BREAKING
January 22, 2025

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ထုတ်ပြန်

November 25, 2024

လက်ရှိစစ်ရေးတင်းမာနေမှုကို စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း တရုတ်အစိုးရ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ဘေးဒဏ်သင့်ပြည်သူများကို ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုခြင်းတို့ကြောင့် နှစ်ဖက် စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးရန်အသင့်ရှိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရ၏ ကြားဝင်ကြိုးပမ်းမှုအပေါ် အမြဲတမ်းပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း ကောင်မွန်သည့်ရလဒ်များ ရရှိရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း TNLA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်များကို တအာင်းဒေသရှိ မြို့ရွာများမှ တိုက်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာ ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးရာတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

တအာင်းတပ်သည် တအာင်းပြည်နယ်ရရှိရေး လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် အမြဲတစေကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လက လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်အပြီးတွင် တရုတ်အစိုးရ နယ်စပ်တွင်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုက်ပွဲရပ်ဆိုင်းရန် ဖိအားပေးခြိမ်းခြောက်မှုများ စတင်လာခဲ့သည်။

ယင်းအပြင် တရုတ်နိုင်ငံခြားရေးဝန်းကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့် ‘ဝ’ တပ်ဖွဲ့ခေါင်းဆောင်များ အောက်တိုဘာလက တွေ့ဆုံရာတွင်လည်း လားရှိုးမြို့မှ ကိုးကန့်တပ် ဆုတ်ခွာရန် သတိပေးခဲ့ပြီး ဖြတ်တောက်ပိတ်ဆို့မှုများကိုလည်း ပြုလုပ်ခဲ့သည်။

ယင်းအပြင် ကိုးကန့်တပ် ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း တရုတ်က ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တရုတ်ဘက်ကမူ ယင်းသတင်းကို ငြင်းဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်က စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့ ၁၀ မြို့ကျော်ကို သိမ်းယူနိုင်ခဲ့သည်။