ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်က ပကာရီရွာသားနှင့် ပခပ်ရွာသား အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ နိုဝင်ဘာလ ၂၅ရက် နံနက် ၅ နာရီခန့်က မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်က ပကာရီကျေးရွာကို ရောက်ရှိနေပြီး တောလမ်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်နေသည်ဟု ဒေသခံအချို့က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် တောလမ်းကနေ စစ်ကြောင်းထိုးသွားနေပြီး ဥယျာဉ်ခြံထဲမှာတွေ့သည့် ပကာရီရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဖမ်းထားတဲ့ လူတွေကို ရိက္ခာသယ်ခိုင်းတာလည်း မတွေ့ရဘူး။ ဒီအတိုင်း ကာဗာယူဖို့ ခေါ်ထားတဲ့ပုံစံပဲ။ လမ်းပြလုပ်ခိုင်း ရအောင်ကလည်း ဒီလမ်းတွေက သူတို့သိနေတဲ့ သွားနေကြလမ်းတွေပဲ။ အခုလာတဲ့စစ်ကြောင်းမှာ အသက်ကြီးကြီး စစ်သားတွေချည်းပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ယင်းအပြင် ပခပ်ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံအချို့က ပြောဆိုသလို အချို့ကလည်း ပခပ်ရွာသား သုံးဦးဟု ပြောဆိုသည်။
ဖမ်းဆီးခံရသည့် ပခပ်ရွာသား မည်မျှရှိသည်ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။
“ဟိုနေ့က (အရှေ့တောဒေသ) ကျောက်မဲတောင်မှာ တိုက်ပွဲဖြစ်ထားတာဆိုတော့ နယ်မြေထိန်းဖို့ရောက်လာတာဖြစ်မယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အိမ်တွင် လူမရှိသည့်အခါ နေအိမ်များ ရိုက်ဖျက်ခံရခြင်း၊ ပစ္စည်းများ ခိုးယူခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ နေအိမ်မီးရှို့ခံရသည့် ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်း မလုပ်ကြသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“အမတို့ ရွာကတွေတော့ ဘယ်မှမပြေးကြဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်။ တိုက်ပွဲဖြစ်လာရင် မြောင်းတွေ ချောင်းတွေပေါတယ်လေ၊ အဲဒီမှာဝင်ပုန်းနေရုံပဲ။ လက်နက်ကြီးပဲ ကြောက်ရတယ်” ဟု ပကာရီကျေးရွာက အထက်ပါ အမျိုးသမီးက ပြောသည်။
ရိက္ခာအမြောက်အများပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပကာရီရဲကင်းစခန်းရှေ့တွေင် ကားများကို ရပ်ထားပြီး ပကာရီကျေးရွာ စာသင်ကျောင်းတွင်လည်း အချို့ကျန်ရှိနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။