BREAKING
January 22, 2025

အိန္ဒိယ ဘာသာရေးနွှယ် ပဋိပက္ခ လူလေးဦးသေဆုံး၊ ရာချီ ထိခိုက်ဒဏ်ရာရ

November 25, 2024

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဆမ်ဘောလ်မြို့တွင် မူဆလင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် လူလေးဦး သေဆုံးခဲ့ရသည်ဟု ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

၁၇ ရာစုနှစ်က မူဆလင်ဗလီတစ်လုံးအား ဟိန္ဒူဘုရားကျောင်းမြေပေါ်တွင် တည်ဆောက်ထားခြင်းရှိမရှိ အာဏာပိုင်များ၏ မြေတိုင်းစစ်ဆေးမှုကြောင့် မြို့ခံမူဆလင်များ၏ ယင်းဆန္ဒပြပွဲများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

မူဆလင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် လူလေးဦး သေဆုံးခဲ့ရပြီး ရဲအရာရှိ ၂၀ ဦးအပါအဝင် လူရာနှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Oneindia သတင်းဌာနက ဖော်ပြထားသည်။ ဆန္ဒပြသူများအား လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆန္ဒပြသူများဘက်ကလည်း ကျောက်တုံး ၊ ကျောက်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် အာဏာပိုင်များဘက်မှ တင်းကျပ်သည့် လုံခြုံရေးအစီအမံများ ချမှတ်ထားပြီး အင်တာနက် ယာယီဖြတ်တောက်ထားသည်။ စာသင်ကျောင်းများ ၊ ကောလိပ်များကို ယာယီပိတ်သိမ်းထားသည်။

ဆမ်ဘောလ်မြို့မှ Shahi Jama Masjid ဗလီကို နယ်မြေတရားရုံး၏ ခွင့်ပြုချက်အရ မြေတိုင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှစ၍ လမ်းပေါ် အဓိကရုဏ်းများ စတင်ဖြစ်ပွားလာခဲ့သည်။ ယင်းဗလီသည် ဟိန္ဒူဘုရားကျောင်းတစ်ခု၏ မြေနေရာပေါ်တွင် တည်ဆောက်ထားကြောင်း ဟိန္ဒူဘုန်းတော်ကြီးတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုပေါ်ပေါက်လာပြီးနောက် မြေတိုင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မဂိုဘုရင်လက်ထက် မူဆလင်အင်ပါယာခေတ်တွင် ဟိန္ဒူဘုရားကျောင်းများကို ဖြိုချပြီး တည်ဆောက်ထားသည့် ဗလီများ ရှိနေသည်ဟု ဟိန္ဒူအမျိုးသားရေးဝါဒီ တက်ကြွလှုပ်ရှားသူများဘက်က အခိုင်အမာပြောဆိုနေကြသည်။

ယခုနှစ်အစောပိုင်းတွင် ဝန်ကြီးချုပ် နရန်ဒရာမိုဒီက အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အယုဒ္ဓယမြို့တွင် ရာစုနှစ်ချီသက်တမ်းရှိ ဗလီတစ်လုံး၏ မြေနေရာပေါ်၌ ကြီးကျယ်ခမ်းနားသည့် ဟိန္ဒူဘုရားကျောင်းသစ်တစ်ဆောင် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟိန္ဒူအမျိုးသားရေးဝါဒီတက်ကြွလှုပ်ရှားသူများဘက်က ပိုမိုရဲတင်းတက်ကြွလာခဲ့ကြသည်။ အဆိုပါ ဗလီအား ၁၉၉၂ ခုနှစ်တွင် အာဏာရဘီဂျေပီပါတီ၏ အဖွဲ့ဝင်များက ဦးဆောင်ဖြိုဖျက်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် အိန္ဒိယနိုင်ငံတလွှားတွင် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရသည်။ သေဆုံးသူအများစုမှာ မူဆလင်များ ဖြစ်သည်။

၂၀၁၄ ခုနှစ် မိုဒီဝန်ကြီးချုပ်ဖြစ်လာချိန်ကစပြီး အိန္ဒိယနိုင်ငံတွင် တရားဝင်ပြဌာန်းထားသည့် ဘာသာရေးနှင့် နိုင်ငံရေးမရောယှက်သည့် လောကီသက်သက်နိုင်ငံရေးစနစ်ကို လူအများစုကိုးကွယ်ရာ ဟိန္ဒူဘာသာဘက် ပိုယိမ်းလာအောင် တောင်းဆိုသံများ ပိုမိုကျယ်လောင်လာခဲ့သည်။ ယင်းမှာ လူဦးရေ သန်း ၂၁၀ ဝန်းကျင်ရှိ လူနည်းစု အိန္ဒိယမူဆလင်များအတွက် ပိုမိုရတက်မအေးစရာ ဖြစ်လာနေခဲ့သည်။ ဟိန္ဒူအမျိုးသားရေးဝါဒီများက မိုဒီအား ၎င်းတို့ အတွေးအခေါ်အယူအဆ၏ ခေါင်းဆောင်အဖြစ် ရှုမြင်ကြသည်။

Source – CNA, Oneindia