Princes in The Darkness 1990s
အခန်း(၁)
၁၉၈၉ ခုနှစ်။ အောက်တိုဘာလ ၂၅ ရက်။
အင်းစိန်ဗဟိုအကျဉ်းထောင်။ ပုံစံခန်း။
“ဖောင်း”
ပုံစံခန်းသို့ ဝင်ဝင်ချင်း။
သူ့နံကြားသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်လာသော ကန်ချက်တစ်ခု။
ကြမ်းပြင်ပေါ် ဘေးတစောင်း လဲကျသွားရာမှ သူမော့ကြည့်လိုက်သည်။
“ဟေ့ကောင်..ဘာကြည့်တာလဲ..ဝင်ဝင်လာချင်း..မင်းစောက်ချိုးကို ကြည့်မရလို့ကန်တယ်ကွာ. လီးဖြစ်လား”
သူ့ကို ကန်ထည့်လိုက်သူက သူနှင့် ရွယ်တူခန့်ရှိမည့် လူတစ်ယောက်။ အသားမည်းမည်း၊ ဂင်တိုတိုဖြင့်။
အင်္ကျီဗလာကျင်းထားပြီး..ထောင်ပုံစံပုဆိုးကို ခပ်တိုတိုဝတ်ထားသည်။
ထိုသူက ပြောပြောဆိုဆိုဖြင့် ဖင်ထိုင်လျက်ဖြစ်နေသော သူ့ထံသို့ ပြေးဝင်လာပြန်၏။
သူ့ခန္ဓာကိုယ် တွင် ဖြစ်လာမည့် နာကြင်မှုကို နောက်တကြိမ်သူ ခွင့်မပြုနိုင်။
“ဖောင်း..ဖောင်း..ဖောင်း”
လည်မြိုတည့်တည့်ကို ထိသွားသည့် လက်သီးချက်ကြောင့် ထိုသူမှာ ဖင်ထိုင်လျက် ကျသွားသည်။
ပုံစံခန်းအတွင်းရှိနေသော လူများက ဝုန်းခနဲ ထလိုက်ကြ၏။
သူ့အား အမဲဖျက်ကြတော့မည့်အလား။
“အားလုံးရပ်..ပုံစံ..ပုံစံ”
အသံတစ်သံကြောင့် ထိုလူအုပ်စုက နောက်ဆုတ်ကာ ထောင်ပုံစံထိုင်လိုက်ကြသည်။
ထောင်မကျခင် အချုပ်ဆောင်တွင် သင်ကြားခဲ့ဖူးသည့်အတိုင်း သူလည်း လိုက်ထိုင်ရန် ပြင်လိုက်၏။
“မင်း..နေဉီး”
အသံလာရာသို့ သူ့ကြည့်လိုက်သည်။
သူထင်ထားသကဲ့သို့ ထောင်အရာရှိတစ်ဉီးမဟုတ်။
ထောင်သားဟု ပြောရအောင်လည်း သူ့ပုံစံက ထောင်သားပုံစံမပေါက်။
အဖြူရောင်အစင်းကျား စပို့ရှပ်ပေါ်တွင် လယ်သာဂျာကင်ကို ထပ်ဝတ်ထားသည်။
အောက်ပိုင်းတွင်လည်း ပလေကပ်ပုဆိုးအဖြူရောင်နှင့်။
အသားအရည်က အခြားထောင်ကျများလိုမဟုတ်ပဲ..စို၍ ဝင်းဝါလျက်။
အရပ်က သူနှင့်မတိမ်မယိမ်းဆိုတော့ မြင့်သည့်အထဲပါသည်။
ရုပ်ရည်က သန့်ပြန့်နေ၏။
“ဒီကောင်က ဘာကောင်လဲ”
သူ့စိတ်ထဲ တွေးနေမိသည်။
“မင်း…ဘာမှုလဲ”
စိတ်ထဲမှ ဒွိဟကို အဖြေထုတ်နေသဖြင့် သူ ရုတ်တရတ်ပြန်မဖြေနိုင်။
“မအေလိုးလေး…မင်းကို မေးနေတာ ပြန်ဖြေလေ”
ထိုသူ၏ နောက်တွင်ရှိနေသော ခန္ဓာကိုယ်တောင့်တောင့်ထွားထွားဖြင့် လူငယ်က အသံခပ်တင်းတင်းဖြင့် ဝင်ပြောလိုက်ခြင်းပင်။
“လူသတ်မှုပါ”
“ဘာလဲ…မင်းစောက်ခွက်က အခြောက်ရုပ် နဲ့ လူသတ်တာလား…ခွေးသတ်တာလား..ဟား..ဟား”
ဗလတောင့်တောင့်လူက လှောင်ရယ်လိုက်သည်။
“ဧရာကြီး…မင်းအသာနေစမ်း”
အသားဖြူဖြူ၊ အရပ်မြင့်မြင့်..ထိုသူက သူ့ရှေ့တည့်တည့်သို့ လျှောက်လာ၏။
“ကိုအီဆာကို သတ်တာ မင်းလား”
“ဟုတ်တယ်”
သူ့ က ခပ်တင်းတင်းဖြေလိုက်သည်။
ပုံစံခန်းအတွင်း အာမေဋိတ်သံတချို့ထွက်လာ၏။
“ကဲ…ညီလေး….ငါက ဒီအင်းစိန်ထောင်ရဲ့ တန်းစီချုပ်စိုးမြတ်တဲ့…ဧရာကြီး သူ့ကို ခဏဖယ်ထားလိုက်”
“ဟုတ်ကဲ့..အကိုကြီး”
စိုးမြတ်က ဗလတောင့်တောင့်လူငယ်ကို အမိန့်သံဖြင့် ပြောလိုက်သည်။
ဧရာကြီးဆိုသူက သူ့ကို နံရံဘက်တွင် လာရပ်ရန် ခေါ်လိုက်၏။
သူက ခပ်တည်တည်ပင်..ဧရာကြီးဘေးတွင် သွားရပ်လိုက်သည်။
မကြာမီ စိုးမြတ်က ပုံစံထိုင်နေကြသော ကျသစ်များ၏ အရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဩဝါဒချွေတော့၏။
စိုးမြတ်၏ နောက်လိုက်နောက်ပါများက ပုံစံထိုင်နေကြသူများအား ခြေထောက်ဖြင့်ကန်လိုက်၊ နားရင်းရိုက်လိုက်လုပ်နေကြသည်ကိုသူ စိတ်မချမ်းသာ။
သို့သော် နေရာသစ်လည်းဖြစ်နေ၊ စိုးမြတ်က သူ့အား ဘာလုပ်မည်ဆိုသည်ကိုလည်း မသိသေးသည့်အတွက် အခြေအနေကိုသာစောင့်ကြည့်နေ၏။
“မင်း..ကိုအီဆာကြီးကို တကယ်သတ်လိုက်တာလား”
ဧရာကြီးက ခပ်တိုးတိုးကပ်၍ မေးလိုက်ခြင်းပင်။
သူ နှုတ်မှပြန်မဖြေဖြစ်။ ခေါင်းညိတ်၍ နှုတ်ခမ်းကို တွန့်ပြရုံသာ။
“မင်းပုံစံနဲ့ကွာ..ထင်မထားဘူး”
ထိုအချိန်တွင် ဩဝါဒချွေခန်းပြီးဆုံးသဖြင့် စိုးမြတ်က သူတို့နား ပြန်ရောက်လာ၏။
စိုးမြတ်က သူ့ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။
ရုတ်တရတ် ညာဘက်လက်က မြောက်တက်လာသဖြင့်..သူက ခန္ဓာကိုယ်ကို နောက်တလှမ်းဆုတ်လိုက်၏။
စိုးမြတ်က ပြုံးလိုက်ပြီး သူ့ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“မင်းနာမည် ငါ့ကို မပြောရသေးဘူးနော်..ငါ့ညီ”
“ဗေဒါ”
“မင်း အချိုးကတော့ မပြေတာအမှန်ပဲ..ငါတို့တွေ့ကြဉီးမှာပေါ့ကွာ”
စိုးမြတ်က သူ၏ နောက်လိုက်နောက်ပါများနှင့်အတူ ပြန်လည်ထွက်ခွာသွား၏။
ဗေဒါက သူ့အား ဝင်ဝင်ချင်း စောင့်ကန်ခဲ့သော ပုံစံပြငနဲကို တစ်ချက် ကြည့်လိုက်သည်။
ထိုသူက ချက်ချင်းပင် မျက်နှာလွှဲသွား၏။
ဗေဒါ သက်ပြင်းချလိုက်သည်။
အပြင်တွင် ကျန်ရစ်သော မိဘနှစ်ပါးနှင့် သူ့အမနှစ်ယောက်က တော့ ဘယ်လိုဘယ်ပုံကျန်ရစ်သည်မသိ။
သူကတော့ မမျှော်လင့်နိုင်သော ဒုက္ခခရီးရှည်ကို လက်တွေ့ စမြင်နေရပြီဖြစ်သည်။
“ကိုအီဆာဆိုတာ ကိုစိုးမြတ်ရဲ့ ထောင်ထဲက သင်ဆရာလို့ပြောလည်းရတယ်… အီဆာကို သတ်ခဲ့တယ်..စောက်ချိုးကလည်း မပြောဆိုတော့..စိုးမြတ်ကြီးက ကောင်းကောင်းနွှာတော့မှာဟေ့”
တနေရာမှ မကြားတကြားပြောလိုက်သည့်အသံ။
………………………
“ဗေဒါ..အဘဉီးရွှေမောင်”
“ရှိ”
အဆောင်ပိတ်လူစစ်ချိန်တွင် သူ့အမည်ခေါ်သံကြောင့် ဗေဒါက လက်ညှိးထောင်လိုက်သည်။
ထောင်အရာရှိကြီးတစ်ဉီး ၏ ဘေးတွင် စိုးမြတ်က လိုက်ပါလာ၏။
သူတို့ခန့်မှန်းခဲ့ကြသည့်အတိုင်း ဗေဒါကို စိုးမြတ်က ပုံစံပေးတော့မည်။ ခပ်ဟဟလှောင်ရယ်သံများ ၊ တီးတိုးအသံများ။
“မအေးလိုးတွေ..အကုန်ပါးစပ်ပိတ်စမ်း..မင်းတို့ရောက်နေတာ ထောင်ကွ..မင်းတို့ မင်းအမေ့လင်အိမ်မှတ်နေလား..ငါလိုးမသားတွေ..အကုန်သေကုန်တော့မယ်”
စိုးမြတ်၏ အသံကြောင့် မီးကို ရေနှင့် ငြိမ်းလိုက်သည့်အလား..အားလုံးငြိမ်ကျသွားသည်။
“အိမ်မှာနေရင်..အိမ်စည်းကမ်း၊ လမ်းမှာနေရင် လမ်းစည်းကမ်း၊ ထောင်မှာနေရင် ထောင်စည်းကမ်းနားလည်ရတယ်ကွ…ဒီစောက်ချိုး နောက်တစ်ခါချိုးရင်..မင်းတို့ တစ်ဆောင်လုံး..ငါနဲ့တွေ့မယ်”
စိုးမြတ်၏ လေသံ က ခေါင်းဆောင်တစ်ယောက်၏ လေသံအပြည့်။
ဗေဒါကတော့ စိုးမြတ်ကို ပဲ အကဲခတ်နေမိသည်။
စိုးမြတ်ဘေးမှ ထောင်အရာရှိဆိုသူမှာ စကားတခွန်းမှ မပြောပဲ ခါးထောက်လျက်သာ ရပ်ကြည့်နေ၏။
“ကဲ..ဗေဒါ…ဒီနားလာခဲ့”
ဗေဒါက ထောင်အရာရှိ နှင့် စိုးမြတ်တို့ ရှိရာသို့ သွားလိုက်သည်။
“သူပဲ…ဆရာ”
စိုးမြတ်က ထောင်အရာရှိအား လေသံဖြင့် ပြောလိုက်၏။
ထောင်အရာရှိက ဗေဒါအား ခြေစွန်းခေါင်းစွန်း သေခြာကြည့်လိုက်သည်။
“မင်းအဖေ…လဝက ညွှန်မှူးဉီးရွှေမောင် က ငါ့အဖေ နဲ့ တစ်ပတ်စဉ်ထဲ သူငယ်ချင်းတွေပဲကွ..မင်းတို့အိမ်တောင် ငါရောက်ဖူးသေးတယ်..အဲ့ဒီတုန်းက မင်းက ငယ်သေးပါတယ်”
“ဟုတ်ကဲ့”
“မင်းအမတွေ ငါ့ဆီ ဖုန်းဆက်ထားတယ်…စိုးမြတ်ကလည်း မင်းအကြောင်းပြောပါတယ်..ကဲ..စိုးမြတ်.. သူ့ကို မင်းလက်အပ်တယ်…ငါစိတ်ချမယ်နော်”
“ဟုတ်ကဲ့ပါ..ဆရာ”
“ကဲ…ငါ့တူ..မင်းကို ဒီက ကိုစိုးမြတ်အဆောင်ကို ပြောင်းပေးမယ်..မင်းလိုအပ်တာရှိရင်…ကိုစိုးမြတ် ကိုပြော…ဒီထောင်မှာ သူပြီးရင် ပြီးပါတယ်..ဟုတ်ပြီလား”
ဗေဒါ ခေါင်းညိတ်ပြလိုက်သည်။
စိုးမြတ်က ဗေဒါကို ပြုံးပြလိုက်၏။
………………………
ဆိတ်ကလီစာ၊ ဝက်ဆီဖတ်၊ ငါးခူကြော်အကောင်ကြီးကြီးများ။
ကန်းစွန်းရွက်ကြော်စိမ်းစိမ်း၊ ငါးပိရည်ပန်းကန်လုံးကြီးဘေးမှ တို့စရာအစိမ်းအစုံအလင်။
ထိုထမင်းဝိုင်းအပြင် ကြွေပန်းကန်ဖွေးဖွေးနှစ်ချပ်ကြောင့် ဗေဒါမှ တအံတဩဖြစ်ရသည်။
ထောင်တွင်းမှ ထမင်းဝိုင်းတစ်ခုဟု ပြောလျှင် ယုံစရာမရှိ။
သို့သော် ထိုအရာသည် အင်းစိန်အကျဉ်းထောင်တွင်းမှ ထမင်းဝိုင်းတစ်ခုဖြစ်ပါသည်။
တိတိကျကျပြောရလျှင် အင်းစိန်ထောင်၏ ထောင်မင်းသား တန်းစီးချုပ် စိုးမြတ်၏ ညနေခင်း ထောင်တွင်းပွဲတော်တည်ခန်းပင်။
“ကဲ..ငါ့ညီ…ထိုင်ကွာ..စားကြမယ်”
စိုးမြတ်ကြီးက ကြွေပန်းကန်တစ်ချပ်ကို ဗေဒါရှေ့တွင် ချပေးသည်။
ထို့နောက် အသင့်ချထားသော လက်ဆေးဇလုံတွင် စိုးမြတ်က နှစ်ဆေးလိုက်၏။
“ကဲ…စား..ညီလေး..အားမနာနဲ့”
ဘေးနားတွင် ယပ်ခပ်ပေးနေသူနှစ်ယောက်ကလည်း အသင့်။
ကျန်သူများက သူတို့ထမင်းဝိုင်းဘေးတွင် အသင့်ရပ်ကြည့်နေကြသည်။
ဟင်းပွဲအစုံအလင်နှင့်၊ ယပ်ခပ်ပေးနေသူနှင့်၊ ဘေးနားက ဘာလုပ်ပေးရမလဲဆိုသည့် အသင့်စောင့်နေသူများနှင့်။
“ဘာပြုံးတာလဲကွ.”
စိုးမြတ်က ဝက်ဆီဖက်တစ်ဖက်ကို ဗေဒါပန်းကန်ထဲ ထည့်ပေးရင်း မေးလိုက်ခြင်း။
“အိမ်မှာ ဘုန်းကြီးဆွမ်းကပ်တာ သွားမြင်မိလို့ပါဗျာ…ထောင်ထဲမှာ ဘုန်းကြီးလို စားရမယ်လို့ တခါမှ မတွေးမိထားဘူးလေ”
ဗေဒါစကားကြောင့် စိုးမြတ်ပင် ပြုံးသွား၏။
“ဟား..ငါ့ညီ..မင်းက ကျလည်းကျတဲ့ကောင်ပဲ..ငါက ထောင်ကိုးနှစ်ကျလို့ မင်းအားများငယ်နေမလားလို့…မင်းက ဟာသတောင် တွေးနိုင်သေးတာကိုး”
နဘေးနားတွင် အရိပ်တကြည့်ကြည့်လူများကြားမို့ ဗေဒါ ထမင်းကို ကြာကြာမစား။
ကျန်သူများမှာ သူတို့ထမင်းဝိုင်းကို မျှော်နေကြသည့်အလားမို့ ဗေဒါမှာ ခပ်သွက်သွက်စားပြီး ထထွက်လာလိုက်သည်။
ထို့နောက် ထမင်းဝိုင်းဘေး တစ်နေရာတွင် ထိုင်နေလိုက်၏။
စိုးမြတ်ကလည်း လက်ဆေးပြီးသည့်နောက် သူ့ဘေးနားတွင် လာထိုင်သည်။
သူ့ဘေးနားတွင် စိုးမြတ်လာထိုင်လိုက်သည်နှင့် လက်ဖက်ရည်နှစ်ခွက်က အဆင်သင့်။
“မင်း ဆေးလိပ်သောက်လား”
ဗေဒါက ခေါင်းညိတ်ပြလိုက်၏။
စိုးမြတ်က ငါးသုံးလုံးစီးကရက်တစ်ဗူးနှင့် ဇစ်ပိုမီးခြစ်တစ်ခုကို သူ့ထံ ပစ်ပေးလိုက်သည်။
“ယူထားလိုက်”
ဗေဒါက လက်ဖက်ရည်ကို တငုံငုံလိုက်၏။
လက်ဖက်ရည်ကား ယခုပင် ဆိုင်မှဝယ်လာသည့်အလား ပူပူနွေးနွေး။
“ကဲ..ကောင်လေး…မင်းကို ငါအခုလို ထားတာ…ထောင်မှူး ကိုဇော်မြင့် ရဲ့ အပ်ထည်မို့လို့ချည်း မဟုတ်ဘူးကွ..အဲ့ဒါ သိလား”
“ထောင်မှူး ဉီးဇော်မြင့်ဆိုတာ ဘယ်သူလဲ”
“ညနေက မင်းကို အဆောင်ပြောင်းဖို့ လာပြောတဲ့ လူလေကွာ”
“ဪ”
“မင်း ရှေ့နေ ဉီးစိုးအောင်ကို သိတယ်မဟုတ်လား”
“အလုံကလား”
“အေးလေ”
“အမေ့ ငယ်သူငယ်ချင်းပဲ..သိတယ်”
“သူက ငါ့ကျေးဇူးရှင်ပဲ….သူက မင်းကို ငါ့ဆီကို အပ်ထားတယ်”
“ဪ..ဟုတ်ကဲ့”
“နောက်တစ်ခုက…မင်း အမှုကြောင့်ပဲ…သုံးလောင်းပြိုင်သတ်ခဲ့ဖူးတဲ့ ကိုအီဆာလို လူမိုက်ရင့်မကြီးကို မင်းလို ဖြူဖြူချောချော မင်းသားဂိုက် နဲ့ နုနုဖတ်ဖတ်ကောင်က ဘယ်လိုသတ်ခဲ့တာလဲ..ငါစိတ်ဝင်စားလို့”
“ခင်ဗျားလည်း မီလာရှီကာစိုင်းဗေဒါထဲက မင်းသားနေအောင်ရုပ်ပဲ မဟုတ်ဘူးလား..ကိုစိုးမြတ်ရ…လူသတ်တာ မျက်ခွက် နုတာတွေ..ရင့်တာတွေလိုလို့လား”
စိုးမြတ်က သဘောတကျရယ်လိုက်သည်။
“ကဲ..ဟုတ်ပါပြီ..ပြောပါဉီး..ကိုအီဆာကို မင်းဘာလို့ သတ်လိုက်တာလဲ”
ဗေဒါက သက်ပြင်းချလိုက်၏။
ထို့နောက် စီးကရက်ဘူးကို ဖောက်ကာ တစ်လိပ်ကို မီးညှိ့လိုက်သည်။
မီးခိုးငွေ့များ။
………………………
မီးခိုးငွေ့များ။
“အဟွတ်..အဟွတ်..အဟွတ်”
ကံကြီးမောင်က ချောင်းတဟွတ်ဟွတ်ဆိုးကာ လက်ထဲမှ ဆေးပေါ့လိပ်ကို လွှင့်ပစ်လိုက်၏။
“ဘာဖြစ်တာလဲ..ကံကြီးမောင်”
“မင်းကို ကပ်ပါး တို့… ဖျံကျသွားပြီ..ဗေဒါ”
“ဘာဖြစ်လို့လဲဟ”
“မင်းကို ဒီကောင်တွေ ပစ် လိုက်တာ…မာရှီအတိုင်မှ မဟုတ်ပဲဟာကို..မယုံရင် တတိုင်လောက်ထပ်သောက်ကြည့်ဉီး”
ဗေဒါ က တီးလက်စ ဂစ်တာကို ဘေးချကာ သူ့အိပ်ကပ်ထဲမှ ဆေးပေါလိပ်တစ်လိပ်ကို မီးညှိ့ကြည့်လိုက်သည်။
ကံကြီးမောင် ၏ စကား မှန်သည်။
သူ့ကို မာရှီခေါ် ဆေးခြောက်ပစ်သည့် ဘူတာကြီးမှ ကပ်ပါးတို့ အုပ်စု လိမ်ရောင်းလိုက်ပြီ။
“လူလည်ကြီးဗေဒါ..ခံလိုက်ရပြီပေါ့..ဟားဟား”
“နည်းနည်းပါးပါး အနံ့လေး ခံကြည့်ပေါ့..ဗေဒါရာ..အနံ့ခံတာနဲ့ အသိသာကြီးကိုး”
ဘော်ဒါများက ဝိုင်းလှောင်နေကြသဖြင့် ဗေဒါ ဒေါသထွက်သွားသည်။
ကပ်ပါး ၏ အကို ဗိုလ်ကျိုး ထံမှ ဆေးခြောက်ရိုက်ပြီးသား ဆေးပေါလိပ်များကို သူဝယ်နေကျ။
တခါမှ လိမ်လည်သည်မရှိဖူးခဲ့။
ဗိုလ်ကျိုး ထောင်ကျသွားသဖြင့် သူ့ညီဖြစ်သူ ကပ်ပါးထံမှ ယခုတကြိမ်မှ သူဝယ်ယူမိခဲ့ခြင်းပင်။
ဗေဒါက ဂစ်တာကို ချပြီး ဝုန်းခနဲ ထထွက်သွားသည်။
“ဟေ့ကောင် ..ဗေဒါ…ဒါက ဘယ်လဲ”
ကံကြီးမောင်တို့ အုပ်စုက လှမ်းအော်ကြ၏။
ဗေဒါက စကားပြန်ပြောမနေပဲ..သူ၏ ကြက်ဖတံဆိပ် ယောက်ျားစီးစက်ဘီးပေါ်သို့ တက်ခွကာ နင်းထွက်သွားသည်။
ဘူတာကြီးအနောက်ဖက် မီးရထားရပ်ကွက်ထဲရှိ ကပ်ပါးအမြဲထိုင်နေကျ လက်ဖက်ရည်ဆိုင် ရှေ့တွင် ဗေဒါက စက်ဘီးကို ရပ်လိုက်သည်။
ကပ်ပါးတို့ အုပ်စု ထိုင်နေကျ ထောင့်ဝိုင်းကို တချက်ကြည့်လိုက်၏။
တွေ့ပြီ။
ကပ်ပါးက ကက်ဆက်တိတ်ခွေတစ်ခွေကို ခဲတံဖြင့် ရစ်နေသည်။
နဘေးတွင် လူသုံးလေးဉီးက ထိုင်ကာ စကားပြောနေ၏။
ဗေဒါက က အနီးဆုံးဝိုင်းမှ သစ်သားခွေးချေခုံကို ဆတ်ခနဲ ကောက်ကိုင်လိုက်သည်။
“ဟေ့ကောင်…ကပ်ပါး”
ကပ်ပါးက မော့အကြည့်။
ဗေဒါက ခွေးချေခုံဖြင့် ကပ်ပါး၏ ခေါင်းကို ဆတ်ခါဆတ်ခါ ရိုက်ထည့်လိုက်သည်။
ကပ်ပါးမှာ ခေါင်းကို အုပ်လျက် ခွေလျက်ကျသွား၏။
တဝိုင်းလုံးက အဖြစ်အပျက်ကို ခေတ္တမျှ ကြောင်ကြည့်နေကြသည်။
“ဟေ့ကောင်..ကပ်ပါး…ငါ့ကို ဒါမျိုး..လူပါးလာမဝနဲ့ကွ”
ဗေဒါ စကားမဆုံးခင်ပင်..ရေနွေးကြမ်းဖန်ခွက်တစ်လုံးက ဗေဒါ၏ နားထင်ကို လာမှန်၏။
ဗေဒါကို ပေါက်လိုက်သူက ပုဆိုးကို ပြင်ဝင်ပြီး..ဗေဒါရှိရာ ခုန်ဝင်လာသည်။
“ခွပ်..ခွပ်”
ဗေဒါက ထိုသူ၏ ခေါင်းကို ခွေးချေခုံဖြင့် ရိုက်ချလိုက်ပြီး ဆိုင်အပြင်တွင် ရပ်ထားသော စက်ဘီပေါ်သို့ တက်ကာ အမြန်နင်းထွက်သွားတော့၏။
“မိုးရေစက်တွေလိုပဲ…လေထဲမျောလွင့်ကာ..တို့ရဲ့ စိတ်တွေ လှုပ်ရှား…ပန်းဖြူပွင့်ငယ်တွေက အဆိပ်လူးထားတဲ့အခါ..သွေးကြောထဲ တုန်လှုပ်သွားတယ်”
လက်ဖက်ရည်ဆိုင်တွင် ဖွင့်ထားသော စိုးလွင်လွင်၏ မာနမျက်နှာသီချင်းသံက ခပ်ဝေးဝေးတွင် ကျန်ရစ်ခဲ့ပြီ။
………………………
နောက်တစ်နေ့ နံနက်။
ဗေဒါ အိပ်ရာနိုးသည့်အချိန်တွင် ဆယ်နာရီထိုးနေပေပြီ။
မိခင်ဖြစ်သူ ပြင်ဆင်ထားသည့် မနက်စာကို စားပြီးနောက် သူတို့သူငယ်ချင်းတစ်စု၏ ဘိဖြစ်သော ပန်းဆိုးတန်းရှိ သုံးရာသီ လက်ဖက်ရည်ဆိုင်သို့ ထွက်လိုက်သည်။
ထူးထူးခြားခြား သူတို့ထိုင်နေကျဝိုင်းတွင် သူ့သူငယ်ချင်းတစ်အုပ်စုလုံးကို မတွေ့ရ။
လမ်းမဘက်ဆီမှ ဝိုင်းတွင် ဗေဒါတို့ အုပ်စုနှင့် ရင်းနှီးပြီးသားဖြစ်သော တေးရေးဆရာ ဆူး ၊ ဒါရိုက်တာပိုင်သ တို့ အုပ်စု ထိုင်နေကြသည်။
“ကိုဆူးကြီး..ကံကြီးမောင်တို့တွေဒီမနက်လာတာ မတွေ့ဘူးလား”
တေးရေးဆရာက ခေါင်းခါပြ၏။
“ဗေဒါ..ဗေဒါ”
အဖျော်ခန်းဆီမှ အသံတိုးတိုးကြောင့် ဗေဒါလှည့်ကြည့်လိုက်သည်။
ဆံပင်ရှည်ရှည်၊ ဟစ်ပီစတိုင်လ်ဖြင့် အမြဲနေတတ်သည့် အဖျော်ဆရာကိုဝင်းမြင့်။
“ဘာလဲ..ကိုဝင်းမြင့်”
“လာဉီးဟ”
ဗေဒါက အဖျော်ခန်းနားသို့ ကပ်သွားသည်။
“မင်း..ဒိုးတော့..ဗေဒါ”
“ဘာလဲဗျ..ကျွန်တော်က ဘာကို ဒိုးရမှာလဲ”
“မင်း ညက ဘူတာကြီးထဲ သွားမွှေထားတယ်မဟုတ်လား”
“အင်း..ဟိုကောင် ကပ်ပါးတို့ ကျွန်တော့်ကို ဖိုးတွမ်တီးကျလိုက်လို့..နည်းနည်းဝင်သမပေးလိုက်တာ”
“မင်း မြွေဖမ်းတာပဲ”
“ဘာကိုလဲ..ဘာမြွေကို ဖမ်းတာလဲ”
“အဲ့ဒီမှာ ကပ်ပါးအပြင် မင်းရိုက်လိုက်တဲ့သူက ဘယ်သူမှတ်တုန်း”
“ဘယ်သူတုန်း”
“အီဆာကွ..အီဆာ”
“ဟင်”
အီဆာ ကို ဗေဒါ နာမည်ကြားဖူးသည်။
တချိန်က ပန်းဆိုးတန်လူမိုက် ကျော်ဝင်း၊ မိုးကျော်တခေတ်က အီဆတ်၊ အီဆာညီအကိုသည်လည်း နာမည်ကျော်။
အီဆာသည် ၁၉၈၈ အရေးအခင်းမဖြစ်မီက သုံးလောင်းပြိုင်လူသတ်မှုဖြင့် ထောင်ထဲဝင်သွားပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့သည့်သူ။
“မင်းဘော်ဒါတွေတော့ ရှောင်နေပြီ..မင်းလည်း လစ်တော့..အီဆာတို့က မင်းကို ဆော်တော့မယ်”
ဗေဒါက မျက်စိမျက်နှာပျက်ဖြင့် ဆိုင်ရှေ့ပြန်ထွက်ပြီး စက်ဘီးကို သော့ဖွင့်နေစဉ်။
“ဖြောင်း”
သူ့ခေါင်းတွင် ပူခနဲဖြစ်သွား၏။
သူမော့ကြည့်လိုက်စဉ်…နောက်ထပ် တုတ်ချက်များက ဆက်တိုက်။ဆက်တိုက်။
ခက်ဇော်
*** အခန်း ၂ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***