မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က အမျိုးသားတစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်က လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာတပ်ဖွဲ့ထံမှသိရသည်။
နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က ပလမြို့တွင်းသို့ PDF တပ်ဖွဲ့ဝင်အချို့ဝင်လာပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“အဖမ်းခံရတာက အမှတ်(၃)ရပ်ကွက်က ဦးဟင်အေး လို့ပြောတယ်။ စစ်တပ်ကို သတင်းတွေ ဘာတွေပေးတာလုပ်သလား မသိရသေးဘူး” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပလမြို့နေ စစ်ကောင်စီသတင်းပေးဟု သံသယရှိသူတစ်ယောက်အား ခေါ်ယူစစ်ဆေးနေကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။
“လောလောဆယ် ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေဆဲပါ” ဟု ၎င်းက ပြောသည်။
ဦးဟင်အေးအား ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်အထွက်တွင် ပလမြို့ရဲစခန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်တယ်ထင်နေတာ။ လူလာဆွဲတာဆိုပြီး နောက်မှသိရတယ်” ဟု ပလဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ယခင်ကလည်း စစ်ကောင်စီသတင်းပေးများဟု သတင်းထွက်သူများ ဖမ်းဆီးစစ်ဆေးခံခဲ့ကြရပြီး ပြန်လည်လွတ်မြောက် လာသူများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။