BREAKING
January 10, 2025

ဖခင် လက်ထက် တာ့ခ်ဘိုင်အစုလိုက်အပြုံသတ်ဖြတ်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်

October 25, 2024

ဖခင်ဖြစ်သူ သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် လွန်ခဲ့သည့် အနှစ် ၂၀ က ဖြစ်ပွားခဲ့သော နိုင်ငံ့တောင်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကြာသပတေးနေ့တွင် တောင်းပန်လိုက်သည်။

ယင်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများသည် လက်ရှိအချိန်အထိ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေဆဲ ဖြစ်သည်။

တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေထုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သက်ဆင်သည် ယင်းဖြစ်ရပ်အတွက် လွန်ခဲ့သော ၂ နှစ်က တောင်းပန်ခဲ့ဖူးသည်။ သို့သော် ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသည်ဟု သက်ဆင်က ဝန်မခံခဲ့ပေ။

ထိုင်းဥပဒေအရ ပြစ်မှုတစ်ခုကို ရုံးတင်စစ်ဆေးရန် အများဆုံးခွင့်ပြုပေးထားသည့် ကြာချိန်သည် အနှစ် ၂၀ ဖြစ်သည်။ တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ရုံးတင်စစ်ဆေးရန် ခွင့်ပြုထားသည့် ကြာချိန်သည် ယနေ့ သောကြာနေ့ညတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

ယင်းသို့ သက်တမ်းကုန်ဆုံးခါနီး နာရီပိုင်းအလိုတွင်မှ ထိုင်းဝန်ကြီးချုပ်က ယခုကဲ့သို့ လူသိရှင်ကြား တောင်းပန်လိုက်ခြင်း ဖြစ်သည်။

ကြိုးတုပ်ချည်နှောင်ခံထားရပြီး စစ်ထရပ်ကားနောက်ခန်းထဲတွင် တစ်ယောက်အပေါ် တစ်ယောက်ဆင့်ကာ ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါသွားခဲ့ရသည့် ဆန္ဒပြသူ ၇၈ ဦး အသက်ရှူကြပ် သေဆုံးခဲ့ရသည့် ယင်းဖြစ်ရပ်သည် တာ့ခ်တိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု နာမည်ကျော်သည်။

၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်း နရာသီဝပ်ပြည်နယ်၊ တာ့ခ်ဘိုင်မြို့တွင် ခွဲထွက်ရေးဝါဒီ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖိနှိပ်ဖြိုခွင်းမှုကြောင့် စုစုပေါင်း လူ ၈၅ ဦး သေဆုံးခဲ့သည်။

ထိုနှစ်တွင် ဖြစ်ပွားခဲ့သည့် ခွဲထွက်ရေးဝါဒီများ၏ ဆူပူအုံကြွမှုတွင် တာ့ခ်ဘိုင်အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုသည် နာမည်အကျော်ဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။

ယင်းကာလနောက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ ထိုင်းတောင်ပိုင်းမှ ခွဲထွက်ရေးဝါဒီ လှုပ်ရှားမှုများကြောင့် လူပေါင်း ၇၆၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။

“ဖြစ်ခဲ့တာတွေအတွက် ကျွန်မ တကယ်ကို လေးလေးနက်နက် စိတ်မကောင်းဖြစ်ရပါတယ်။ အစိုးရအဖွဲ့ကိုယ်စား ကျွန်မ တောင်းပန်ပါတယ်”ဟု အလားတူဖြစ်ရပ်များ ထပ်မဖြစ်စေရန် ကတိပြုရင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်က ပြောသည်။

ယင်းဖြစ်ရပ်တွင် သေဆုံးခဲ့ရသူများသည် တာ့ခ်ဘိုင်မြို့ ရဲစခန်းအပြင်၌ ထောင်နှင့်ချီသော အစ္စလာမ်ဘာသာများ စုဝေးတောင်းဆိုဆန္ဒပြရာတွင် အဖမ်းခံခဲ့ရသူများ ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လုပ်ဖော်ကိုင်ဖော် ၆ ဦးကို ပြန်လွှတ်ပေးရေးအတွက် လူပေါင်း ၁၂၀၀ ခန့်က ထိုနေရာတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကြီးထဲသို့ သေနတ်နှင့် ပစ်ခဲ့၍ လူ ၇ ဦး သေဆုံးခဲ့ရသည်။

ယင်းနောက် အဖမ်းခံထားရသည့် ဆန္ဒပြသူ ၇၈ ဦးကို စစ်တပ်ထရပ်ကားထဲ ကြိုးတုပ်ချည်နှောင်၍ တစ်ယောက်ခန္ဓာကိုယ်ပေါ် တစ်ယောက်ထပ်ကာ ငါးပိသိပ် ငါးချဉ်သိပ် သယ်ဆောင်သွားခဲ့သည်။ နရာသီဝပ်ပြည်နယ်မှနေ၍ ပထာနီပြည်နယ်သို့ ငါးနာရီကြာ မောင်းနှင်ပို့ဆောင်မှုတွင် ဆန္ဒပြသူ ၇၈ ဦး အသက်ရှူပ်ကြပ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ယင်းဖြစ်ရပ်အတွင် တာဝန်ရှိသည့် အာဏာပိုင်များကို တရားစွဲရန် ကြိုးပမ်းမှုအားလုံးသည် အရေးနိမ့်ခဲ့သည်။ ထိုင်းဥပဒေအရ ယင်းအမှုကို တရားစွဲဆိုရန် ခွင့်ပြုထားသည့် ကြာချိန်သည် သောကြာနေ့ညတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံရေးဇာတ်မသွင်းရန် ပေထုန်တန်က ပြောသည်။

အနှစ် ၂၀ ကြာ ခွင့်ပြုထားသည့် တရားစွဲဆိုခွင့် သက်တမ်းသည် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ တရားစွဲဆိုခွင့်သက်တမ်းကို ထပ်တိုးမည်ဆိုပါက အခြေခံဥပဒေကို ချိုးဖောက်ရာ ကျမည်ဖြစ်၍ ထပ်တိုးရန် မဖြစ်နိုင်တော့ကြောင်း သူမက ဆိုသည်။

Ref: Bangkok Post