ထိုင်း-မြန်မာနယ်စပ်တွင် ဝမ်းရောဂါကူးစက်ပြန့်နှံ့နေသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်ဘက်က နယ်စပ်လမ်းကြောင်း များကို တင်းတင်းကျပ်ကျပ်ပိတ်ထားချိန် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာသုံးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဝမ်းရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် တာခ့်ရိုင် မဲဆောက်နှင့် မယ်ရမတ်ဒေသများတွင် တရားမဝင် ဝင်ထွက် သွားလာ နိုင်သော နယ်စပ်လမ်းကြောင်းတစ်လျှောက်ကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက ပိတ်ဆို့ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများမရှိစေရေး ထိုင်းတပ်မတော်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က မဲဆောက်နယ်မြေ ထာ့စိုင်လွမ်ဒေသတွင် နယ်ခြားစောင့်စစ်သားများက ကင်းလှည့်နေစဉ် ထိုင်းအမျိုးသမီးတစ်ဦး မောင်းနှင်လာသော အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ ကြောင်း ဖော်ပြသည်။
ကားထဲတွင် ကျောပိုးအိတ်များနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ လိုက်ပါလာသဖြင့် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။
မြန်မာသုံးဦးစလုံးတွင် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများသည် အသက် ၁၈ နှစ်၊ ၂၁ နှစ်နှင့် ၅၃ နှစ်အရွယ်များဖြစ်ကြပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ၎င်းတို့ကို အမှုဖွင့်ထားကြောင်း သတင်းတွင် ရေးသားထားသည်။
ထိုင်းကားမောင်းသမားကိုမူ တရားမဝင် ဝင်ရောက်လာသူများကို ကူညီဆောင်ရွက်ပေးမှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီး လူ နှစ်ဦး သေဆုံးခဲ့ကာ ထိုင်းဘက်ခြမ်း မဲဆောက်တွင်လည်း မြန်မာနှစ်ဦး ဝမ်းရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ထိုင်းဘက်ခြမ်းက နယ်စပ် တာခ့်ခရိုင်ရှိ ဝင်ထွက်သွားနိုင်သည့် သဘာဝလမ်းကြောင်းများကို တစ်လ ယာယီပိတ်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သည်။
သို့သော် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် (၁) တံတားနှင့် အမှတ် (၂) တံတားတို့ကိုမူ ယနေ့ ဒီဇင်ဘာ ၂၅ ရက်အထိ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း နယ်စပ်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
Ref: Matichon Online, AEC Asean News