ထိုင်းကို ရောက်သည်မှာ ၂ နှစ်ကျော်သာရှိသေးသည့် အသက် နှစ်ဆယ်ကျော်အရွယ် မမြင့်တစ်ယောက် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးထားရပြီဖြစ်သည်။
ရန်ကုန်တွင် အထည်ချုပ်လုပ်ခဲ့ဖူးသည့် မမြင့် (အမည်လွှဲ) က ပဲခူးတိုင်းဇာတိဖြစ်သည်။
ထိုင်းနိုင်ငံသို့ ရောက်လာပြီး တရားဝင်အထောက်အထားမရှိသေးသည့်အတွက် ပထုံဌာနီရှိ ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် စက်ဖြင့်သံပြားဖောက်ရသည့်အလုပ်ကို ဝင်လုပ်ခဲ့ရသည်။
အန္တရာယ်များသည့် လုပ်ငန်းခွင်ဖြစ်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။
အလုပ်ဝင်ပြီး မကြာမီတွင်ပင် လုပ်ငန်းခွင် မတော်တဆမှုတစ်ခုအတွင်း လက်ချောင်းနှစ်ချောင်းဆုံးရှုံးလိုက်ရသည်။
“ကျွန်မအလုပ်က ခြေနင်းကို နင်းပြီး အပေါ်ကနေ စက်နဲ့ ရိုက်ချပြီး သံပြားတွေကို အပေါက်ဖောက်ရတာ။ အဲဒီမှာ စက်ချို့ ယွင်းပြီး မနင်းဘဲ သူ့ဘာသာသူကျလာတဲ့အချိန် လက်ကို ထိတာပဲ။ လက်က သုံးချောင်းထိတာ။ အဲဒီမှာ လက်နှစ်ချောင်းက ဖြတ်လိုက်ရတယ်။ တစ်ချောင်းက ကွဲသွားတာ အရိုးပါ အက်သွားတာပဲ။ ဖြတ်တော့ မဖြတ်လိုက်ရဘူး” ဟု မမြင့်က ပြောသည်။
မမြင့်ကဲ့သို့ ထိုင်းရောက် မြန်မာအမျိုးသမီး သန်းနှင့်ချီမှာ စက်ရုံအလုပ်ရုံ၊ သစ်စက်နှင့် ဆောက်လုပ်ရေးလုပ်ငန်း ကဲ့သို့ အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်နေရသည်။
ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားဆိုင်ရာနိုင်ငံတကာအဖွဲ့ (IOM) ၏ ခန့်မှန်းချက်အရ ထိုင်းတွင် မြန်မာ လုပ်သား ၅ဒသမ၂ သန်းခန့်ရှိသည်။ ယင်းအရေအတွက်မှာ တရားဝင်လုပ်ကိုင်နေသူရေ တရားမဝင်လုပ်ကိုင်နေသူများပါ ပါဝင်သည်။
အဆိုပါ အလုပ်သမားဦးရေ ငါးသန်းကျော်တွင် အမျိုးသမီးလုပ်သားအရေအတွက်က ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း Labour Rights Foundation ၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်က ဆိုသည်။
“မဟာချိုင်ဘက်က စက်ရုံတွေမှာ ကြည့်လိုက်ရင် အမျိုးသမီးအလုပ်သမားတွေက များပါတယ်။ တချို့စက်ရုံတွေဆိုရင် အမျိုးသား လုံးဝ မရှိဘူး။ အမျိုးသမီး သီးသန့် ခန့်ထားတာမျိုးလည်း ရှိတယ်” ဟု ကိုဇော်က ဆိုသည်။
ထိုင်းရောက်မြန်မာအမျိုးသမီးအလုပ်သမားများမှာ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့်အပြင် အဆိုးဆုံးမှာ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုကို ခံနေရခြင်းပင်ဖြစ်သည်။
ထိုင်းထွက်ပေါက်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ အထွေထွေအကျပ်အတည်း ဆိုက်ရောက်မှု၊ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရနိုင်မှု စသည့် အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား အများအပြား ဝင်ရောက်လာခဲ့သည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လိုက်သည့် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ စနစ်ကြောင့်လည်း မြန်မာလူငယ် အများအပြား ထိုင်းသို့ ပိုမိုဝင်ရောက်လာကြသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် တရားဝင်လမ်းကြောင်းများမှ ပြည်ဝင်ခွင့်(ဗီဇာ)လျှောက်ထားကာ ဝင်ရောက်လာသူများ ရှိသလို တရားမဝင် နယ်စပ်လမ်းကြောင်းများမှ ခိုးဝင်လာသူများလည်း အများအပြားရှိနေသည်။
ယင်းကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးမှုများလည်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ အောက်တိုလအထိစာရင်းအရ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ငါးထောင်ကျော် (၅၄၄၉ ဦး) ရှိသည်။
ယင်းမှာ FE5 Tanintharyi ၏ အောက်တိုဘာလ အစီရင်ခံစာပါ အချက်အလက်များဖြစ်ပြီး ထိုင်းတော်ဝင်တပ်မတော်နှင့် ထိုင်းသတင်းမီဒီယာများ၊ တာခ့်ခရိုင် လဝက၏ သတင်းဖော်ပြချက်များမှ ကောက်ယူထားသည့် အရေအတွက်ဖြစ်သည်။
မြေပြင်အခြေအနေတွင် ဖမ်းဆီးခံရမှုမှာ ယခုထက်ပိုများနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ယင်းအဖွဲ့ကဆိုသည်။
ယင်းသို့ ဖမ်းဆီးမှုများ ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းတွင် နေထိုင်ရန်မဖြစ်နိုင်သည့် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်း မျိုးစုံမှတစ်ဆင့် ဝင်ရောက်နေသည်။
IOM မြန်မာ၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ထိုင်းသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်ရောက်မှု သန်းချီရှိနိုင်သည်။ ယင်းအနက် ၆၀ ရာခိုင်နှုန်းမှာ တနင်္သာရီတိုင်းထဲက ဖြစ်ကြောင်း ဖော်ပြသည်။
မမြင့်မှာလည်း အာဏာမသိမ်းမီကာလက ရန်ကုန်ရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ရင်း ဇာတိမြေ ပဲခူးတိုင်းတွင် ကျန်ခဲ့သည့် မိသားစုဝင်လေးဦးကို ထောက်ပံ့နေသူဖြစ်သည်။
အာဏာသိမ်းပြီးနောက် စားဝတ်နေရေးအကျပ်အတည်း ဖြစ်လာချိန်တွင် အထည်ချုပ်အလုပ်သမဘဝကို စွန့်ခွာပြီး ထိုင်းနိုင်ငံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် တရားမဝင် ဝင်ရောက်လာမှုကြောင့် အထောက်အထားမရှိသည့်အတွက် အလုပ်ရရှိရန် အခွင့်အလမ်းနည်းလှပြီး ကြမ်းတမ်းသည့် လုပ်ငန်းခွင်များ၊ အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် လုပ်မှသာ အလုပ်အကိုင်ရနိုင်မည့် အခြေအနေ ရှိနေသည်။
စာဝတ်နေရေးကလည်း ရှိနေသည့်အတွက် အလုပ်ရွေးရန် မတတ်နိုင်တော့၊ ယင်းကြောင့် ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဟုဆိုသည်။
စက်ရုံအတွင်း အလုပ်သမားလစ်ဟင်းနေသည့် နေရာများတွင် ဝင်လုပ်ပေးရပြီး တစ်ခါတစ်ရံ အန္တရာယ်များလှသည့် စက်ကြီးများကိုပင် ကိုင်တွယ်လုပ်ကိုင်ခဲ့ရကြောင်း မမြင့်က ပြောသည်။
“အန္တရာယ်ရှိတယ်လို့ အစတည်းက သတိထားမိတယ်။ (အန္တရာယ်) ရှိတော့လည်း ဒီသံချောင်းတွေ ဖောက်ရမယ်ဆိုတော့ ကိုယ်ကလည်း ငြင်းလို့မရဘူး၊ မဖောက်ချင်ဘူးဆိုပြီးတော့၊ သူဌေးခိုင်းတာကို။ ငြင်းမရတော့ ဖောက်ရတာပဲ” ဟု မမြင့်က ဆိုသည်။
အန္တရာယ်ရှိသော်လည်း ရွေးချယ်ခွင့်မရ
မမြင့်ကဲ့သို့ပင် ထိုင်းနိုင်ငံအတွင်းရှိ အန္တရာယ်ရှိ လုပ်ငန်းခွင်များအတွင်း ဝင်ရောက်လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီး အများအပြားရှိနေသည်။
ထိုင်းရောက်မြန်မာအလုပ်သမများမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်အလုပ်လုပ်ခွင့် အထောက်အထား မရှိသေးသည့် အချိန်တွင် လတ်တလော စားဝတ်နေရေးအတွက် နီးစပ်ရာအလုပ်များကို လုပ်ကိုင်ကြရသည်။
ထို့ကြောင့်လည်း ဘေးကင်းလုံခြုံမှုနည်းသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ သစ်စက်များ၊ အုန်းသီးစက်ရုံများ၊ စက်ကြီးများဖြင့် လည်ပတ်နေသည့် အလုပ်ရုံများ အစရှိသည့် အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် မြန်မာအမျိုးသမီးများ ဝင်ရောက်လုပ်ကိုင်နေကြရသည်။
ယင်းကဲ့သို့ အန္တရာယ်ရှိလုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေရသည့် အလုပ်သမများတွင် အသက် ၂၂ နှစ်အရွယ် မစံပယ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက လမ်းတံတားဆောက်လုပ်ရေးတွင် ၂ နှစ်နီးပါး လုပ်ကိုင်ခဲ့ရသည်။
အဆိုပါဒေသရှိ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်က မြေပြင်ပေါ်တွင် လုပ်ကိုင်ရခြင်းမဟုတ်ဘဲ ပေ ငါးဆယ်ခန့်မြင့်သည့် ဆောက်လက်စ မိုးပျံလမ်းပေါ်တွင် လုပ်ကိုင်ရခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဇာတိဖြစ်သည့် မစံပယ်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းက ဆယ်ရက်ကျော်ကြာအောင် စွန့်စွန့်စားစားလာခဲ့ရသူဖြစ်သည်။
ထိုင်းရောက်ရောက်ချင်း အထောက်အထားမရှိသေးသည့် မစံပယ်အတွက် အလုပ်တစ်ခုရဖို့အရေး မလွယ်ကူပေ။
သုံးလခန့် အကြာတွင်မူ အမျိုးသားဖြစ်သူလုပ်ကိုင်နေသည် လမ်းတံတားဆောက်လုပ်ရေးတွင် အလုပ်သမားအကူအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း မစံပယ်က ဆိုသည်။
မစံပယ်လုပ်ခဲ့ရသည့် အလုပ်သမားအကူအလုပ်က လွယ်ကူလှသည်တော့ မဟုတ်ပေ။
အလုပ်ခွင်အတွင်း ကွန်ကရစ်လောင်းရန် ဖျော်ထားသည့် ဘိလပ်မြေပုံးသယ်ရသလို သံကွင်းများ ချည်ရပြီး တစ်ခါတစ်ရံ ပေ ငါးဆယ် ခန့်မြင့်သည့် တံတားပေါ်တက်၍ လုပ်ကိုင်ခဲ့ရသည်။
“အခက်အခဲဆုံးအပိုင်းကတော့ အမြင့်ပေါ်တက်ရတာပဲ။ မိန်းကလေးဆိုတော့လေ အမြင့်ဆို မတက်ရဲဘူး။ အမြင့်ကြောက်တတ်လို့။ ဒူးတတုန်တုန်နဲ့ လေးဘက်ကုန်းပြီး တက်ရတယ်” ဟု မစံပယ်ကဆိုသည်။
အမြင့်တက်ချိန် မစံပယ်အပါအဝင် ဆောက်လုပ်ရေးအလုပ်သမားများကို ဘေးကင်းလုံခြုံရေးခါးပတ်နှင့် လုံခြုံရေးကြိုးများကို အလုပ်ရှင်ဘက်က ထုတ်ပေးရမည်ဖြစ်သည်။
လက်တွေ့တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး လုံခြုံရေး ဦးထုပ်တစ်လုံးနှင့် အင်္ကျီတစ်စုံကိုသာ တစ်နှစ်တာအတွက် ထုတ်ပေးပြီး ကျန်သည့် လုံခြုံရေးဖိနပ်နှင့် လက်အိတ်ကဲ့သို့ ပစ္စည်းများကိုလည်း မစံပယ်တို့ အလုပ်သမားများ ကိုယ်တိုင် ဝယ်ယူသုံးစွဲခဲ့ရသည်။
ဘေးကင်းလုံခြုံရေးပစ္စည်း မစုံမလင်ဖြင့် လုပ်ကိုင်နေရသည့်အတွက် အလုပ်သမားများအန္တရာယ်ကျရောက်နိုင်ခြေက လက်တစ်ကမ်းတွင်ရှိကြောင်း မစံပယ်က ဆိုသည်။
“အန္တရာယ်ရှိတာပေါ့။ မတော်လို့ သံကျင်းတွေထဲ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။ တက်တဲ့အချိန် အောက်ပြန် မကြည့်ရဲဘူး ကြောက်လို့” ဟု လုပ်ငန်းခွင်အတွင်း အန္တရာယ်ရှိသည့် အခြေအနေကို မစံပယ်က ပြောပြသည်။
မစံပယ်လုပ်ကိုင်နေသည့် လမ်းတံတားဆောက်လုပ်ရေးအဖွဲ့တွင် မြန်မာအလုပ်သမား တစ်ရာခန့်ရှိပြီး ထက်ဝက်ကျော်က အမျိုးသမီးများ ဖြစ်သည်။
မစံပယ်နှင့် မမြင့်တို့ လုပ်ကိုင်နေသည့် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် ဘေးကင်းလုံခြုံရေးပစ္စည်းများကို အလုပ်ရှင်ဘက် က ထုတ်ပေးရမည်ဟု ထိုင်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။
သို့သော် ဥပဒေမှာ စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့တွင်မူ အလုပ်ရှင်အများစုက လိုက်နာမှု အားနည်းနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
“အမြင့်ပေါ်တက်ရင် ခါးစည်းတွေ။ စက်ဖြတ်တယ်ဆိုရင်လည်း မျက်မှန်တို့ လက်အိတ်တို့ သူတို့ပေးရမယ်။ ဒါက ဥပဒေမှာ ပြဋ္ဌာန်းထားတာပဲရှိတယ်။ တကယ့်လက်တွေ့မှာ မြန်မာပြည်သားတွေအပေါ်မှာ လုံခြုံရေးပစ္စည်းတွေပေးတဲ့ စက်ရုံတွေက နည်းပါတယ်။ မရှိသလောက်ပါပဲ” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။
ကိုမုန်တိုင်း ထောက်ပြပြောဆိုသလိုပင် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ သစ်ခွဲစက်တစ်ခုတွင်လည်း လက်အိတ်၊ ဖိနပ် စသည့် အကာအကွယ်ပစ္စည်းများကို အလုပ်ရှင်ဘက်က ထုတ်ပေးခြင်းမရှိဘဲ အလုပ်သမားများ ကိုယ့်ဘာသာ ဝယ်ယူပြီး သုံးစွဲနေရသည်။
အမျိုးသားများအတွက်ပင် အန္တရာယ်များသည့်အလုပ်အဖြစ် သတ်မှတ်ထားသည့် သစ်စက်လုပ်ငန်းများတွင် အမျိုးသမီး အလုပ်သမားဦးရေက ထက်ဝက်ကျော်ရှိနေကြောင်း စူရတ်ဌာနီခရိုင်ရှိ သစ်စက်တွင် လေးနှစ်အကြာ လုပ်ကိုင်နေသည့် မမိုး (အမည်လွှဲ) က ဆိုသည်။
မမိုးလုပ်ကိုင်နေသည့် သစ်ခွဲစက်တွင် အလုပ်သမားဦးရေ ၁၅၀ ခန့်ရှိရာ အမျိုးသမီးအလုပ်သမားက ထက်ဝက်ကျော် ရှိသည်။
အမျိုးသမီးအလုပ်သမားများက ဖြတ်ပြီးသစ်သားများကို ကောက်ယူရသူများရှိသလို သစ်ခွဲသည့်ဝိုင်းလွှခုံတွင် ဝိုင်းဆရာအကူအဖြစ် လုပ်ကိုင်ရသူများလည်း ရှိသည်။
စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းအများစုမှာ လုပ်ခလစာနည်းပါးသည့်အတွက် အဆိုပါ အမျိုးသမီးများက လုပ်ခများသည့် သစ်ခွဲစက်တွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းတို့မှာ အန္တရာယ်ရှိ လုပ်ငန်းခွင်အတွင်း လုပ်နေရသော်လည်း အလုပ်သမားတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေး ခံစားခွင့်မရှိပေ။
အဆိုပါသစ်ခွဲစက်များတွင် လခစားမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြသည့်အတွက် အလုပ်နားရက်အတွက် လုပ်အားခမရကြကြောင်း မမိုးက ဆိုသည်။
ထို့အပြင် အမျိုးသမီးအလုပ်သမား ကိုယ်ဝန်ဆောင်ချိန်နှင့် လစဉ်ဓမ္မတာလာချိန် အလုပ်နားပါက ခွင့်ရက်ခံစားခွင့်လည်း မရကြကြောင်း ၎င်းက ပြောသည်။
“ကိုယ်အလုပ်မဆင်းဘူးဆိုရင် ကိုယ်မရဘူးပေါ့ရှင်။ အကျိုးခံစားခွင့်လည်း မရဘူးရှင်။ ခံစားခွင့်ရမယ်ဆိုတာ သိသိကြီးနဲ့ မရကြတာက များတယ်ရှင်။ သူဌေးကို သွားမပြော(ရဲ)ကြဘူး” ဟု မမိုးက ဆိုသည်။
အလုပ်ရှင်အချို့၏ ခေါင်းပုံဖြတ်မှု
Dawei Watch က တွေ့ဆုံမေးမြန်းခဲ့သည့် အနေအထားအရ ထိုင်းနိုင်ငံထဲရှိ အန္တရာယ်ရှိ လုပ်ငန်းခွင်ထဲမှ အမျိုးသမီးများမှာ အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေကြောင်း သိရှိခဲ့ရသည်။
အခုနှစ်ဆန်းပိုင်းကလည်း အုန်းသီးစက်ရုံတွင်လုပ်ရမည်ဟုဆိုကာ MoU စနစ်ဖြင့် ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ဒေသသို့ ရောက်လာပြီးမှ အုန်းပင်တက်ခိုင်းသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ MoU စနစ်အရ ပြည်ပအလုပ်အကိုင်အေဂျင်စီများဖြင့် ချိတ်ဆက်ပြီး တရားဝင် လာရောက်လုပ်ကိုင်သူများပင် စာချုပ်ပါ အလုပ်ခွင်အတွင်း မလုပ်ကိုင်ရဘဲ အန္တရာယ်များသည့် လုပ်ငန်းခွင်အတွင်း ရောက်သွားလေ့ရှိသည်။
ထိုကဲ့သို့ MoU စနစ်ဖြင့် လာသူများတွင် အမျိုးသမီး အများအပြား ပါဝင်လေ့ရှိသည်။
ယင်းသို့ လုပ်ကိုင်ရရာတွင် ဗိုက်ခွဲပြီးကလေးမွေးထားသည်မှာ လပိုင်းသာရှိသေးသည့် MoU လုပ်သား အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး အုန်းပင်ပေါ်တွင် အုန်းရည်ခံထားသည့်ခွက်များကို တက်ရယူခြင်းဖြစ်သည်။
အမျိုးသားများအတွက်ပင် လုပ်ကိုင်ရခက်ခဲသည့်အလုပ်ဖြစ်ပြီး အုန်းပင်ပေါ်တက်ရာတွင် မကြာခဏချော်ကျလေ့ရှိသောကြောင့် အမျိုးသမီးတစ်ဦး မပြောအပ်သည့်နေရာတွင် အမြဲတမ်းဒဏ်ရာရလေ့ရှိသည်။ သို့သော် မလုပ်နိုင်ဟု ငြင်းနိုင်သည့် အခွင့်အရေးမရှိပေ။
ယင်းသို့ပင် အလုပ်ခွင်အတွင်း မတော်တဆမှုကြောင့် လက်ချောင်းများဆုံးရှုံးလိုက်ရသည့် မမြင့်မှာ ရေခဲသေတ္တာစက်ရုံတွင် အလုပ်ပြန်ဝင်နိုင်ခဲ့သော်လည်း ၂ နှစ်ကျော်ကြာသည်အထိ နစ်နာကြေးကိစ္စမပြောဘဲ အလုပ်ရှင်ဘက်က တုံဏိဘာဝေ လုပ်နေခဲ့သည်။
အခုနှစ် စက်တင်ဘာလ ၂၀ ရက်က အလုပ်သမားလျှော့ချရာတွင် ကိုယ်လက်အင်္ဂါမပြည့်စုံတော့သည့် မမြင့်ကိုပါ အလုပ်ထုတ်လိုက်တော့သည်။
အလုပ်ထုတ်ခံရချိန် အလုပ်ထုတ်နစ်နာကြေးအပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့မှုအတွက် စက်ရုံပိုင်ရှင်ဘက်က နစ်နာကြေး တစ်စုံတစ်ရာ မပေးခဲ့ကြောင်း မမြင့်က ဆိုသည်။
“သူဌေးက ဘာမှ တာဝန်မယူဘူး။ အလုပ်ထုတ်နစ်နာကြေးရော၊ လျော်ကြေးရော ဘာမှမပေးဘူး။ ဒီအတိုင်း အထောက်အထား မရှိသေးတဲ့ လူသစ်တွေနဲ့ရောပြီးတော့ ထုတ်လိုက်တာပဲ။ တာဝန်မဲ့လွန်းတယ်” ဟု မမြင့်က ပြောသည်။
လက်ရှိတွင် ကိုယ်လက်အင်္ဂါမပြည့်စုံတော့သည့် မမြင့်အေးကို အခြားစက်ရုံများက လက်မခံကြတော့သဖြင့် အလုပ်လက်မဲ့ဖြစ်နေပြီး စားဝတ်နေရေးအတွက်ပါ ခက်ခဲနေသည်။
တစ်ဖက်တွင်လည်း အန္တရာယ်ရှိလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရသည့်အလုပ်သမားများကို အလုပ်ရှင်အချို့က လုပ်အားခပုံမှန် မထုတ်ပေးသည့် ဖြစ်စဉ်များလည်း ခပ်စိပ်စိပ်ရှိလာသည်။
လုပ်အားခပုံမှန်မရသည့်အလုပ်သမားများတွင် အန္တရာယ်များအကြား ခက်ခဲပင်ပန်းစွာလုပ်နေရသည့် မစံပယ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွက် နှစ်လစာလုပ်အားခကို အလုပ်ရှင်က ထုတ်မပေးတော့သဖြင့် မစံပယ်တို့ ဇနီးမောင်နှံ စားဝတ်နေရေး အခက်အခဲကြုံလာရသည်။
ထိုကြောင့် လုပ်အားခ နှစ်လစာထုတ်ပေးရန် အလုပ်ရှင်ဖြစ်သူကို တောင်းဆိုခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ထို့အပြင် မစံပယ်တို့ ဇနီးမောင်နှံ၏ အထောက်အထားများကို အလုပ်ရှင်က သိမ်းဆည်းထားသဖြင့် အခြားအလုပ်ကိုလည်း ပြောင်းခွင့်မရခဲ့ပေ။
နောက်ဆုံးတွင်မူ မစံပယ်တို့ အလုပ်သမားတစ်စုက နိုဝင်ဘာလ ၇ ရက်နေ့တွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ သွားကာ လုပ်အားခရလိုကြောင်း အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့ရာတွင် အလုပ်ရှင်က လုပ်အားခမပေးသည့်အပြင် မစံပယ်တို့အလုပ်သမားတွေကို အလုပ်ပါထုတ်ပစ်လိုက်ပြီး နေထိုင်ရာအခန်းကပင် နှင်ထုတ်လိုက်တော့သည်။
နေထိုင်ရာမဲ့ပြီး စားဝတ်နေရေးအခက်အခဲကြုံလာရသည့်အတွက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် WAG ရုံးခန်းတွင် ခိုလှုံနေခဲ့ရကြောင်း မစံပယ်က ပြောသည်။
“ဒီအလုပ်ကို လုပ်ချင်လို့ ဆိုပြီး ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး။ ရရာအလုပ်ကို ဝင်လုပ်နေရတာ။ အဲဒီမှာ လုပ်အားခကလည်း မရ။ လုပ်အားခမရတော့ စားဖို့နေဖို့ အဆင်မပြေ။ ဒုက္ခတွေရောက်ပြီး သူများနေရာမှာ လာပြီး ခိုလှုံနေရတဲ့ အဆင့်ထိ ရောက်လာတာပဲ” ဟု မစံပယ်က ဆိုသည်။
အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားထားသော်လည်း ရက် ၂၀ နီးပါးကြာသည်အထိ မစံပယ်တို့ကို ရုံးချိန်း မပေးသေးကြောင်း ၎င်းက ပြောသည်။
အမျိုးသမီးများအပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများမှာ အလုပ်ရှင်က အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု၊ တာဝန်ကင်းမဲ့မှုများကြောင့် ဖြစ်ကြောင်း မြန်မာအလုပ်သမားကူညီရေးအဖွဲ့အစည်းများက ကောက်ချက်ချသည်။
အလုပ်ထုတ်နစ်နာကြေးနှင့် လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့်နစ်နာကြေးပါ မရခဲ့သည့် မမြင့်တစ်ယောက်လည်း သူရသင့်ရထိုက်သည့် နစ်နာကြေးရရေးအတွက် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ကို တိုင်ကြား ထားခဲ့သည်။
မစံပယ်က သူရသင့်ရထိုက်သည့် နစ်နာကြေးနှင့် အလုပ်တစ်ခု ပြန်ရရန် မျှော်လင့်ထားသလို အဆိုးဆုံး အခြေအနေ အတွက်လည်း စဉ်းစားထားသည်ဟု ဆိုသည်။
သူမျှော်လင့်ထားသလို ဖြစ်မလာပါက လက်မြောက်အရှုံးပေးကာ မြန်မာပြည်ပြန်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မမြင့်က ဖွင့်ဟသည်။
“ဖြစ်သွားပြီးနောက်ပိုင်းက ဘာမှ ပြန်ပြင်လို့ မရတော့ဘူး။ အစားထိုးချင်တာတောင် အစားထိုးလို့မရတော့ဘူး။ တစ်သက်လုံး ဒီအတိုင်းပဲ နေသွားရတော့မှာပဲ” ဟု မမြင့်က ပြောဆိုလိုက်သည်။