BREAKING
January 22, 2025

ရေထွက်ကုန်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

October 25, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ငါးနှင့် ပုစွန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပုစွန်ချောကြီးတစ်ပိဿာလျှင် လေးသောင်းကျပ်သာစျေးရှိရာမှ ယနေ့ အောက်တိုဘာလ ၂၅ရက် တွင် ငါးသောင်းကျပ်ဖြစ်လာသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ငါးကွန်းရှပ်တစ်ပိဿာလျှင် ပြီးခဲ့သည့် သီတင်းပတ်က နှစ်သောင်းငါးထောင်ကျပ်မှ ယနေ့ညတွင် သုံးသောင်းကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်ငါးထောင်ဈေးတက်သွားခြင်းဖြစ်သည်။

ကထိန်အလှူရာသီဖြစ်သဖြင့် ငါးပုစွန် အဝယ်များခြင်းနှင့် ရာသီဥတုကြောင့် ငါးဖမ်းလှေအချို့ ရပ်နားထားခြင်းကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်သူများက ပြောသည်။

ယင်းအပြင် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် စားသုံးဆီ၊ ကြက်သွန်နီ ဈေးများလည်း မြင့်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီတစ်လီတာလျှင် ၇၄၀၀ ကျပ်ရှိပြီးယနေ့ ၇၆၀၀ကျပ် ဖြစ်လာသည်။

ယင်းအပြင် ယခင်အပတ်က ကြက်သွန်နီ တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ယနေ့ ၄၁၀၀ ကျပ်ဖြစ်သွားပြီး ကြက်သွန်နီ တစ်ပိဿာလျှင် တစ်ပတ်အတွင်း ကိုးရာကျပ် ဈေးထပ်တက်သွားသည်။

ယခုသီတင်းပတ်တွင် ဆန်ကြမ်းနှင့် အာလူးတို့မှာမူ ဈေးကျနေသည်။

အကယ်ဒမီရက် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် ပြီးခဲ့သည့် သီတင်းပတ်က ၁၀၈,၀၀၀ ကျပ်မှ ယနေ့ ၁၀၇,၀၀၀ ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်ထောင် ဈေးကျသွားသည်။

အာလူးဈေးမှာလည်း ယခင်အပတ်ကထက် ငါးရာကျပ် ဈေးကျသွားသည်။