BREAKING
December 25, 2024

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

December 25, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။

အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံရောင်းနေသည့် မငယ်ငယ်နှင့် အမျိုးသမီးအခြားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့ဟုစွပ်စွဲကာ ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် အဆိုပါအမျိုးသမီးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း နီးစပ်သည့် မြို့ခံများက ဆိုသည်။

ဖမ်းဆီးပြီး သုံးလကျော်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ် ချမှတ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။

“အဓိက PDF ‌တွေကို ဆက်သွယ်တာ ထောက်ပို့လုပ်တဲ့ စွပ်စွဲချက်နဲ့ပဲပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးကို ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်အကျဉ်းချထားကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း အောင်မေတ္တာရပ်ကွက်က မနန်းရီနှင့် မမိုးခိုင်တို့ကိုလည်း အလားတူ စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုများ အထူးတင်းကျပ်ပြီး ဖမ်းဆီးမှုလည်းဆက်တိုက်လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်အတွင်း PDFနှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖမ်းဆီးခံရသူ ၂၀ဦး ထက်မနည်းရှိနေပြီး အချို့ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်ထားသလို ပြစ်ဒဏ်ချမှတ်ခံရသူလည်း ရှိနေသည်။

ရေးမြို့နယ်တွင်သာမက သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်အတွင်း၌လည်း PDF ကို ဆက်သွယ်ခြင်း၊ ထောက်ပံ့ ခြင်း စသည့်အကြောင်းပြချက်များဖြင့် စစ်ကောင်စီက ဒေသခံပြည်သူများကို ဆက်တိုက် ဖမ်းဆီးပြီး အများစုကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်။