ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် တက္ကသိုလ်တက်နေသော မြန်မာကျောင်းသားတစ်ဦးသည် ယနေ့ ဇန်နဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် ငါးထပ်အဆောင်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကျော်ခိုင်အမည်ရှိ မြန်မာကျောင်းသားဖြစ်ပြီး ပထုံဌာနီခရိုင်ရှိ ရန်စစ်တက္ကသိုလ် စက်မှုပညာဌာနတွင် ပထမနှစ်တက်ရောက်သင်ယူနေသူဖြစ်ကြောင်း ရေးသားထားသည်။
လက်ဟွက့်ဒေသ အေပကျင်းလမ်းရှိ ငါးထပ်အဆောင်တွင် ယနေ့ နံနက် ၇ နာရီခန့်က အမြင့်မှ ပြုတ်ကျသံတစ်ခုကို ကြားရသဖြင့် သွားရောက်စစ်ဆေးရာ လူတစ်ဦးပြုတ်ကျကာ သွေးအိုင်ထဲလဲနေပြီး အသက်မရှူတော့သည်ကို အဆောင်လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့သဖြင့် မှုခင်းဆရာဝန်များ၊ အရေးပေါ်အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြုတ်ကျသူမှာ မြန်မာတက္ကသိုလ်ကျောင်းသားဖြစ်နေပြီး ဦးခေါင်းကွဲ၊ ခြေလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရေးသားထားသည်။
အခန်း၏ အနောက်ဖက် လသာဆောင်တွင် ၎င်း၏ ကြားညှပ်ဖိနပ်တစ်ရံကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းအပြင် သေဆုံးသူ၏ လက်ကိုင်ဖုန်းထဲတွင် မိသားစုဝင်များထံသို့ Line မှတစ်ဆင့် နှုတ်ဆက်စကားများ မက်ဆေ့ပို့ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဆက်လက်ဖော်ပြသည်။
စိတ်ညစ်သည့်အကြောင်းအရာများ လက်ရေးဖြင့် ရေးသားထားသည့်စာကိုလည်း သေဆုံးသူ၏ ကိုယ်ပေါ်တွင် တွေ့ရှိကြောင်းလည်း ဖော်ပြသည်။
အဆိုပါမြန်မာကျောင်းသားသည် ငါးလွှာအဆောင်တွင် တစ်ဦးတည်း အဆောင်ငှားရမ်းနေထိုင်သူဖြစ်သဖြင့် ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးသော်လည်း သတ်သေခြင်းဖြစ်နိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆနေကြောင်း သတင်းများတွင် ရေးသားသည်။
အခင်းဖြစ်ပွားရာနေရာ၏ သက်သေအထောက်အထားများ၊ မျက်မြင်သက်သေများနှင့် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီး ဖြစ်စဉ်အသေးစိတ်အကြောင်းအရာများကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ရဲတပ်ဖွဲ့ဘက် က ပြောကြောင်း ဖော်ပြသည်။
သေဆုံးသူ မြန်မာကျောင်းသား၏ ရုပ်အလောင်းကို မိသားစုဝင်များ ဘာသာရေးအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ထာ့မစတ်ဆေးရုံသို့ လူမှုကူညီရေးအဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Matichon Online, Thairath, Naewna