BREAKING
December 26, 2024

ထားဝယ်မြစ်အတွင်း မျောနေသည့်အလောင်းမှာ ပိန်းတောရွာသားဖြစ်နေ

November 25, 2024

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာကူးတို့ဆိပ်အနီး ထားဝယ်မြစ်ထဲတွင် တွေ့ရှိသည့် ရုပ်အလောင်းမှာ ပိန်းတောရွာသားဖြစ်ကြောင်း ဒေသခံနှင့် တနင်္သာရီတိုင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြစ်ထဲ မျောနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထားဝယ် အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆယ်ယူပြီး ထားဝယ်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါအမျိုးသားမှာ ပိန်းတောရွာသား အသက် ၄၂ နှစ်အရွယ်ရှိ ဦးသိန်းစိုးဖြစ်ပြီး ပိန်းတောရွာလှေဆိပ်အနီးရှိ ထားဝယ်မြစ်အတွင်း ရေနစ်မြှုပ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။

“အလောင်းမတွေ့ခင် နှစ်ရက်သုံးရက်လောက်က ရေနစ်ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးရှိတယ်ဆိုပြီး ရွာခံပရဟိတ အဖွဲ့က ဆက်သွယ်စုံစမ်းလာလို့ ဆေးရုံကြီးမှာ သွားကြည့်တော့ ပိန်းတောရွာသားဆိုတာကို အတည်ပြုနိုင်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ငါးဖမ်းလှေ ပြုပြင်နေချိန် ရေငုပ်ရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။