စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ထားဝယ်အရှေ့တောဒေသတွင် ဒီဇင်ဘာလ ၂၄ ရက်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော်တို့ KTLA တို့ နှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် KNLA တပ်ရင်း ၁၂ ထံက သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး နောက်တစ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြောက်ရက်အကြာ ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကြေးနန်းအရ ထိတွေ့မှုဖြစ်တယ်ဆိုတာလောက်ပဲ သိတယ်။ အသေးစိတ်တော့ မလာဘူး။ လိုရင်းတိုရှင်းမျှပဲ လာတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) ၊ KNLA တပ်ရင်း ၁၂ က တပ်ခွဲမှူး စောဘဦးသစ်က ဒီဇင်ဘာလ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားသည့် အခြေအနေကို အတည်ပြုပြောဆိုသည်။
ဒေသခံအချို့ကလည်း KNLA နှင့် KTLA တို့ ဝကုန်းရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုထပ်မံပွားသည်ဟု သိရှိရပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပကာရီကျေးရွာမှ ကျောက်မဲတောင်စခန်းဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းစထိုးနေချိန် ဒီဇင်ဘာလ ၁၉ ရက်နှင့် ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တို့တွင် ဟိန္ဒား၊ တောင်သုံးလုံး၊ အညာဖျား၊ ဝကုန်းရွာအနီးတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်တွင် ကော်သူးလေတပ်မတော် KTLA တပ်ရင်း (၃) ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေနှင့်အဖွဲ့က KNLA တပ်ရင်း (၁၂) တပ်ခွဲ (၄) က ဒုတပ်ခွဲမှူးစောဂျိုးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် အရှေ့တောအခြေစိုက် KNLA တပ်များက KTLA စခန်းများကို တိုက်ခိုက်သိမ်းယူကာ နယ်မြေရှင်းလင်းနေသည်။
ဒီဇင်ဘာလ ၁၉ ရက်က KNU နယ်မြေအတွင်းရှိ KTLA တပ်စခန်း ငါးခုကို KNLA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KTLA တပ်ဖွဲ့ဝင် ၁၄ ဦးကို အရှင်ဖမ်းမိသလို လက်နက် ၁၇ လက်သိမ်းဆည်းရရှိသည်ဟု KNLA တပ်ရင်းမှူးတစ်ဦးက ပြောဆိုထားသည်။
ဗိုလ်အယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်-KTLA သည် KNU က ခွဲထွက်လာသည့်တပ်ဖွဲ့ဖြစ်ပြီး အရှေ့တောဒေသအခြေစိုက် KNU/KNLA နှင့် အပြန်အလှန်ပစ်ခတ်မှု၊ လမ်းခရီးတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးမှု၊ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားကာ စစ်ရေးတင်းမာလေ့ရှိသည်။
လမ်းခရီးတွင် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် KNLA က အရာရှိများ၊ စစ်သည်များ သေဆုံးဒဏ်ရာရမှုများ ရှိသလို ပြန်လည်တိုက်ခိုက်ခံရမှုကြောင့် KTLA ဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။