ပုလောမြို့နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှု များလာကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့်ဖြစ်စဉ် ငါးကြိမ်ထက်မနည်းရှိခဲ့ပြီး ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ်သားခြောက်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
အရပ်သားပြည်သူများ အဓိကအသုံးပြုသွားလာနေသည့် လမ်းများ၊ ဥယျာဉ်ခြံသွားလမ်းနှင့် ကျေးရွာချင်းဆက် လမ်းများတွင် အများဆုံးပေါက်ကွဲခဲ့ကြောင်း ပုလောဒေသခံတစ်ဦးက ဆိုသည်။
“မိုင်းထိတဲ့ လူများလာတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတိုင်းကို (မိုင်း) ပေါက်နေတာပါ။ ထိလိုက်ရင်လည်း ပြင်းပြင်း ထန်ထန်ကြီးတွေ။ ကိုယ်တွေတောင် ဘယ်အချိန်ထိမလဲ စိတ်ပူနေရတယ်” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်တွင် စပူပြင် (လေးမိုင်) ကျေးရွာမှ ဥယျာဉ်ခြံသို့ သွားသည့် ဇနီးမောင်နှံနှစ်ဦးထိခိုက်သလို ၂၀ ရက် တွင်လည်း ကဒဲရွာတွင် မိုင်းပေါက်သည့်အတွက် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် နိုဝင်ဘာလဆန်းတွင် ပဝတ်ကုန်းရွာနှင့် ပဝတ်ဖျားရွာကြား၌ အသက် ၁၄နှစ်အရွယ် လူငယ်တစ်ဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရသဖြင့် ဆေးကုသနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အောက်တိုဘာလအစောပိုင်းကလည်း တောင်ယာကမ်းရွာနေ အမျိုးသားတစ်ဦး ဥယျာဉ်ခြံသို့သွားချိန် မိုင်းထိခဲ့သလို အောက်တိုဘာလ ၂၉ ရက်ကလည်း တပိုရွာရှိ ကျေးရွာချင်းဆက်လမ်းတွင် မိုင်းနင်းမိသည့်အတွက် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
“ကော်(ရော်ဘာ)လေး ခြစ်လိုက် ရောင်းလိုက် စားလိုက်လုပ်နေရတာ။ တိုက်ပွဲဖြစ်ရင် အကုန်နားပြီးပြေးရတာပါ။ မသွားနဲ့ဆို တားထားပေမယ့်လည်း ဝမ်းစာရေးအတွက် မသွားလို့က မရဘူးလေ ။အသွားအပြန် ဘယ်အချိန်ထပေါက်မလဲမသိဘူး ဘုရားတနေရတယ်” ဟု ပုလောဒေသခံ နောက်တစ်ဦးက ပြောသည်။
ပဝတ်ကုန်းရွာမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်ချိန် အရပ်သားနေအိမ်နှင့် ခြံဝင်းအတွင်း မိုင်းများထောင်ထား၍ ရှင်းလင်း နေရကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် တောကြီးမြွေဟောက် (King Cobra Force) အဖွဲ့က ယခုလအတွင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ပုလောမြို့နယ်အတွင်းရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေရပြီး မြေပြင်အခြေအနေ အနည်းငယ် ငြိမ်သက်ချိန်တွင် ရပ်ရွာသို့ပြန်လည်ဝင်ရောက်လာချိန် ယင်းကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဉ်များဖြစ်ပွားလာခြင်းဖြစ်သည်။