ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာအနီးရှိ တော်လှန်ရေး တပ်စခန်းတစ်ခု စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မူးဒူးရွာအနီးရှိ တော်လှန်ရေး စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်သုံးဦး သေဆုံးသွားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
“နောက်တန်းကို ဝင်စီးခံရတာပါ ရဲဘော်ခြောက်ဦးအနက် သုံးဦးကျသွားတယ်။ အလောင်းကို သူတို့ မီးရှို့ခဲ့တယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။
ထိုသို့ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ငွေကျပ်သိန်း ၁၂၀ အပါအဝင် ၊ရွှေတစ်ကျပ်သားနှင့် ဖုန်း ၅ လုံးခန့်ကိုလည်း ယူသွားခဲ့ကြောင်း ၎င်းကဆိုသည်။
“စခန်း တိုက်ခိုက်ခံရချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းရှိတယ်။ သူတို့ကို ကျတော့ ပြန်လွှတ်ပေးခဲ့တယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် မူးဒူရွာမှ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများကပြောသည်။
ထိုစစ်ကြောင်းမှာ အသက် ၁၄ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း တော်လှန်ရေးရဲဘော်များကဆိုသည်။
အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ ရေလမ်းမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်ရောက်ရှိလာကာ အနီးဝန်းကျင်ကျေးရွာများကို တပ်ဖြန့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
မူးဒူးဒေသခံအချို့မှ ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့နံနက်ပိုင်းအထိ နေရပ်မပြန်နိုင်ကြသေးဘဲ နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။