ဒမတ်စကတ်မြို့ရဲ့ မြောက်ဘက် ၁၉ မိုင်အကွာ။
ထူးဆန်းတဲ့ ခြံဝန်းကြီးတစ်ခုဟာ ကူတေးဖာမြို့ပြင်တနေရာက ဖုန်ထူထူကားလမ်းမဘေးမှာ ငြိမ်ဆိတ်စွာ တည်ရှိနေတယ်။
ဘောလုံးကွင်းနှစ်ကွင်းစာမြေနေရာကို အုတ်တံတိုင်းခတ်ထားတဲ့ ခြံဝန်းကြီးဟာ လမ်းဘေးခွေးဟောင်သံတွေ ရံဖန်ရံခါ ထွက်ပေါ်လာတတ်တာကလွဲရင် မသတီစရာ တိတ်ဆိတ်နေတတ်တယ်။
ဘာရှာအာဆတ် မပြုတ်ကျခင်ကာလတုန်းက ဒီနေရာမှာ ကားရပ်လိုက်မိရင် စစ်သားတွေရောက်လာပြီး ဖမ်းခေါ်သွားလေ့ရှိတယ်။
စစ်သားတွေ ရောက်လာပြီးရင်တော့ အဲဒီလူကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။
သူတို့မြို့မှာ အင်မတန်ဆိုးရွားတဲ့အရာတစ်ခု ဖြစ်ပျက်နေတယ်ဆိုတာကို သိပေမယ့် ကူတေးဖာမြို့ခံတွေဟာ ဘာအသံမှ မထွက်ရဲ။
အာဆတ်ရဲ့ စစ်တပ်တွေ အမြဲတစေ တပ်ချထားတဲ့ ကူတေးဖာမြို့ဟာ ရောရုဝငရဲအလား အကြောက်တရားနဲ့ အကြောသေနေခဲ့ရတဲ့မြို့။
အာဆတ်လက်ထက်တုန်းက မြို့ပြင်က ခြံဝန်းကြီးထဲကို အအေးခန်းပါတဲ့ ထရပ်ကားကြီးတွေက ညဘက်တွေမှာ ရောက်ချလာတတ်တယ်။ ကားပေါ်က အအေးခန်းထဲမှာ လူသေအလောင်းပေါင်းမြောက်များစွာကို ငါးပိသိပ်ငါးချဉ်သိပ် သယ်ဆောင်လာတယ်။ စစ်သားတွေရဲ့ အတင်းအကျပ်စေခိုင်းမှုကြောင့် ဒီခြံဝန်းကြီးထဲမှာ မြေတူးခဲ့ရတဲ့ ဆီးရီးယားအမျိုးသားတစ်ယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြတယ်။
“မြေတွင်းလေးတွင်း တူးပြီးတဲ့နောက်မှာမှ ဒီနေရာဟာ ဘာလဲဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ဒီနေရာဟာ လူတွေ အများကြီးကို အစုလိုက်အပြုံလိုက်မြှုပ်ထားတဲ့ ဧရာမသင်္ချိုင်းကြီးပဲ”
မြေတူးခိုင်းတဲ့ စစ်သားတွေက “ဒါက စစ်ဘက်ဆိုင်ရာလုပ်ငန်း ဖြစ်တယ် ၊ ဘာမေးခွန်းမှ ပြန်မမေးနဲ့”လို့ သူ့ကို အမိန့်ပေးထားတယ်။ မြေကြီးထဲကနေ ထွက်လာနေတဲ့ ပုပ်အဲ့အဲ့အနံ့ဆိုးက မခံမရပ်နိုင်စရာ ဖြစ်လာတဲ့အချိန်မှာပဲ သူ နေ့တိုင်းမြေတူးနေရတဲ့ ဒီနေရာဟာ အာဆတ်ကို ဆန့်ကျင်တဲ့ လူပေါင်းမြောက်များစွာကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ဧရာမသင်္ချိုင်းကြီးတစ်ခုဆိုတာ သူသဘောပေါက်သွားခဲ့တယ်။
ဒီနေရာကို လူအစုလိုက်အပြုံလိုက် မြေမြှုပ်ထားတဲ့ ဧရာမသင်္ချိုင်းကြီးတစ်ခုဖြစ်အောင် အာဆတ်ရဲ့ စစ်တပ်က ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဖန်တီးခဲ့တယ်။
ဘာရှာအာဆတ် ရုရှားကို ထွက်ပြေးသွားပြီးနောက် ဆီးရီးယားအစိုးရအသစ်က ကူတေးဖာမြို့ရဲ့ ဒီခြံဝန်းကြီးဟာ အာဆတ်လက်ထက် အကြီးမားဆုံး ဧရာမသင်္ချိုင်းတွေထဲက တစ်ခု ဖြစ်တယ်လို့ ယူဆကြတယ်။
စစချင်းမှာတော့ ဒီခြံဝန်းထဲက အလောင်းတွေကို မြေမြှုပ်ရာမှာ တွင်းနက်နက်မတူးခဲ့ကြဘူး။ လမ်းဘေးခွေးတွေက မြေပုံတွေကို တူးဆွပြီး အလောင်းတွေကို မြေကြီးပေါ် ဆွဲတင်တာမျိုး ရှိလာတယ်။ နောက်ပိုင်းမှာတော့ အလောင်းမြှုပ်မယ့်တွင်းတွေကို နက်နက်တူးဖို့ အမိန့်ပေးလာကြတယ်။
ကူတေးဖာမြို့က ဧရာမသင်္ချိုင်းကြီးထဲမှာ အာဆတ်အစိုးရလက်ထက်က အသတ်ခံခဲ့ရတဲ့ လူပေါင်းတစ်သိန်းကျော်ကို မြှုပ်ထားတယ်လို့ ဆီးရီးယားအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပြောတယ်။
“တစ်သိန်းဆိုတဲ့ ကိန်းဂဏန်းဟာ အတတ်နိုင်ဆုံး လျှော့ပေါ့ပြီး ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏပါ”
ဆီးရီးယားနိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေကိုပါ မြှုပ်နှံထားတဲ့ အခြားသော ဧရာမသင်္ချိုင်း ကြီးတွေလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။
အဗ္ဗဒူလ်ကဒါအယ်လ်ရှိတ်ခါလို့ ခေါ်တဲ့ ကူတေးဖာမြို့ခံ ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ လူသေအလောင်းတွေကို အစုလိုက်အပြုံလိုက် မြေမြှုပ်နေတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူပါ။
သူဟာ သေဆုံးသူတွေအတွက် ဘာသာရေးအရ ဆုတောင်းပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအလောင်းတွေကို မြှုပ်နှံဖို့ အာဆတ်ရဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့က သူ့ကို စေခိုင်းခဲ့တယ်လို့ ပြောပါတယ်။
“ဒီအလောင်းတွေက မြေမြှုပ်ပေးဖို့ မတန်တဲ့ အကြမ်းဖက်သမားတွေလို့ သူတို့က ပြောတယ်။ သူတို့ လုပ်နေတာတွေကို ဘယ်သူမှ မမြင်စေချင်ကြဘူး”
ဒီနေရာဘေးကနေ လူတွေ ဖြတ်မသွားအောင် အာဆတ်ရဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။ အလောင်းတွေကို မြှုပ်နေတုန်း ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်တာမျိုးကိုတောင် ပိတ်ပင်တားဆီးခဲ့ပါတယ်။
ဒီလိုမျိုး အလားတူဧရာမသင်္ချိုင်းကြီးတွေကို ဒမတ်စကတ်စ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း တွေ့နိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြပါတယ်။
ဆီးရီးယားပြည်တွင်းစစ်ရဲ့ အစောပိုင်းနှစ်တွေကို ပြန်သွားကြည့်လိုက်ရင် ဆီးရီးယားနိုင်ငံအပေါ် အာဏာရှင်အာဆတ်ရဲ့ ဖိနှိပ်ရက်စက်မှုက ပိုမိုတင်းကျပ်ဆိုးရွားလာနေတာ တွေ့ရပါမယ်။ အကျဉ်းထောင်တွေမှာ လူတွေ လျှံထွက်မတတ် ပြည့်နှက်လာနေတာကို မမြင်ချင်မှအဆုံး ဖြစ်လာမယ်။ အစိုးရကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ ပိုပိုရက်စက်တဲ့ နည်းလမ်းတွေကို အာဆတ်က သုံးလာခဲ့တယ်။ နှိပ်စက်မှုနဲ့ ကွပ်မျက်သတ်ဖြတ်ခြင်းဆိုတာဟာ အာဆတ်လက်ထက် ဆီးရီးယားမှာ မထူးဆန်းတဲ့အရာတစ်ခု ဖြစ်လာတယ်။
အာဆတ်ကို ဖြုတ်ချဖို့ ဒမတ်စကတ်စ်ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ သူပုန်တပ်ဖွဲ့တွေဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေကို ဖွင့်ပေးလိုက်တယ်။ ထောင်နဲ့ချီတဲ့ ဆီးရီးယားမိသားစုတွေဟာ အကျဉ်းထောင်တွေဆီကို ပြေးလာခဲ့ကြတယ်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ သူတို့ရဲ့ ချစ်ရသူတွေကို အကျဉ်းထောင်တွေထဲမှာ ရှာဖွေကြတယ်။ အသက်ရှင်ကျန်ရစ်သူ လက်တစ်ဆုပ်စာ အကျဉ်းသားတွေပဲ ထောင်နံရံတွေအနောက်ကနေ ချည့်ချည့်နဲ့နဲ့ ပြန်ထွက်လာတယ်။ အများစုကိုတော့ ဆီးရီးယားရဲ့ ဧရာမသင်္ချိုင်းကြီးတွေထဲမှာပဲ လိုက်ရှာရမယ့်အနေအထားဖြစ်အောင် ဘာရှာအာဆတ်ရဲ့ ရက်စက်မှုသက်လုံက ပြီးပြည့်စုံခဲ့တယ်။
အကျဉ်းထောင်ထဲမှာ မရပ်မနား နှိပ်စက်မှုတွေ ၊ အပြင်းထန်ဆုံး ရိုက်နှက်မှုတွေ ၊ မုဒိမ်းကျင့်မှုတွေကို ခံစားခဲ့ရတယ်လို့ ပြန်လွတ်မြောက်လာသူတွေက ပြောပြကြတယ်။ မုဒိမ်းကျင့်ခံရပြီး ထောင်ထဲမှာပဲ ကလေးမွေးလိုက်ရတဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေလည်း ရှိခဲ့တယ်။ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံခဲ့ရတယ်။ အကျဉ်းထောင်ထဲက အဆက်မပြတ် တရစပ်နှိပ်စက်မှုတွေနဲ့ ပတ်သက်လို့ လွတ်မြောက်လာသူ အကျဉ်းသားတစ်ယောက်က ပြောတယ်။
“သူတို့အမြင်မှာ မင်းအသက်ရှင်နေတာကိုက ဥပဒေချိုးဖောက်မှုကြီးတစ်ခုပဲ”
မကြာသေးခင်နှစ်တွေတုန်းက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ ၊ ကူတေးဖာမြို့ရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို သုံးသပ်ပြီး ကောက်ချက်ချခဲ့တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကူတေးဖာမြို့ပြင်တစ်နေရာမှာ ဧရာမသင်္ချိုင်းကြီးတစ်ခုရှိနေတယ် ဆိုတာပါပဲ။
ဒီဧရာမသင်္ချိုင်းကြီးထဲမှာ လူ ဘယ်လောက်မြှုပ်ထားတယ်ဆိုတာကိုတော့ သူတို့ တိတိကျကျ မပြောနိုင်ကြပါဘူး။ ပြည်တွင်းစစ်နောက်ပိုင်းနှစ်တွေမှာ အာဆတ်အစိုးရက သူတို့ရဲ့ ခြေရာလက်ရာတွေကို လက်စဖျောက်ပစ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ထရပ်ကားတွေရောက်လာပြီး သင်္ချိုင်းထဲက အလောင်းတွေကို ထောင်နဲ့ချီပြီး အခြားနေရာကို ပြောင်းရွှေ့ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြန်ပြောပြကြပါတယ်။ ထရပ်ကားတွေနဲ့ အလောင်းတွေကို ပြန်လာဖော်တဲ့အချိန်တွေဆိုရင် အင်မတန်ဆိုးရွားတဲ့ အနံ့အသက်တစ်မျိုးက တစ်မြို့လုံးကို ဖုံးလွှမ်းထားလေ့ရှိတယ်လို့ ဒေသခံတွေက ဖော်ပြကြတယ်။
“သူတို့ ဘာလုပ်နေတယ်ဆိုတာကို ဒီမြို့မှာ ရှိတဲ့ လူတိုင်း သိတယ်”
မြို့ခံလယ်သမားတစ်ယောက်ရဲ့ ပြောစကားပါ။
ကူတေးဖာမြို့မှာ မြို့တော်ဝန်လုပ်ခဲ့ဖူးတဲ့ မစ္စတာဟက်ဂျ်အာလီဆာလက်ဟ်က “သူတို့ ပို့လိုက်တာ ဘာမဆို ကျွန်တော် မြှုပ်ပေးခဲ့ရတယ်”လို့ပြောပါတယ်။ လက်ရှိအချိန်အထိ ဒီမြို့မှာပဲ ဆက်လက်နေထိုင်လျက်ရှိပါတယ်။ ဆီးရီးယားတော်လှန်ရေးပေါ်ပေါက်လာပြီး တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ မြို့တော်ဝန်ရာထူးကနေ သူ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ အာဏာပိုင်တွေရဲ့ ခဏတဖြုတ် ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထုလိုက်ထည်လိုက် မြေမြှုပ်ဖို့ ဧရာမသင်္ချိုင်းကြီးတစ်ခု တည်ဆောက်ပေးရမယ်ဆိုတဲ့ အထက်ကအမိန့်ကို လွန်ဆန်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီသင်္ချိုင်းထဲ မြှုပ်ထားတဲ့ အလောင်းအရေအတွက်က တစ်သိန်းကျော်မယ်လို့ နောက်ထပ်မြို့တော်ဝန်တစ်ယောက်က ခန့်မှန်းပါတယ်။ ဒီကိန်းဂဏန်းဟာ တိကျမှုနဲ့ နီးစပ်ပါတယ်ဆိုရုံနဲ့တင် ဒီဧရာမသင်္ချိုင်းဟာ ကမ္ဘာ့အကြီးဆုံးသင်္ချိုင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီသင်္ချိုင်းကို ဆီးရီးယားစစ်တပ်ရဲ့ အမှတ် (၃) တပ်မက ကြီးကြပ်ရတယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။ အမှတ် (၃) တပ်မက အာဆတ်အပေါ် သစ္စာအရှိဆုံး တပ်မတွေထဲက တစ်ခု ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာပျောက်ဆုံးနေသူများအရေးကော်မရှင်က ဆီးရီးယားနိုင်ငံမှာ ဧရာမသင်္ချိုင်းကြီးတွေ ၆၆ ခုရှိတယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာ တရားမျှတမှုရရှိဖို့အတွက် အာဆတ်လက်ထက်က လူတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို ထိန်းသိမ်းထားကြဖို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။
ကူတေးဖာမြို့နဲ့ နာ့ဂျ်ဟာမြို့မှာ ရှိတဲ့ ဧရာမသင်္ချိုင်းကြီးနှစ်ခုကို သွားရောက်ကြည့်ရှုပြီးနောက်မှာ နိုင်ငံတကာစစ်ရာဇဝတ်မှုဆိုင်ရာထိပ်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ စတီဖင်ရတ်ပ်က အခုလို ပြောပါတယ်။
“နာဇီခေတ်နောက်ပိုင်းကတည်းက ဒါမျိုးကို တခါမှ မမြင်ဖူးဘူး”
အာဆတ်အစိုးရရဲ့ ‘မရဏယန္တရား’ထဲမှာ ဆီးရီးယားနိုင်ငံသားတစ်သိန်းကျော် သေဆုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“ဒီဧရာမသင်္ချိုင်းကြီးတွေထဲမှာ ကျွန်တော် မြင်တွေ့ခဲ့ရတာတွေအရဆိုရင် ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ သံသယများများစားစား မရှိဘူး”
လက်ရှိမှာတော့ စတီဖင်ရတ်ပ်ဟာ ဆီးရီးယားက စစ်ရာဇဝတ်မှုကျူးလွန်မှုအထောက်အထားတွေကို မှတ်တမ်းတင်နိုင်ဖို့ ကူညီပေးနေသူတစ်ဦး ဖြစ်ပါတယ်။
အာဆတ်ရဲ့ မရဏယန္တရားထဲမှာ လျှို့ဝှက်ရဲတပ်ဖွဲ့ဝင်တွေကနေ အလောင်းတွေကို သယ်ပေးတဲ့ ထရပ်ကားမောင်းသမားတွေအဆုံး ၊ လူထောင်ပေါင်းများစွာ ပါဝင်လည်ပတ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။ အာဆတ်အစိုးရရဲ့ နိုင်ငံတော်အဆင့် လူသတ်စနစ်ကြီးဟာ ဆီးရီးယားပြည်သူတွေအတွက် မရဏယန္တရားတစ်ခု ဖြစ်လာခဲ့တယ်လို့ သူက ဆိုတယ်။
အာဆတ်အစိုးရအဖွဲ့ဝင်တွေအပေါ် တရားမျှတမှုရှိရှိ အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆီးရီးယားအစိုးရအသစ်က ကတိပြုထားပါတယ်။ ဒါပေမဲ့ အာဆတ်က ဒမတ်စကတ်စ်မကျခင်ကတည်းက ရုရှားကို ထွက်ပြေးသွားခဲ့ပါပြီ။ သူ့ကို ဘယ်လိုတရားစွဲမလဲ၊ ဘယ်အချိန်မှာတရားစွဲမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရုရှားနဲ့ ဆီးရီးယားနှစ်နိုင်ငံစလုံးကလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ကြပြန်ဘူး။
အာဆတ်ပြုတ်ကျသွားပြီးတဲ့နောက်မှာ ကူတေးဖာမြို့က ဧရာမသင်္ချိုင်းကြီးရဲ့ ဂိတ်ပေါက်ဝကို လူတစ်ယောက် ရောက်လာတယ်။ သူဟာ ဦးလေးဖြစ်သူကို တွေ့ရမလား မျှော်လင့်ချက်နဲ့ ဒီနေရာကို ရောက်လာခဲ့တာပဲ။ သူ့ဦးလေးဟာ ၂၀၁၅ ခုနှစ်ကတည်းက အစပျောက်သွားခဲ့တယ်။ ဖုန်ထူထူမြေသားပေါ် လမ်းလျှောက်လာရင်းနဲ့ သူ့မျက်ရည်တွေ ပွင့်ထွက်သွားတယ်။ ဒီသင်္ချိုင်းထဲမှာ ဘယ်သူတွေကို မြှုပ်ထားသလဲ သိရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ဆီးရီးယားပြည်တွင်းစစ် ၁၄ နှစ်တာအတွင်း လူပေါင်းတစ်သိန်းကျော် ပျောက်ဆုံးသွားခဲ့တယ်။ ဆီးရီးယားတော်လှန်ရေးအစမှာ သားနှစ်ယောက်စလုံး အဖမ်းခံလိုက်ရတဲ့ မိခင်တစ်ယောက်က ပြောတယ်။
“ကိုယ့်မောင်၊ ကိုယ့်အစ်ကို ၊ ကိုယ့်သား ၊ ကိုယ့်လင်ကို မဆုံးရှုံးလိုက်ရတဲ့ မိန်းမသားဆိုလို့ ၊ ဆီးရီးယားမှာ မရှိဘူး”တဲ့။
ကူတေးဖာမြို့က လယ်သမားတစ်ယောက်ကတော့ အခုလိုပဲ ပြောပါတယ်။
“သေပြီးသား လူတစ်ယောက်ရဲ့ မိခင်ဟာ အိပ်ပျော်နိုင်တယ်။ သားတစ်ယောက် ပျောက်နေတဲ့ မိခင်ကတော့ ဘယ်တော့မှ အိပ်ပျော်နိုင်မှာ မဟုတ်ဘူး”
- ဈာန်ဟိန်း
Ref: The Economist, Newsweek, Al Jazeera, NBC News,CNN, BBC, The Independent