BREAKING
January 10, 2025

ထားဝယ်တွင် ကြက်သွန်နီဈေးတက်

October 25, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးနှုန်းမြင့်တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်မများထံမှ သိရသည်။

စက်တင်ဘာလ ၂၇ရက်ကစပြီး တစ်ပိဿာ ၃၂၀၀ကျပ်ဖြင့် လေးပတ်ဆက်ဈေးငြိမ်နေသည့် ကြက်သွန်နီဈေးသည် အောက်တိုဘာလတတိယပတ်တွင် တရိပ်ရိပ်တက်လာကြောင်း ထားဝယ်မြို့ ရှိ စားသုံးကုန်စည်ရောင်းချသူများက ပြောသည်။

အောက်တိုဘာလ ၁၈ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဈေးရှိရာမှ ယနေ့ အောက်တိုဘာလ ၂၅ရက်တွင် ၄၁၀၀ ကျပ်ဖြစ်လာသဖြင့် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကိုးရာကျပ် ဈေးတက်သွား ကြောင်း ထားဝယ်မြို့ ရှိ စားသုံးကုန်ရောင်းချသူတစ်ဦးက ဆိုသည်။

“ကြက်သွန်ဟောင်းတွေ ကုန်ခါနီးတော့ ဈေးတက်နေတဲ့ သဘောပါ။ ဒီဇင်ဘာလောက်မှာ အသစ်က ထွက်လာမယ့် အသစ် ကလည်း ချက်ချင်း သုံးလို့မရဘူးလေ” ဟုအထက်ပါစားသုံးကုန်စည် ရောင်းချသူက ပြောသည်။

ကြက်သွန်နီဈေးမှာ ပြီးခဲ့သည်လပိုင်းက ၁၀ပိဿာဝင်တစ်အိတ်လျှင် အများဆုံးကျပ် ၂၉၀၀၀ကျော်အထိသာရှိသော်လည်း ယနေ့ ထားဝယ်ဈေးကွက်တွင် လေးသောင်းကျပ်အထိ ရောင်းချနေကြကြောင်း လောင်းလုံးမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

“နှစ်ရက်လောက်က ၃၉၀၀၀ပဲ ရှိသေးတယ်။ အခုဒီနေ့ မေးလိုက်တာ ၄၁၀၀၀ လို့ ပြောတယ်။ ကြက်သွန်နီဈေးက ဒီရက်ပိုင်း တော်တော်တက်နေတာ” ဟု အထက်ပါအိမ်ရှင်မက ပြောသည်။

ထားဝယ်ရိုးရာ မုန့်လက်သုပ်တွင် ကြက်သွန်နီသည် မပါမဖြစ် အသုံးပြုရသည့်ပစ္စည်းဖြစ်သည်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ကထိန်ရာသီဖြစ်သည်။ ယခုနှစ် ကထိန်အလှူပွဲများသည် ယမန်နှစ်ကထက်များလာပြီး ကြက်သွန်ဝယ်လိုအားမှာလည်း ယခင်နှစ်ထက် များလျက်ရှိကြောင်း ထားဝယ်မြို့ရှိ စားသုံးကုန်စည်ရောင်းချသူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ကထိန်ရာသီဖြစ်သည့် အောက်တိုဘာလတွင် ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်နှင့် နိုဝင်ဘာလတွင် လေးထောင်ကျပ်၊ ကြက်သွန်နီအဟောင်းပြတ်ချိန် ဒီဇင်ဘာလတွင်မူ ငါးထောင်ကျပ်အထိ အမြင့်ဆုံးတက်သွားခဲ့သည်။

အခြားမီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်ဖြူနှင့် ငရုတ်ဈေးမှာ ဈေးငြိမ်နေသည်။ ကြက်သွန်နီကို ထားဝယ်ဒေသအတွက် ရန်ကုန်နှင့် မော်လမြိုင်မြို့များမှတစ်ဆင့် မှာယူရောင်းချကြသည်။