းအကြောင်း လူပြောသူပြောများလာလို့ နောက်တစ်နေရာကို ရွှေ့သွားပြီ။ ထားဝယ် ကျောက်မော်ကြီး (ရပ်ကွက်) ဘက်ကို ရွှေ့ထားတယ်။ အဲဒီဝိုင်းလည်း တော်တော်စည်တယ်။ ၂ လပိုင်း နတ်ပွဲကာလရောက်ရင်တော့ ရွာမှာ လောင်းကစားဝိုင်း ပြန်လာလုပ်မယ်လို့ ကြားတယ်။
DW ။ တစ်လကျော်အကြာ လောင်းကစားဝိုင်း လုပ်လိုက်တော့ ရွာထဲမှာဘာတွေပြောင်းလဲသွားလဲ။
ဖြေ ။ ဘဝပျက်သွားကြတယ်။ အိမ်တွေ စီးပွားတွေ ပြုတ်ကျတယ်။ ဒိုင်တွေနဲ့ ပေါလီ၊အလန်ရှူး(ဒိုင်ကမွေးထားသည့်ကစားသမား) တွေကပဲ ငွေထုပ်ပိုက်ပြီးပြန်သွားတာ။ နောက်ထပ်အဆင်ပြေတာက ငွေတိုးချေးသမားပဲ။ ကျွန်တော် တစ်ခါရောက်တုန်းကဆို ဝိုင်းထဲမှာတင်ပဲ ငွေတိုးချေးသမားက ရှိနေတာ။ သူက ဆိုင်ကယ်တစ်စီး ဆယ်သိန်းနဲ့ပေါင်မယ်ဆိုရင် ၉ သိန်းပဲပေးတယ်။ တစ်ခါတည်း အတိုးဖြတ်ခဲ့ပြီးသား။ အတိုးလည်းကြီးတယ်။ အဲလိုအတိုးကြီးမှန်းသိနေလည်း ငွေမျောငွေနဲ့လိုက်သလိုပဲ လောဘဇောနဲ့ ပေါင်ကြ ဆုံးကြတာ မျက်မြင်ပဲ။
ရင်းရင်းနီးနီး ထဲကဆို အမျိုးသမီး နှစ်ယောက် လုံးဝဘဝပျက်သွားတယ်။ အရင်က သူတို့က လောင်းကစားမလုပ်တတ်ကြဘူး။ ရွာကို ဝိုင်းရောက်လာတော့ နေ့ခင်းဘက် အားပြီဆိုရင် ဝိုင်းကိုပဲသွားတယ်။ ကျွန်တော်တို့ကလည်း သတိပေးပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အရာမို့ အပျော်သဘောပဲဆော့လို့ ပြောပြတယ်။
သူတို့ကလည်း သူတို့ထိုးစရာမလိုဘူး သူတို့ကိုထိုးပေးမဲ့လူ ရှိတယ်ဆိုပြီးသွားကစားတယ်။ အခုနောက်ဆုံးက တစ်ယောက်ဆို ကိုယ်ပိုင်စီးပွားရေး ကွမ်းယာဆိုင်က သူ့မိဘလာထိန်းပေးထားလို့ ကျန်သေးတယ်။ အိမ်တွေယာတွေတော့ ငွေတိုးသမားဆီမှာ အားလုံးဆုံးသွားပြီ။ နောက်တစ်ယောက် သူ့ယောက်ျားက မလေးရှားမှာ အလုပ်လုပ်စားနေတော့ အိမ်တွေယာတွေတော့မပြုတ်ပေမယ့် အကြွေးပတ်လည်နဲ့ ဖြစ်နေတယ်။ သူ့ယောက်ျားပို့သမျှ အကြွေးဆပ်ဖို့ပဲ ရနေတယ်။ အဲဒါက သိသလောက်ပဲရှိသေးတယ်။
တချို့တွေ လောင်းကစားကြွေးထူလို့ ရှမ်းဂမ်(ထိုင်းနိုင်ငံ) ထွက်ပြေးသူတွေလည်း အများကြီးပဲ။ အဓိက ဘဝပျက်ကြတာ လေးပြားကစားသူတွေ ပိုဆိုးတယ်။ ကြက်သမားက သိပ်မထိဘူး အပျော်ပဲ။ ဒါပေမဲ့ တစ်ခါတလေ ကြက်လည်း ရှုံးရင် ထိတာပဲ။
DW ။ အကိုရော ဘယ်လောက်ရှုံးဖူးလဲ။
ဖြေ ။ ကျွန်တော်တို့က လူစည်လို့သွားကြည်တာလောက်ပဲ။ အများကြီးကစားဖို့လည်း ပိုက်ဆံ မရှိဘူးလေ။ ရှုံးလည်း (ကျပ်)တစ်သောင်း၊ နှစ်သောင်းထက်မပိုဘူး။ လောဘကို မနိုင်ရင်တော့ ကစားဝိုင်းတွေအနား သွားကို မကြည့်တာကောင်းတယ်။
DW ။ လောင်းကစားဝိုင်း တွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ အပျော်ဆိုပေမယ့် အပျော်မှာရပ်နေတာမျိုး မဟုတ်ဘူးလေ။ အပျော်ကနေ အပျက်ဖြစ်ကြတာပဲ။ လူတွေ ဘဝနစ်မွန်းတယ်။ မလုပ်တာအကောင်းဆုံးပဲလို့ မြင်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ဘယ်အချိန်ကိုယ့်အိမ်ကို လာခိုးမလဲ လာဖောက်မလဲလို့။ စိုးရိမ်နေရတာပေါ့”
ကဘင်းရွာသားတစ်ဦး၊ ကျောက်ဖျာကျေးရွာအုပ်စု၊ မြိတ်မြို့နယ်
DW ။ အစ်ကိုရဲ့ အနီးအနားပတ်ဝန်းကျင်မှာ လောင်းကစားပြုလုပ်တာတွေ ဘယ်လိုအနေအထားရှိလဲ။
ဖြေ ။ လောင်းကစားပြုလုပ်တာကတော့ရှိနေတာပဲ။ အမယ်(အမျိုးအစား)တွေတော့ များလာတယ်။ ရပ်ထဲရွာထဲမှာ လူဦးရေ နည်းလာတာရယ် ကုန်ဈေးနှုန်းတက်လို့ ငွေကြေးချိန်ဆနေကြရတာ။ အရင်ကလောက် ငွေကြေးတွေ သိပ်အများကြီး လောင်းကစားလုပ်တာတော့ မတွေ့ရဘူး။
DW ။ ဘယ်လိုလောင်းကစားဝိုင်းတွေက ပတ်ဝန်းကျင်မှာအများဆုံးရှိလဲ။
ဖြေ ။ ရွာဘက်မှာတော့ အဓိကကြက်ဝိုင်းရှိမယ်။ ပြီးတော့ ရှမ်းထီ(သုံးလုံး)၊ ဘောလုံးပွဲ၊ စလော့ဂိမ်းပါ။ နှစ်လုံးထီ ကတော့ ရွာတိုင်းမှာ ထိုးလို့မရဘူး။မြို့ပေါ်နဲ့ လိုင်း(online)ပေါ်ပဲထိုးကြတယ်။ ကြက်ဝိုင်းကတော့ ကြေး (လောင်းကြေး)တော်တော်ကြီးတယ်။ မြို့ပေါ်နေတဲ့လူတွေကပဲ လာလောင်းကြတာ။ ရွာတွေကလူတွေတော့ တစ်နိုင်တစ်ပိုင်ပဲ လောင်းကြတယ်လေ။ ရှမ်းထီ(သုံးလုံး)က ရွာတိုင်းနီးပါး လုပ်နေကြတာပဲ။
DW ။ လောင်းကစားတာတွေ များပြားလာတော့ ရပ်ထဲရွာထဲဘယ်လိုသက်ရောက်မှုတွေရှိလဲ။
ဖြေ ။ ရပ်ရွာထဲမှာတော့ လောင်းကစားလုပ်တဲ့သူလည်းရှိသလို မူးယစ်ဆေးရောင်းဝယ်နေတဲ့ သူတွေလည်းရှိတယ်။ အရင်ကရွာတွေမှာ ခိုးမှုဆိုတာကြားရခဲတယ်။ အပျောက်အရှဖြစ်ရင်တောင် တခြားရပ်ရွာကလာခိုးတာပဲ ကြားဖူးတယ်။ ဟိုနှစ်လလောက်က ရွာမှာဆိုင်ကယ်တွေ ပျောက်တယ်။ရွာထဲက လူငယ်တချို့လောင်းကစားနဲ့ မူးယစ်ဆေးဝါးကြောင့် ခိုးကြတယ်လို့ကြားရတယ်။ ဖမ်းမိသွားလို့ပေါ်သွားတာ။ ထောင်သုံးနှစ်ကျသွားတယ်။ အခုနောက်ပိုင်း လိုင်းပေါ် (online)မှာလည်း လောင်းကစားအများအပြား လုပ်လာကြတယ်။
DW ။ ရပ်ထဲရွာထဲ နေထိုင်သူတွေကရော လောင်းကစားဝိုင်းတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေရှိနေလား။
ဖြေ ။ လောင်းကစားဝိုင်းရှိတဲ့နေရာ အများစုတော့ အပျောက်အရှတွေ၊ လုယက်တာတွေရှိတာတော့အမှန်ပဲ။ တစ်ခါပျောက်သွားတာ၊ လုယက်ခံရတာတွေဖြစ်ဖူးရင် ကြောက်နေရတာ။ ဘယ်အချိန်ကိုယ့်အိမ်ကို လာခိုးမလဲ လာဖောက်မလဲလို့ စိုးရိမ်နေရတာပေါ့။ လောင်းကစားသမားတို့ မူးယစ်ဆေးသမားတို့ဆိုတာ ငွေလိုရင်ရတဲ့နည်းနဲ့ကြံကြတာလေ။
DW ။ အခုလိုဖြစ်ပေါ်နေတဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘယ်လိုလုပ်ဆောင်မှုတွေရှိနေလဲ။
ဖြေ ။ ကျွန်တော်တို့ရွာတွေက ကျွဲကူး(ရွာ)အပိုင်တွေ။ ကျွဲကူးရဲစခန်းမှူးက အကုန်ထိန်းထားတာ။ ကြက်ဝိုင်း၊ ရှမ်းထီ(သုံးလုံး)၊အရက်ဆိုင်တွေ အကုန်လုံးက လစဉ်ကြေး သူ့ကိုပေးရတာပဲ။ တိုင်တဲ့သူတွေရှိလာရင်တော့ လှမ်းသတိပေးလိုက်တာလောက်ပဲရှိတယ်။ ဖမ်းတာဆီးတာမရှိဘူး။ မြို့ပေါ်ကလာဖမ်းရင်တော့ သူလည်း မတတ်နိုင်တော့ဘူး။ ဒဏ်ကြေးတွေ ဆောင်ကြရတယ်။ ပြီးရင်နေရာပြောင်းပြီး ထပ်လုပ်ကြတာပါပဲဗျား။
DW ။ ကျေးဇူးတင်ပါတယ်။
“ချေးထားတဲ့ ပိုက်ဆံတွေရှိရင် ရှိတာရောင်းချပေး။ မပေးနိုင်တဲ့သူတွေကတော့ လင်းမယာရန်ဖြစ်ကြတာတွေလည်း ရှိတယ်”
လောင်းလုံးမြို့နယ်က အမျိုးသမီးတစ်ဦး
DW ။ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းတွေ ဘယ်လိုလုပ်နေကြတာလဲ။
ဖြေ ။ ဘယ်လိုလုပ်နေလဲဆိုတော့ နတ်ပွဲနေ့မှာတစ်ရက်ပဲလုပ်တာလည်းရှိတယ်။ သုံးရက် လုပ်တာလည်းရှိတယ်။ နေ့ရောညရော မီးစက်တွေနဲ့ လုပ်တာလည်းရှိတယ်။ တစ်ရွာနဲ့တစ်ရွာတော့မတူဘူး။ လုပ်တာကတော့ ရွာတိုင်းနီးပါးပဲ ဒီနှစ်မှာလေ။
DW ။ လောင်းကစားဝိုင်းတွေက အပျော်တမ်းမဟုတ်တော့ဘဲ ငွေကျပ်သိန်းဆယ်ချီနဲ့ လုပ်နေကြလို့လည်းကြားရတယ်။ အဲဒီအခြေအနေပြောပြပေးပါ။
DW ။ ဖဲဝိုင်းမှာတော့ ကြေးတော်တော်ကြီးတယ်။ အစပိုင်းတုန်းကတော့ တစ်ထောင်နှစ်ထောင်လောက်ပဲ။ နောက်မှာ လောင်းကစားသီးသန့် လိုက်နေတဲ့သူတွေ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဘဲနဲ့ အဲဒီမှာ ကြေးကြီးသွားတာ။ ဘယ်လောက်အထိလဲဆိုရင် တစ်ခါထိုးရင်ကို (ကျပ်) ငါးသိန်း၊ ဆယ်သိန်း၊ သိန်းနှစ်ဆယ်အထိ ထိုးတာတောင်မြင်ဖူးတယ်။ တစ်ဝိုင်းတစ်ဝိုင်းမှာဆို ပိုက်ဆံတွေကို ဇလုံကြီးနဲ့ သိမ်းရတဲ့အထိပဲ။ ပိုက်ဆံဒီလောက်အထိ ပေါတယ်ဆိုတာ လောင်းကစားဝိုင်း သွားကြည့်မှပဲသိတော့တယ်။
DW ။ ကိုယ်တိုင်လည်း လောင်းကစားလုပ်တဲ့သူဆိုတော့ လောင်းကစားလုပ်တာ ရှုံးလား/ နိုင်လား။
ဖြေ ။ ရှုံးတော့ရှုံးတယ်။ နောက်ဆုံးနေ့မှာ နည်းနည်းပြန်ရလိုက်တယ်လေ။ အဲမတိုင်ခင်တုန်းကတော့ ဆယ်သိန်းလောက် အကြွေးတင်နေတာပေါ့။ ကျွန်မမှာကတော်သေးတယ် သူများတွေမှာဆို အရှုံးနဲ့ ရပ်လိုက်ရတာတွေရှိတယ်။ ဒီနေ့ရှုံးရင် နောက်နေ့ထပ်လိုက်မယ်ဆိုပြီး လုပ်ထားတဲ့သူတွေက အခုလိုမျိုး (လောင်းကစားဝိုင်းတွေ) ဖမ်းလိုက်တော့ ထပ်လိုက်လို့မရတော့ဘူးပေါ့နော်။ ချေးထားတဲ့ ပိုက်ဆံတွေရှိရင် ရှိတာရောင်းချပေး။ မပေးနိုင်တဲ့သူတွေကတော့ လင်းမယားရန်ဖြစ်ကြတာတွေလည်း ရှိတယ်။
DW ။ လောင်းကစားဝိုင်းတွေက တဖြည်းဖြည်းနဲ့ ပိုစည်စည်လာပြီးကြေးကလဲ များများလာတယ်။ အဲဒါဘာဖြစ်လို့လဲ။
ဖြေ ။ လောင်းကစားရဲ့ထုံးစံအတိုင်းပဲလေအဲဒါက။ ဒီထက်ပိုပြီး ကြာကြာပေးထားရင် (ကြေးပိုကြီးတဲ့) နီထောင်ဝိုင်းတွေပါဖြစ်လာမှာ။ မယုံရင် မဖမ်းပဲနဲ့ ပေးထားကြည့်။ တချို့တွေဆိုရင် နီထောင်အံ( နီထောင်အံစာတုံး) တွေကို အိတ်ထဲထည့်ပြီး သယ်လာကြတာ။ အဆင်ပြေတာနဲ့ ဝိုင်းတည်မှာသူတို့က အကြံနဲ့။
DW ။ လောင်းကစားဝိုင်းတွေက အရင်ကမရှိပါဘူး။ အခုကပေါ်ပေါ်တင်တင်လုပ်နေကြတာ ဘာဖြစ်လို့လဲ။
ဖြေ ။ အဲဒါကတော့ သိတဲ့အတိုင်းပဲလေ။ ပိုင်ရာဆိုင်ရာတွေကို ခွင့်တောင်းပြီး သူတို့ခွင့်ပြုမှ လုပ်ရဲတာ။ အဲလိုမဟုတ်ရင် ဘယ်သူကလုပ်ရဲမှာလဲ။ ပေါ်တင်ကြီးရွာတိုင်းမှာလုပ်နေကြတာသူတို့ (PDF) တွေ မသိပဲတော့နေမှာမဟုတ်ဘူး။ ဖမ်းတာဆီးတာလည်း မရှိဘူးဆိုတော့ သူတို့ခွင့်ပြုထားလို့သာပေါ့။ သူတို့ခွင့်မပြုရင် ဘယ်သူက ပေါ်တင်ကြီးလုပ်ရဲမှာလဲ။ (ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ လောင်းလုံးပကဖ ဒုတာဝန်ခံကို ဆက်သွယ်မေးမြန်းရာတွင်မူ လောင်းကစားဝိုင်းများကို ခွင့်ပြုထားခြင်း မရှိကြောင်း၊ ပကဖ၊ပအဖ များပါနေသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ စိစစ်ပြီး ပါနေသည်ကို တွေ့ပါက အရေးယူသွားမည်ဖြစ်ကြောင်း Dawei Watch ကိုပြောဆိုခဲ့သည်။)
DW ။ လောင်းလုံး ပကဖတပ်ဖွဲ့ကတော့ သူတို့ခွင့်မပြုထားဘူး။ အရင်ကလဲခွင့်မပြုဘူး။ အခုလည်း ခွင့်ပြုထားတာ မရှိဘူးလို့ပြောတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်တာရှိလဲ။
ဖြေ ။ သူတို့အဖွဲ့ခွင့်မပြုဘူးဆိုရင် အခြားအဖွဲ့က ခွင့်ပြုထားလို့နေမှာပေါ့။ ဒီမှာသူတို့အဖွဲ့တစ်ခုတည်းမှ မဟုတ်တာ။ သူတို့အချင်းချင်းတောင် ခွင့်ပြုတဲ့သူကပြုလို့ လုပ်တာတောင် ဖမ်းတဲ့သူကဖမ်းတာဆိုတော့ ဘယ်သူ့ကြောက်လို့ ကြောက်ရမှန်းတောင်မသိတော့ဘူး။ ဝိုင်းထောင်ဖို့ ဘယ်သူဆီမှာ ခွင့်တောင်းထားလဲသိချင်ရင် အခုလာမေး လိုက်ပြပေးလို့ရတယ်။ နာမည်နဲ့တကွ ပြောပြရတယ်။ ဘယ်အဖွဲ့ကို ထောက်ပို့လုပ်နေတဲ့သူလည်းဆိုတာ ပြောပြပေးလို့ရတယ်။ ကျွန်မကို ဘာမှမလုပ်ဘူးဆိုရင်( အန္တရာယ်မပြုဘူးဆိုရင်) အကုန်လုံးလိုက်ပြပေးရတယ်။
DW ။ ဘာပဲပြောပြော အခုကတော့ လောင်းလုံးပကဖ တပ်ဖွဲ့ကနေပြီး လောင်းကစားဝိုင်းတွေ ဖမ်းနေပြီဆိုတော့ အဲဒီအပေါ်ဘယ်လိုမြင်လဲ။
ဖြေ ။ သာဓုခေါ်ပါတယ်။ ဒါပေမဲ့ တစ်ခါပဲခေါ်ဦးမယ်။ ဘာဖြစ်လို့လဲသိလား။ ဘယ်လက်နဲ့ဖင် တစ်စေးတည်းမို့လို့ပဲ။
DW ။ ဖြေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။