ဂျပန်နိုင်ငံ၊ Saga စီရင်စုတွင် တစ်ဆောင်တည်းနေထိုင်ခဲ့သော အလုပ်တူ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြန်မာအလုပ်သင် အလုပ်သမား ကိုသူရကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြထားသည်။
ဂျပန်နိုင်ငံ၊ Saga စီရင်စု၊ Kamiyamadani တွင် အဆောင်တစ်ခုတည်း၌ အတူနေထိုင်သော မြန်မာအမျိုးသမီးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့၌ ကိုသူရ က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်ဟု သတင်းများကဆိုသည်။
လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသော အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးသည် လက်နှစ်ဖက်နှင့် လည်ပင်းတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများကို ရက်ပေါင်း ၂၀ ကြာမြင့်သည့်တိုင်အောင် ဆေးကုသမှုခံယူခဲ့ရသည်။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရသော အမျိုးသမီးသည် ဖြစ်စဉ်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ပြီး လက်ရှိတွင် တရားရုံးတော်က အမှုစစ်ဆေးကာ ပြစ်မှုကျူးလွန်ခဲ့သူ မြန်မာအလုပ်သင် အလုပ်သမား ကိုသူရ ကို ထောင်ဒဏ် ချမှတ်လိုက်ပြီဖြစ်သည်။
မွေးမြုရေးခြံတွင် အလုပ်သင်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသော အသက် ၂၇ နှစ်အရွယ် ကိုသူရကို ရုံးတင်စစ်ဆေးပြီးသည့်နောက်တွင် တရားရုံးတော်က အလုပ်နှင့် ထောင်ဒဏ် ၆ နှစ် ကျခံစေရန် ချမှတ်လိုက်ခြင်းဖြစ်သည်။
Source – NHK