BREAKING
January 5, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ

စစ်ဆင်ရေး ထပ်မံတိုးမြှင့်မယ်လို့ မြောက်ပိုင်းမဟာမိတ်ပြော

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး ရောက်ရှိတဲ့ ဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီတပ်ရဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ကုန်းတွေ၊ နေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်နဲ့ လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။

စစ်ဆင်ရေးစတင်တဲ့နေ့ကနေ စတင်တိုက်ခိုက်နေတဲ့ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ အကြိမ် ၁၃၀ကျော် တိုက်ခိုက်နေတဲ့ကြားက ၂၈ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၄ရက်မှာ TNLA က သိမ်းယူနိုင်ခဲ့ပါတယ်။

ကိုးကန့်ဒေသမှာလည်း စစ်ကောင်စီတပ်စခန်းတွေ၊ တောင်ကုန်းတွေကို သိမ်းယူနိုင်ပြီဖြစ်လို့ စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်နေပြီလို့ MNDAA ကဆိုပါတယ်။  လောက်ကိုင်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဒေသခံတွေ ထွက်ခွာသွားကြဖို့ MNDAA က အသိပေးထားသလို တရုတ်သံရုံးလည်းကလည်း လောက်ကိုင်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာသွားဖို့ ထုတ်ပြန်ထားပါတယ်။

……………………………………

ချင်းမှာ ဒုတိယမြောက်မြို့ သိမ်းယူခံရ

ချင်းပြည်နယ် လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာလ ၂၄ ရက်မှာ သိမ်းယူလိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိတဲ့ ရိခေါဒါရ်မြို့ကို သိမ်းယူပြီးနောက် ၁၀ရက်ကျော်အကြာမှာ ဒုတိယမြောက်မြို့အဖြစ် မတူပီမြို့နယ်ထဲမှာရှိတဲ့ လိုင်းလင်းပီမြို့ကို ချင်းတော်လှန်ရေးအဖွဲ့တို့က သိမ်းယူလိုက်တာပါ။

လေယာဉ်ကွင်းငယ်တည်ဆောက်နေတဲ့ လိုင်းလင်းပီမြို့မှာရှိတဲ့ (ခလရ) ၃၀၄ စစ်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၉ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေ စတင်တိုက်ခိုက်ပြီး ခြောက်ရက်အကြာမှာ မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အလားတူ ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကိုတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သိမ်းယူထားပြီး နယ်စပ်တံတားပေါ်မှာ ချင်းအမျိုးသားအလံလွှင့်ထူထားပါတယ်။

……………………………………

အာဏာသိမ်းပြီးနောက် အကြီးဆုံးတိုက်ပွဲဖြစ်နေပြီး အရပ်သားထိခိုက်မှုများလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အခုကာလဟာ တိုက်ပွဲအကြီးမားဆုံးနဲ့ မြေပြင်ပထဝီအနေအထားအရလည်း အကျယ်ပြန့်ဆုံးဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်လာပြီး အထူးသဖြင့် ရှမ်းမြောက်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ချင်းနဲ့ မန္တလေးတို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှုလည်း များလာပါတယ်။ တိုက်ပွဲတွေ၊ တိုက်ပွဲတွေနဲ့ ဆက်စပ်ဖြစ်ရပ်တွေကြောင့် လူနှစ်ရာနီးပါး သေဆုံးပြီး ၂၆၀ကျော် ထိခိုက်ဒဏ်ရာရတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးရမှုကလည်း စိုးရိမ်ဖွယ် မြင့်တက်လာပြီး စစ်ဆင်ရေးကာလ တစ်လနီးပါးအကြာတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသိန်းသုံးသောင်းကျော်သွားပြီလို့ ဆိုပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူ နှစ်သန်းကျော်သွားပါပြီ။

အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဆိုးရွားစွာ ပိတ်ဆို့ပြတ်တောက်နေပြီး အရပ်သားရွှေ့ပြောင်း သွားလာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးအပ်နိုင်ဖို့ အဟန့်အတားတွေ ဖြစ်ပေါ် နေပါတယ်။

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ပိတ်ဆို့ခံနေရတာတွေကြောင့် စစ်ရေးပြင်းထန်တဲ့ မြို့တွေမှာ ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရပါတယ်။

……………………………………

ရခိုင်မှာ စစ်ရေးပြင်းထန်လာပြီး မြို့တွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရ

ရခိုင်မှာ စစ်ရေးပြင်းထန်လာပြီး မြို့တွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းလေးခု အပါအဝင် စစ်ကောင်စီတပ် စွန့်ခွာသွားတဲ့ စခန်း ၄၀ကျော်ကို သိမ်းယူထားနိုင်တယ်လို့ AA က ဆိုပါတယ်။

နိုဝင်ဘာလ ၂၄ရက်က စစ်ကောင်စီတပ် စစ်သင်္ဘောက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နှစ်လုံး ပုဏ္ဏားကျွန်းမြို့ မြို့မစျေးမှာ ကျရောက်ပေါက်ကွဲတာကြောင့် စျေးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ပါတယ်။

ပေါက်တောမှာ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးတွေကို AA က သိမ်းယူကာ မြို့ကိုထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေခဲ့ပါတယ်။ မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လူသားဒိုင်းသဖွယ်ခေါ်ဆောင်ထားတဲ့ ပြည်သူနှစ်ရာကျော်ကို နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ကယ်ထုတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဲဒီနောက် ၂၃ရက်နဲ့ ၂၅ရက်တွေမှာ စစ်ကောင်စီတပ် စစ်သင်္ဘောက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ပေါက်တောမြို့ထဲ ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မင်းပြားမြို့ကိုလည်း နိုဝင်ဘာလ ၂၅ ရက်မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

……………………………………

စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးချတယ်လို့ မြောက်ပိုင်းမဟာမိတ်ပြော၊ စစ်ကောင်စီငြင်း

ရှမ်းမြောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ အသုံးပြုနေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောပါတယ်။

ကိုးကန့်တပ် MNDAA သိမ်းယူထားတဲ့ နမ့်စလပ်တောင်ကုန်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်မှာ အဆိပ်ဗုံး လေးလုံးလာချတာကြောင့် MNDAA တပ်ဖွဲ့ဝင်တွေ အဆိပ်ငွေ့ရှူမိပြီး ခေါင်းမူးအော့အန်တာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၈ ရက်ကလည်း တအာင်းတပ် TNLA သိမ်းယူထားတဲ့ နမ့်ခမ်းမြို့နယ် စခန်းသစ်တပ်ကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရဲဘောတချို့ အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ ၄ ရက်ကလည်း လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို တိုက်ခိုက်နေချိန် အဆိပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း နှစ်ရာကျော်နဲ့ မြို့နယ် ကိုးခုကို လက်လွတ်ဆုံးရှုံးလိုက်ရတာကြောင့် အခုလို အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်လာတာလို့ MNDAA က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဓာတုအဆိပ်ငွေ့ဗုံးသုံးတာမရှိဘူးလို့ ငြင်းထားပြီး MNDAA နဲ့ TNLA ဘက်က အထိနာလို့ အခုလို စွပ်စွဲတာလို့ တုံ့ပြန်ထားပါတယ်။

……………………………………

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း လက်နက်ကြီးကျလို့မီးလောင်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ကျင်စန်းကျော့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ကားဝင်းထဲမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၃ ရက် မနက်ပိုင်းက မီးလောင်တာဖြစ်ပြီး ကုန်တင်ကား အစီးရေ ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကို ကုန်ပစ္စည်းတင်သွင်းလာတဲ့ ကုန်ကား နှစ်ရာကျော် တိုက်ပွဲအခြေအနေတွေကြောင့် ကားဝင်းထဲမှာ တထောက် ရပ်နားထားကြတာပါ။

အခုလိုမီးလောင်ပျက်စီးတာကြောင့် ကျပ်သိန်းသောင်းချီဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်နက်ကြီးကျည်ဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ကုန်သည်တွေ၊ ကုန်ကားသမားတွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက် ကို ကိုးကားလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပြီး ​MNDAA ၊ TNLA နဲ့ ပူးပေါင်းတပ်တွေက ဗုံးချတာလို့ စွပ်စွဲထားပါတယ်။ 

……………………………………

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းနဲ့ မိသားစုဝင် တစ်ရာကျော်ကို နေရပ်ပြန်ပို့ 

ကရင်နီပြည် လွိုင်ကော် တက္ကသိုလ်ဝန်ထမ်းနဲ့ မိသားစုဝင် တစ်ရာကျော်ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပါတယ်။

၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်ခဲ့သည့် ဝန်ထမ်းနှင့် မိသားစုဝင် ၂၀၄ဦးကို စုံစမ်းစစ်ဆေး ပြီးနောက် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိသူ ၁၀၇ဦးကို ပြန်ပို့ပေးလိုက်တယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေ ဆက်လက်စုံစမ်းစစ်ဆေးပြီးရင် နေရပ်ပြန်ပို့ပေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မှာ ပိတ်မိနေတဲ့ UN ၊ INGO ဝန်ထမ်းတွေနဲ့ မိသားစုဝင် နှစ်ရာကျော်ကိုလည်း တောင်ကြီးမြို့သို့ ပို့ဆောင်ပေးခဲ့တယ်လို့ IEC နဲ့ NUG က ထုတ်ပြန်ထားပါတယ်။

……………………………………