BREAKING
January 20, 2025

အဖမ်းခံထားရသည့် ကျောက်နီမော်ဒေသခံ အမျိုးသမီးနှစ်ဦးပြန်လွတ်

January 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ အမျိုးသမီးနှစ်ဦး မနေ့(ဇန်နဝါရီ ၂၅)ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူအချို့၏ ပြောပြချက်အရ သိရသည်။

အသက် ၄၅ နှစ်ခန့်ရှိ ကျောက်နီမော်ရွာသား ကိုဇော်ဦး၏ နေအိမ်ကို ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိပ်ပိတ်စဉ် ဘေးအိမ်တွင်နေသည့် အမျိုးသမီးနှစ်ဦးကိုပါ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ဦး၏ အမဝမ်းကွဲတော်စပ်သူ အသက် ၄၇ နှစ်ခန့်ရှိ ဒေါ်စန်းမူနှင့် အိမ်နီးချင်းဖြစ်သူ အသက် ၂၀ ကျော်အရွယ် မအိအိထွေးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်ကြာ စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ပြန်လွတ်ပြီ မနေ့ညနေကပြန်လွတ်တယ်။ ရိုက်နှက်ထုထောင်းတာတော့မရှိပါဘူး။ ဖမ်းပြီး စစ်ဆေးမေးမြန်းတာလောက်ပဲတဲ့” ဟု ၎င်းက ပြောသည်။

ဆန္ဒပြချိန်က ရိုက်ထားသည့် ဓာတ်ပုံများကို ဖုန်းထဲတွင် တွေ့သဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ကိုဇော်ဦးအကြောင်းများကိုလည်း မေးမြန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

အသက် ၄၅ နှစ်ခန့်ရှိ ကိုဇော်ဦးမှာ ပဲ့နင်းတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အခြားနေရာတွင် သွားရောက်ကာ အလုပ်လုပ်နေသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအချို့က ပြောဆိုသည်။