အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာချိန်မှာတော့ ဒေသသီးနှံတွေ စျေးကွက်ပျက်မှုဒဏ်ကို တောင်သူတွေ ကြုံတွေ့နေကြရပါပြီ။
မြန်မာနိုင်ငံတောင်ပိုင်းမှာ အဓိကစိုက်ပျိုးလေ့ရှိတဲ့ ကွမ်းသီး၊ ဝဥ၊ ဖာလာ တွေကလည်း ဆိုးဆိုးရွားရွား စျေးကွက်ပျက်တဲ့ အထဲပါဝင်နေပါတယ်။
ကွမ်းသီးစိုက်တောင်သူ တစ်ဦးဖြစ်တဲ့ ဦးချစ်ညိုကတော့ ဒီနှစ်အတွက် အလုပ်သမားမငှားတော့ဘူးလို့ ဆိုပါတယ်။
အလုပ်သမားတစ်ယောက်ငှားရမ်းခက တစ်နေ့ကို အနည်းဆုံးတစ်သောင်းကျပ်၊ ကွမ်းသီးခူးခက တစ်လုံးကိုနှစ်ကျပ်။ ခွဲတာနဲ့ အစေ့ထုတ်ဖို့အတွက်က တစ်ပြည်ကို ငါးရာကျပ်။
အလုပ်သမားခ ကုန်ကျစရိတ်တွေကို စိတ်တွက်တွက်ရင်း သူရောင်းရင်ပြန်ရမယ့် ကွမ်းသီးဈေးနှုန်းနဲ့ သူပြန်ဝယ်စားရမယ့် ဆန်၊ ဆီ၊ ဆား ကုန်ဈေးနှုန်းဘက်ကို တွေးရင်း သူကအဲ့လိုဆိုလိုက်တာပါ။
သက်ပြင်းအရှည်ကြီး မှုတ်ထုတ်ရင်းသူက “အခုလူတွေက ကွမ်းသီးကို သိပ်အာရုံမလာကြတော့ဘူး။ ဈေးမှမရှိဘဲကို။ ဆန်တစ်အိတ်ကိုကျပ် ရှစ်သောင်း(ကျပ်)လောက်နဲ့ ဝယ်စားနေရတယ်။ အခုကွမ်းသီးဈေးနဲ့ဆိုရင် အချိန်တစ်ရာရောင်းမှ ဆန်တစ်အိတ်ရမှာ” လို့ ဦးချစ်ညိုကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးပစ္စည်းတွေ၊ လယ်ယာသွင်းအားစုတွေ အားလုံး တဟုန်ထိုးဈေးမြင့်တက်သွားပေမယ့် ကွမ်းသီး၊ ဝဥ၊ ဖာလာ စတဲ့ ဒေသထွက် ရာသီပေါ်သီးနှံဈေးနှုန်းတွေကတော့ အံ့အားသင့်စရာ ကျဆင်းလာပါတယ်။
အဓိက ဈေးကွက်ပျောက်ပြီး ဈေးမရဖြစ်နေတာကတော့ ကွမ်းသီး၊ ဝဥ၊ ဖာလာတို့ပဲဖြစ်ပါတယ်။
ကွမ်းသီး
တနင်္သာရီတိုင်းက ကွမ်းသီးခြံပိုင်ရှင်အများစုလည်း ဦးချစ်ညိုလိုပဲ အလုပ်သမားတွေမငှားကြတော့ဘဲ အပင်ပေါ်အမှည့်ခံပြီး အောက်ကျလာတဲ့ကွမ်းသီးတွေကိုကောက်ပြီး ရတဲ့ဈေးနဲ့ရောင်းချနေကြရပါတယ်။
အာဏာမသိမ်းခင်က ကွမ်းသီးတစ်ပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင်ရှိပေမယ့် ဆန်တစ်အိတ်ကို နှစ်သောင်းလောက်ပဲရှိပါတယ်။ ကွမ်းသီးဆယ်ပိဿာရောင်းရင် ငွေကျပ်ရှစ်သောင်းလောက်ရမှာဖြစ်လို့ နှစ်သောင်းတန်ဆန် လေးအိတ်ဝယ်နိုင်ပါတယ်။
အာဏာသိမ်းပြီး သုံးနှစ်ထဲဝင်လာပြီဖြစ်တဲ့ ဒီနေ့အချိန်မှာတော့ ကွမ်းသီးတစ်ပိဿာ လေးထောင်နဲ့ သုံးထောင်ကြားမှာပဲရှိပါတော့တယ်။ ဒီထက်လည်းပိုနည်းနိုင်ပါသေးတယ်။ ၂၄ ပြည်ဆန်ကြမ်းတစ်အိတ်ရဲ့ တန်ဖိုးကတော့ ကျပ်ရှစ်သောင်းကျော်ပါတယ်။ အဲဒီတော့ ကွမ်းသီးပိဿာချိန် နှစ်ဆယ်ကနေ သုံးဆယ်အကြားရောင်းမှ ဆန်ကြမ်းတစ်အိတ်ရမှာပါ။
မပါမဖြစ် တစ်ခြားအခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ကြက်သွန် စတာတွေလည်း စျေးက ၂ ဆ ၃ဆ တက်နေတာပါ။
“ကွမ်းရွက်တစ်စည်းစာလောက်တောင် တန်ဖိုးမရှိတော့ဘူး ကွမ်းသီးတစ်ပိဿာက။ ကွမ်းရွက်တစ်စည်း နှစ်ထောင်(ကျပ်) ကွမ်းသီးတစ်ပိဿာ နှစ်ထောင်(ကျပ်)မရဘူး။ ဆန်တစ်အိတ်ကိုကျတော့ ရှစ်သောင်း၊ ကိုးသောင်းပေးဝယ်နေရတယ်” လို့ ဦးချစ်ညိုက ညည်းတွားပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ်စာရင်းအရ တနင်္သာရီတိုင်းမှာ ကွမ်းသီးစိုက်ပျိုးဧက ခုနှစ်သောင်းလောက်ရှိပါတယ်။
အဲဒီအထဲအများစုက တိုက်ပွဲတွေပြင်းထန်နေတဲ့ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူနဲ့ တနင်္သာရီမြို့နယ်တို့မှာရှိပါတယ်။
ကွမ်းသီးခြံပိုင်ရှင်တွေဟာ တိုက်ပွဲဖြစ်လာရင် တိမ်းရှောင်ထွက်ပြေးကြရပြီး တိုက်ပွဲတွေမရှိတော့ရင် ခြံထွက်ကွမ်းသီးတွေကို ပြန်လာကောက်၊ ရသလောက်ဈေးနဲ့ ရောင်းချပြီး ဝမ်းစာရေးအတွက် ဖြေရှင်းနေကြရပါတယ်။
“(ကွမ်းသီးတွေ)မှည့်ပြီး(ကြွေ)ကျနေပြီအခုချိန်ဆို။ ဒီအတိုင်းပစ်ထားရတယ်။ (ခြံထဲ) မသွားရဲတော့ဘူး” လို့ ခမောင်းချောင်းရွာသားတစ်ဦးက ပြောဆိုပါတယ်။
စက်တင်ဘာလ လလယ်ပိုင်းတုန်းက စစ်ကောင်စီတပ်က ရေဖြူမြို့နယ် ခမောင်းချောင်းရွာဖက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က ခမောင်းချောင်းအပါအဝင် အနီးအနားက ကျေးရွာခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အချိန် ကွမ်းခြံတောင်သူတစ်ဦးက Dawei Watch ကိုပြောဆိုခဲ့တာပါ။
ဝဥ၊ ဖာလာ
ကွမ်းသီးခြံလိုမျိုး နှစ်ရှည်သီးနှံပင်တွေကြားမှာတော့ ဝဥ(ပိန်းဥ)၊ ဖာလာ စတဲ့ သီးနှံတွေကို သီးထပ်၊ သီးညှပ်အနေနဲ့ စိုက်ပျိုးလေ့ရှိပါတယ်။ စိုက်ပျိုးဧက ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းမှာ မဖော်ပြထားပါဘူး။
ရော်ဘာတစ်မျိုးကလွဲပြီး ကျန်တဲ့ ဝဥနဲ့ ဖာလာဈေးတွေဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကွက်ပျောက်လာတယ်လို့ တောင်သူတွေက ပြောဆိုပါတယ်။
အာဏာမသိမ်းခင် ဝဥတစ်ပိဿာကို အကြမ်းအားဖြင့် ၁၅၀၀ ကနေ ၂၀၀၀ ကျပ်ကြားဈေးပေါက်ပါတယ်။ လက်ရှိမှာတော့ တစ်ပိဿာ ၇၀၀ ကျပ်လောက်ပဲကျန်တော့တာလို့ တောင်သူတွေကဆိုပါတယ်။
“ဝဥဝယ်တဲ့သူတောင်မရှိလို့ ဒီအတိုင်း မတူးဘဲပစ်ထားတယ်” လို့ ထားဝယ်မြို့နယ်က စိုက်ပျိုးရေးသမားတစ်ဦးက ဆိုပါတယ်။
ဈေးမရှိလို့ ဧကဆယ်ချီရှိတဲ့ ကွမ်းခြံထဲက ဝဥတွေကို မတူးတော့ဘဲ ပစ်ထားတာ နှစ်နှစ်ဆက်တိုက်ရှိနေပြီလို့ သူကဆိုပါတယ်။
ရော်ဘာ
ရော်ဘာလုပ်ကိုင်နေကြတဲ့ သူတွေကတော့ ထိုင်းဈေးကွက်ကိုမှီခိုပြီး လုပ်သာကိုင်သာရှိနေပါသေးတယ်။
ထိုင်းဈေးကွက်ဆိုပေမယ့်လည်း အရင်လို တရားဝင်လမ်းကြောင်းကနေ ပို့တာမျိုးမဟုတ်ဘဲ တရားမဝင်လမ်းကြောင်းကနေ လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေးပေးပြီး ခိုးကြောင်၊ ခိုးဝှက်တင်ပို့နေကြရတာလို့ တောင်သူတွေကဆိုပါတယ်။
ထိုင်းဖက်ကကုန်သည်တွေကတော့ တနင်္သာရီတိုင်းဘက်က ရော်ဘာတွေကို အောက်ဈေးနဲ့ ဈေးနှိမ်ဝယ်ယူနေကြတယ်လို့ ထားဝယ်မြို့ဒေသခံ ရော်ဘာ၊ ကွမ်းသီး ရောင်းဝယ်သမားတစ်ဦးကဆိုပါတယ်။
“ထိုင်းက ပေါ်တင်ကြီး ဝယ်တာတော့မဟုတ်ဘူး။ ထိုင်းရဲ့ပေါက်ဈေးအတိုင်းတော့မဝယ်ဘူး။ အမှိုက်ဈေးပဲ ပေးတယ်” လို့ သူကဆိုပါတယ်။
အောက်ဈေးနဲ့ဆိုပေမယ့် အခြားသီးနှံတွေနဲ့စာရင် ရော်ဘာတောင်သူတွေက လှုပ်သာကိုင်သာရှိနေသေးတဲ့ အနေအထားတစ်ခုမှာရှိနေဆဲပါ။ ဒါပေမဲ့ စစ်ကောင်စီက ရော်ဘာဈေးကွက်ကို ချုပ်ကိုင်လာမှာကို တောင်သူတွေ၊ ရောင်းဝယ်သမားတွေက စိုးရိမ်နေကြပါတယ်။
“အခုနှစ်ရော်ဘာဈေးက မဆိုးလောက်ဘူးလို့ ထင်ရတယ်။ သူတို့(စစ်ကောင်စီ)ကသာ ဝင်မရှုပ်ဘူးဆိုရင် ဈေးကောင်းမယ်ထင်တယ်” လို့ ထားဝယ်မြို့ဒေသခံ ရော်ဘာ၊ ကွမ်းသီး ရောင်းဝယ်သမားတစ်ဦးကဆိုပါတယ်။
စျေးကွက်ဘာလို့ပျက်
ကွမ်းသီး၊ ဝဥ၊ ဖာလာ စသည့် ဒေသထွက်သီးနှံတွေကို ထားဝယ် – မော်လမြိုင် -ရန်ကုန် လမ်းကြောင်းကနေ တစ်ဆင့် အိန္ဒိယနယ်စပ် တမူးကုန်သွယ်ရေးစခန်း၊ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းတွေကနေပြီး ပြည်ပတင်ပို့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်နဲ့ တရုတ် နယ်စပ်ဖက်ကိုသွားတဲ့လမ်းကြောင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားလာပါတယ်။ တိုက်ပွဲတွေကြောင့် ကုန်သည်တွေရဲ့ လုံခြုံရေးအာမခံချက်မရှိတော့သလို လမ်းပိတ်တာတွေ၊ နယ်စပ်ဂိတ်ပိတ်တာတွေလည်း မကြာခဏဖြစ်ပွားလာတယ်လို့ ကုန်သည်တွေကဆိုပါတယ်။
“ဈေးကျတာကတစ်ခု၊ နောက်တစ်ခု လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကားလမ်းတွေမှာဆို တိုက်ပွဲတွေကြောင့် အချိန်ကြန့်ကြာတာရှိတယ်။ စရိတ်စကတက်လာတာရှိမယ်။ ဒီကြားထဲ သတ်မှတ်ရက်အတွင်း အရောက်ပို့ရမယ့် ကွမ်းသီးအမှည့်တွေ မရောက်သွားဘူးဆိုရင် ဆုံးရှုံးမှုတွေ ရှိတယ်” လို့ မြိတ်မြို့က ကွမ်းသီးခြောက်ရောင်းဝယ်လုပ်ကိုင်သူ တစ်ဦးကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကနေတစ်ဆင့် ပြည်ပတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲ လယ်ယာထွက်ကုန် တင်ပို့မှုတွေသိသိသာသာ ကျဆင်းလာပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ အာဏာမသိမ်းခင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် လယ်ယာထွက်ကုန်ပစ္စည်း နယ်စပ်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်နီးပါး(၁၈၅၅ သန်းကျော်) ရှိပါတယ်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာတော့ သန်းသုံးထောင်နီးပါး(၂၇၄၄ သန်းကျော်) ရှိပါတယ်။
အဲဒီနောက်ပိုင်း ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် တွေမှာတော့ ဆက်တိုက်ကျဆင်းလာတာကို တွေ့ရပါတယ်။
၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ နယ်စပ်ကနေ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် (၄၅၈ သန်းကျော်) သာရရှိပါတော့တယ်။ အလားတူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာတော့ သန်းတစ်ထောင်ကျော် (၁၂၈၅ သန်းကျော်) ရှိပါတယ်။
လယ်ယာထွက်ကုန်ထဲမှာ ကွမ်းသီး၊ ဖာလာ၊ ဝဥ၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ဆန်၊ ဆန်ကွဲစတဲ့ ကုန်ပစ္စည်းအမျိုးအမည်ပေါင်း အနည်းဆုံး ၂၀ မျိုးလောက်ပါဝင်ပါတယ်။
ကွမ်းသီး၊ ဝဥ၊ ဖာလာ၊ ရော်ဘာ စသဖြင့် တစ်ခုချင်းအလိုက် ပမာဏ ဘယ်လောက်ပို့ပြီး ဘယ်လောက်ရသလဲဆိုတဲ့ အသေးစိတ်အခြေအနေတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
နယ်စပ်က ကုန်သည်တွေကလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံထဲလာပြီး ဝယ်ယူတာမျိုးနည်းလာတယ်လို့ ဆိုကြပါတယ်။ ဒေသတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဥယျာဉ်ခြံတွေထဲအထိ လိုက်ဝယ်တာမျိုးမရှိသလောက်ဖြစ်လာပါတယ်။
ရောင်းချင်ရင် မြို့ပေါ်က ပွဲရုံတွေကို ကိုယ်တိုင်တင်ပို့ပေးပြီးရောင်းချနေကြရတယ်လို့ တောင်သူတွေကဆိုပါတယ်။
“အခုက လိုသလောက်ပဲ ဝယ်ပို့ရတယ်။ တစ်ကားလောက်ဝယ်ပြီး တစ်လနားချင်နားမယ်၊ တစ်နှစ်နားချင်နားမယ်၊ ပုံသေမရှိတော့ဘူး” လို့ မြိတ်မြို့ခံ ကွမ်းသီးခြောက် ရောင်းဝယ်လုပ်ကိုင်သူ တစ်ဦးကဆိုပါတယ်။
နောက်တစ်ခုက ငွေလဲနှုန်းတွေ မတည်ငြိမ်တာပါ။
စစ်ကောင်စီက သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေး ကွာဟနေတာ ကုန်သည်တွေကို လုပ်ရကိုင်ရ အခက်တွေ့စေတာကြောင့် အချို့ကုန်သည်တွေ လုပ်ငန်းရပ်နားလိုက်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ခက်ခဲလာတဲ့ တောင်သူတွေ
စစ်ဘေးလည်းရှောင်နေရ၊ ငွေရေးကြေးရေးကလည်း အဆင်မပြေတဲ့ ဒေသခံ ဥယျာဉ်ခြံသမားတွေမှာတော့ ရွေးချယ်စရာမရှိပါဘူး။ ရတဲ့ဈေးနဲ့ရောင်းပြီး ဝမ်းရေးအတွက် ဦးစားပေးဖြေရှင်းနေရသူတွေလည်း အများအပြားရှိနေကြပါတယ်။
အဲဒီအထဲမှာ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်သူ မမီးချစ်လည်းတစ်ဦးအပါအဝင်ပါ။
အိမ်ထောင်သက်ဆယ်နှစ်ရှိပြီး အသက် ၉ နှစ်အရွယ် သားတစ်ဦးမိခင် မမီးချစ်တို့မိသားစု ကွမ်းသီးနဲ့ ဝဥ စိုက်ပျိုးရင်း အသက်မွေးကြသူတွေဖြစ်ပါတယ်။ အဏာသိမ်းပြီးနောက်ပိုင်း တောင်ပျောက်တိုက်နယ်ထဲ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်လာတဲ့နောက် သူတို့မိသားစုလည်း စစ်ဘေးရှောင်သူတွေဖြစ်လာခဲ့ပါတယ်။
“အရင်တုန်းကတော့ သားလေးကိုရှင်ပြုပေးမယ်ဆိုပြီး ရတဲ့ပိုက်ဆံစုစုထားတာပေါ့။ အခုက ခြံကိုလည်း လှည့်မကြည့်နိုင်တော့ဘူးဆိုတော့ စုထားတာတွေလည်းကုန်ပြီ။ ပြေးရင်းလွှားရင်းနဲ့ဝယ်စားနေတာဆိုတော့လေ” လို့ မမီးချစ်ကဆိုပါတယ်။
စုထားတဲ့ပိုက်ဆံတွေ လုံးပါးပါးကုန်တဲ့နောက်ပိုင်းမှာတော့ စစ်ကြောင်းမထိုးတဲ့အချိန် ခြံထဲကြွေကျနေတဲ့ ကွမ်းသီးတွေကို ခိုးကြောင်ခိုးဝှက်လိုက်ကောက်ပြီး ရတဲ့ဈေးနဲ့ရောင်းချ အသက်ဆက်နေရတယ်လို့ သူကဆိုပါတယ်။
စစ်ကြောင်းဝင်လာရင်ပြေးပုန်းလိုက်၊ စစ်ကြောင်းထွက်သွားရင် ကွမ်းသီးပြန်ကောက်လိုက်နဲ့ ရလာတဲ့ကွမ်းသီးတွေ ထုတ်ပိုးပြီး ထားဝယ်ပို့ပြန်တော့လည်း စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့တွေကို ဂိတ်ကြေးတွေ ပေးဆောင်ရသေးတယ်လို့ ဆိုပါတယ်။
အရင်တုန်းကတော့ သူတို့လိုဥယျာဉ်ခြံသမားတွေဟာ ကွမ်းတောကိုလက်ညှိုးထိုးပြပြီး ဆန်ပဲယူယူ၊ ဆီပဲယူယူ၊ ငွေပဲကြိုထုတ်ထုတ် အဝယ်ဒိုင်တွေက ကြိုထုတ်ပေးကြပါတယ်။
ခေတ်ပျက်ကြီးမှာတော့ ကြိုငွေမပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း ပျောက်ဆုံးကုန်ပါတယ်။
“ကွမ်းသီးဈေးတွေ ထိုးကျလာလို့ ဒိုင်တွေလည်း ငွေမထုတ်ပေးတော့ဘူး။ နောက်တစ်ခုက ကျေးရွာဘက်တွေမှာဆိုရင် အုပ်ချုပ်ရေးယန္တရားက ပျက်နေပြီ၊ ယုံကြည်မှု သိပ်မရှိကြတော့ဘူး။ ယုံကြည်မှုမရှိတော့ ဒိုင်တွေလည်း ငွေကြိုထုတ်မပေးတာပါတယ်။ ဒီတော့ ကြုံတဲ့သူ၊ ဝယ်တဲ့သူကို ရတဲ့ဈေးနဲ့ပဲ ရောင်းနေကြရတယ်” လို့ တနင်္သာရီမြို့နယ်က ကွမ်းစိုက်တောင်သူတစ်ဦးကဆိုပါတယ်။
တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဖျက်ဆီးပစ်လိုက်တာကတော့ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခအခြေအနေတွေကြောင့်ဖြစ်တယ်လို့ ကုန်သည်တွေက ထုတ်ဖော်ပြောဆိုပါတယ်။
“ပြည်တွင်းစစ်ကြောင့်ပဲ။ ပြည်တွင်းစစ်ကြောင့် သွားလာရေးကြန့်ကြာမယ်။ ကုန်ဈေးနှုန်းတွေ ကြီးလာတယ်။ ဆိုတော့ ရန်ကုန်ဘက်က ဒိုင်တွေကလည်း သူတို့လိုမှ ဝယ်မယ်၊ မလိုရင် မဝယ်ဘူး၊ အဲလိုဖြစ်လာတာ” လို့ မြိတ်မြို့က ကွမ်းသီးခြောက်ရောင်းဝယ်ရေးသမားတစ်ဦးကဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခကြာလာတာနဲ့အမျှ လူမူစီးပွား အဖက်ဖက် ထိခိုက်မှုတွေကြီးမားလာပါတယ်။ ကုန်ဈေးနှူန်းဒဏ်အောက် ပိပြားနေကြရတဲ့ ကြားထဲ မလုံခြုံမှုတွေ၊ စိုးရိမ်သောကစိတ်တွေနဲ့ ရှင်သန်ရပ်တည်နေကြရတာပါ။
“ကျွန်တော်တို့မှာဆို လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ကြောက်နေရတယ်။ ရှိမခိုးရုံတမယ်ပဲကျန်တော့တာ။ ကော်သူးလေလည်းကြောက်ရ၊ (KNU) တပ်မဟာလေးကိုလည်းကြောက်ရ၊ PDF ကိုလည်းကြောက်ရ၊ စစ်တပ်ကိုလည်းကြောက်ရ လေးခုစလုံးကိုကြောက်နေရတယ်” လို့ ထားဝယ်အရှေ့တောဒေသ ဥယျာဉ်ခြံသမားတစ်ဦးဖြစ်တဲ့ ဦးချစ်ညိုကဆိုပါတယ်။
ကြောက်လန့်စိုးရိမ်စိတ်တွေကြား၊ သီးနှံဈေးနှုန်းကျဆင်းနေတဲ့ကြားကပဲ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဥယျာဉ်ခြံလုပ်ငန်းကို အရဲစွန့်လုပ်ကိုင်နေကြရတာလို့ တောင်သူတွေက ဆိုပါတယ်။
တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့ ဒေသက တောင်သူတွေကတော့ သူတို့ပိုင်တဲ့ ကွမ်းခြံတွေ၊ ရော်ဘာခြံတွေကို ရောင်းထုတ်ပစ်ပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွေ့ဖို့ ကြိုးစားလာနေကြတယ် လို့လည်းဆိုပါတယ်။
တိုက်ပွဲတွေကြားထဲ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းကကြီး၊ သီးနှံတွေက ဈေးကွက်ပျောက်လာရုံသာမက၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုသလောက်ဝယ်လို့မရတဲ့ အခက်အခဲ စတဲ့ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ထားဝယ်အရှေ့တောဒေသခံ ဦးချစ်ညိုကတော့ အခုလိုပဲ ညည်းတွားလိုက်ပါတယ်။
“နိုင်ငံရေးအခြေအနေက ဒီအတိုင်း နောက်ထပ်ခြောက်လလောက် ရှိနေမယ်ဆိုရင်တော့ ထမင်းငတ်ဖို့ပဲရှိတော့မယ်”