BREAKING
January 10, 2025

စစ်ကောင်စီက နိုင်ငံခြားငွေရရန် ထိုင်းရောက် MOU လုပ်သားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေး

October 25, 2024

ပုံစာ - ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သမားများ။ ဓာတ်ပုံ - CNI News

နိုင်ငံခြားငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသော စစ်ကောင်စီက ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေးမှုများ စတင်လုပ်ဆောင်နေကြောင်း အလုပ်သမားများထံမှသိရသည်။

မြန်မာပြည်တွင်းရှိ မိသားစုဝင်များထံသို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ဘဏ်နှင့် ငွေလွှဲလုပ်ငန်းများ မှတစ်ဆင့် ပြန်လွှဲကြရန် မြန်မာအလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများက ဖိအားပေးခိုင်းစေနေကြောင်း ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် လုပ်ကိုင်နေသော MoU အလုပ်သမားများက ဆိုသည်။

“စက်ရုံဘက်က အဲလောက်အထိ မတင်းကြပ်ဘူး။ အေဂျင်စီဘက်က ပိုတင်းကြပ်တာ။ ကျွန်တော်တို့ ပိုက်ဆံမလွှဲဘူးဆိုရင် စက်ရုံက ဝန (အလုပ်သမားခေါင်းဆောင်) နဲ့လာပြီး ပြောမယ်။ အလုပ်ထုတ်ပလိုက်မယ် ဆိုတာမျိုးပေါ့။ အဲလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတော့ ရှိတယ်” ဟု MoU အလုပ်သမားတစ်ဦးက ဆိုသည်။

မိသားစုများထံသို့ ငွေလွှဲပေးပို့ပြီးပါက လွှဲပြီးကြောင်းပြေစာများကို သက်ဆိုင်ရာ အေဂျင်စီများထံသို့ ပို့ပေးရကြောင်း၊ ၎င်းတို့စက်ရုံတွင် MoU မြန်မာအလုပ်သမား ၁၅၀ ခန့်ရှိကြောင်း ၎င်းကရှင်းပြသည်။

စက်ရုံရှိ အလုပ်သမားအများစုမှာ တစ်ဦးလျှင် လုပ်အားခ ဘတ်ကိုးထောင်ကျော်ရရှိသဖြင့် လုပ်အားခ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ဘတ် ၂၀၀၀ ကျော်ကို ပြည်တွင်းရှိ မိသားစုဝင်များထံသို့ True Money အကောင့်မှတစ်ဆင့် ပြီးခဲ့သည့်လက လွှဲပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

အေဂျင်စီများက တရားဝင် ငွေလွှဲပေးပို့ရန် ဘဏ်စာရင်းများကို ထုတ်ပြန်ထားပြီး ထိုင်းဘဏ်များတွင် ကရုန်ထိုင်းဘဏ်၊ ဘန်ကောက်ဘဏ်နှင့် ကစီကွန်ဘဏ်များ ပါဝင်သလို Western Union၊ IME၊ Ria Money Transfer၊ Money Gram၊ D-Money နှင့် True Money များကလည်း ငွေလွှဲပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာဘက်တွင် မြန်မာ့စီးပွားရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်၊ ရိုးမဘဏ်၊ ရွှေဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်များ ပါဝင်သည်။

မြန်မာနိုင်ငံဘဏ်များကတစ်ဆင့် ငွေလွှဲပါက ပုံမှန်ပေါက်ဈေးထက် နည်းပြီး ရသဖြင့် True Money အကောင့်မှတစ်ဆင့် ငွေလွှဲပေးပို့မှု ပိုများကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

အကယ်၍ ပြည်တွင်းသို့ သတ်မှတ်ထားသည့်အတိုင်း ငွေမလွှဲပါက အလုပ်လုပ်ခွင့်လက်မှတ် ရုတ်သိမ်းမည်ဖြစ်ပြီး Blacklist (အမည်ပျက်စာရင်းသွင်းခြင်း) ၃ နှစ် အထိခံရမည်ဖြစ်ကြောင်း အေဂျင်စီများဘက်က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား သိန်းချီရှိနေသော မဟာချိုင်နယ်ရှိ စက်ရုံများတွင်မူ MoU အလုပ်သမားများကို မိသားစုထံ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ငွေလွှဲပေးပို့ရန် လွန်ခဲ့သော သုံးလခန့်ကတည်းက တင်းကြပ်ထားခဲ့ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များထံမှ သိရသည်။

MoU စနစ်ဖြင့် ဝင်ရောက်လာသူများသည် အလုပ်ရှင်၊ အလုပ်သမားနှင့် အေဂျင်စီများကြား စာချုပ်ချုပ်ဆိုထားသဖြင့် ပြည်တွင်းရှိ မိသားစုဝင်များထံသို့ မဖြစ်မနေ ငွေလွှဲပို့ကြရန် အေဂျင်စီများဘက်က ဖိအားပေးလာခြင်းဖြစ်ကြောင်း Labour Rights Foundation က ကိုဇော်က ဆိုသည်။

“အေဂျင်စီတွေဘက်ကတော့ အလုပ်သမားတွေ ငွေလွှဲပေးမပို့ဘူးဆိုရင် နောက်ထပ်သက်တမ်းတိုး ကိစ္စတွေကို တာဝန်မယူနိုင်တော့ဘူးပေါ့။ တကယ်လို့ မလွှဲကြဘူးဆိုရင် နောက်ဆက်တွဲတွေ ထပ်ဖြစ်လာနိုင်လို့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို အလုပ်သမားတွေကတော့ လွှဲပို့နေရတာပဲ” ဟု ကိုဇော်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပရောက် အလုပ်သမားများ၏ မိသားစုလွှဲပြောင်းပေးပို့ငွေစာရင်းကို အေဂျင်စီများထံ တောင်းခံနေပြီး အကယ်၍ တင်ပြရန် ပျက်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီက အောက်တိုဘာလ အစောပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

အလုပ်သမားများ၏ မိသားစုလွှဲပြောင်းပေးပို့ငွေ အထောက်အထား မတင်ပြနိုင်၍ဟုဆိုကာ ယခုလ (အောက်တိုဘာ)ကစပြီး အေဂျင်စီ ၂၆ ခုကိုလည်း အလုပ်သမားစေလွှတ်ခွင့် ပိတ်ပင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အခြားအေဂျင်စီ ၃၅ခု ကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာမှ ဒီဇင်ဘာအထိ စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား ၄၀ ရာခိုင်နူန်း အောက်သာ တင်ပြထားသဖြင့် Demand Letter အသစ်တင်ပြခွင့် ခေတ္တဆိုင်းငံ့ထားသေးသည်။

ယင်းကဲ့သို့ စစ်ကောင်စီက အေဂျင်စီများထံသို့ စေလွှတ်ထားသော အလုပ်သမားများ၏ မိသားစုလွှဲပြောင်းငွေ အထောက်အထားများကို တင်ပြရန် ဖိအားပေးနေသဖြင့် အေဂျင်စီများဘက်ကလည်း အလုပ်သမားများကို ပြန်ဖိအားပေး ငွေလွှဲခိုင်းနေခြင်း ဖြစ်နိုင်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီရေးအဖွဲ့များက သုံးသပ်ထားသည်။

အောက်တိုဘာလအထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၅၇၀ ကျော်ရှိကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့်လည်း မိသားစုလွှဲပို့ငွေပေးပို့ရန် ပျက်ကွက်ပါက ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာမှုကို ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မထုတ်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမြှင့်ခွင့် မပြုခြင်းများကဲ့သို့ အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။