BREAKING
December 26, 2024

ရေဖြူတွင် အသက် ၇၀ ကျော်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

November 25, 2024

ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအုပ်စု ကျောက်ဝှက်ကုန်းရွာတွင် အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ဆိုင်ကယ်စီးလာသည့် ဦးဥာဏ်ရွှေကို စစ်ကောင်စီတပ်က ပစ်သတ်သွားခြင်းဖြစ်သည်ဟု ကျောက်ဝှက်ကုန်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလောင်းက ကျင်းထဲမှာ မြေနဲ့ဖုံးခဲ့တယ်။ အလောင်းကို နီးတဲ့နေရာဆွဲသွင်းပြီး ကျင်းဟောင်းထဲမှာ မြေနဲ့ဖုံးခဲ့တယ်၊ ထွက်ပြေးမခံဘဲ(ထွက်မပြေးဘဲ) ပုန်းနေတဲ့တစ်ယောက်က မြင်တာ၊ သူမြင်လို့ ကျွန်တော်တို့အကြောင်းစုံသိရတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

ရေဖြူမြို့အနောက်ဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် ကျောက်ဝှက်ကုန်းရွာဘက်ကို တောလမ်းအတိုင်း စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် မနက် ၁၀ နာရီခန့်တွင် ကျောက်ဝှက်ကုန်းရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီး ရွာထဲတွေ့သမျှ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ရွာဘုန်းကြီးကျောင်းတွင် တစ်ညတာ ထိန်းသိမ်းထားသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီ ရွာထဲဝင်လာစဉ် ဆိုင်ကယ်စီးထွက်လာသည့် ဦးဉာဏ်ရွှေကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းမြေမြှုပ်ထားသည့်နေရာကို နိုဝင်ဘာ ၂၄ ရက် ကတည်းကသိရှိသော်လည်း စစ်ကောင်စီတပ်က ရွာဘုန်းကြီးကျောင်းတွင် စခန်းချတပ်စွဲထားသဖြင့် ချက်ချင်းဖော်ယူ၍ မရခဲ့ဟု ဒေသခံများကဆိုသည်။

နံနက် ၈ နာရီကျော်တွင် ဦးဥာဏ်ရွှေ၏ အလောင်းကိုတူးဖော်ရာ ဦးခေါင်းသေနတ်ဒဏ်ရာ၊ ခြေသလုံးသေနတ်ဒဏ်ရာများ ရရှိထားသည်တွေ့ရပြီး နေ့လယ် ၁၂ နာရီတွင် မီးသင်္ဂြိုဟ်ပေးခဲ့သည်ဟု ကူညီပေးခဲ့သူ အမျိုးသားက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၅) မနက် ၅ နာရီခန့်တွင် ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားသည့် အရပ်သားများကို စစ်ကောင်စီတပ်စစ်ကြောင်းက ပြန်လွှတ်ပေးခဲ့ပြီး လူငယ်အမျိုးသားများကို ကျခတ္တပင်အင်းရွာထိ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း သိရသည်။

ကျခတ္တပင်အင်းရွာ အရောက်တွင် ဖမ်းဆီးလာသည့် အမျိုးသားများကို ပြန်လွတ်ပေးခဲ့ပြီး အမျိုးသားငါးဦးကိုမူ စစ်ကြောင်းနှင့်အတူ ဆက်လက်ခေါ်ဆောင်သွားသည်ဟု ပြန်လွတ်လာသူများက ပြောသည်။

နိုဝင်ဘာ ၁၈ ရက်က ထားဝယ်မြို့ပေါ် အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၈ ရက်တွင် ထားဝယ်မြစ်တစ်ဖက်ကမ်းရှိ ထိန်တွင်း၊ တောင်မင်းပြောင်၊ မြို့ဟောင်းရွာကို စစ်ကြောင်းထိုးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်ကလည်း မြို့ဟောင်းရွာက ဦးကြည်ဝင်းနှင့် ကိုနောင်နောင်တို့နှစ်ဦးကို ပစ်သတ်ကာ တစ်ဦးကို မြေမြုပ်ထားခဲ့သလို တစ်ဦးကို ကောက်ရိုးများနှင့် ဖုံးထားခဲ့သည်။

ယင်းနောက် ရေဖြူမြို့နယ် ဒေါင်းရှောင်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်းစသည့် ကျေးရွာများဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကြောင်းထိုးခဲ့သည့်ကျေးရွာများတွင် အရပ်သားပြည်သူများ၏ နေအိမ်များကို ရိုက်ဖျက်ခြင်း မွှေနှောက်ရှာဖွေခြင်းလုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“အဲ့ဘက်က ထွက်ပြေးလာသူတချို့ ကျွန်တော်တို့ရွာကို ရောက်လာတာရှိပါတယ်ဒေါင်းရှောင်၊ ပိန်းရှောင်ရွာတွေဘက်မှာ လူထိခိုက်သေဆုံးမှုတော့မကြားရဘူး၊ အိမ်တွေတော့ အမွှေခံရတယ် ဖောက်ခံရတယ်လို့ပြောတယ်”ဟု အနီးဝန်းကျင်ကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ကျောက်ဝှက်ကုန်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ၎င်းတို့က ပြောသည်။