BREAKING
January 11, 2025

စစ်ကောင်စီစစ်ကြောရေး၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ထားဝယ်တွင် လူငယ်တစ်ဦးသေဆုံး

October 25, 2024

စစ်ကောင်စီတပ် စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဥ် ရိုက်နှက်ထားသည့် ဒဏ်ရာများကြောင့် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦး သေဆုံးသွားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံက သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် သေဆုံးသွားသည့် ယင်းလူငယ်မှာ ဝဲကျွန်း ထိန်ဟောင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပန်းရန်အလုပ်လုပ်သူ တစ်ဦးဖြစ်ကြောင်း၊ အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ၎င်းတို့ကဆိုသည်။

ဖုန်းအတွင်း နိုင်ငံရေးအကြောင်း မျှဝေထားသည့် ပို့စ်များတွေ့သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်ပြီး စစ်ကြောရေးတွင် စစ်ဆေးနေသည်ကို မိသားစုက မသိရှိခဲ့ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ဖြစ်ကတည်းက နေရာစုံလိုက်မေးကြည့်နေကြတာပဲ။ ဘယ်(ရဲစခန်း)မှာမှမရှိဘူးလို့ပဲ ပြောကြတယ်” ဟု ၎င်းကပြောပြသည်။

အောက်တိုဘာ ၁၄ ရက်တွင် ထားဝယ်ဆေးရုံကြီး၌ ဆေးရုံတင်ထားသည်ဟု မိသားစုထံ ဆေးရုံက ဆက်သွယ်လာချိန်မှာသာ အဆက်အသွယ်ပြန်ရခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာ၊ မီးဖြင့်တို့ခံရသည့် ဒဏ်ရာများကို ဆေးကုသခံယူရန် စစ်ကောင်စီတပ်က ဆေးရုံလာပို့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိသည့်ဒေသခံများကဆိုသည်။

ယင်းနောက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရွှေ့ပြောင်းကာ ကုသစဥ် ဓာတ်မှန်ရိုက်စစ်ဆေးကြည့်ရာ ကျောက်ကပ်ပျက်စီးနေကြောင်းသိရသဖြင့် နေအိမ်သို့ ပြန်ခေါ်လာပြီးနောက် အောက်တိုဘာလ ၂၂ ရက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ်၏ စျာပနကို အောက်တိုဘာလ ၂၄ ရက်ကပြုလုပ်ပြီးဖြစ်ကြောင်း ဝဲကျွန်းရပ်ကွက် နေသူများထံကသိရသည်။