BREAKING
November 26, 2024

ခေါင်းဆောင်သစ်ကို လွှဲပေးဖို့တော့ တရုတ်ပြည်ကြီးမှာ ဘယ်မမြင် ဘယ်မမြင်

October 25, 2022

ရှီကျင့်ဖျင် အာဏာကို ဖက်တွယ်ထားတာ ကြာလေလေ၊ နောက်ခေါင်းဆောင်ထံ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှု ဖော်ဆောင်ဖို့ ခက်ခဲလေလေ ဖြစ်ပေတော့မည်။

တရုတ်ဧက္ကရာဇ်ကြီး ချင်ရှီဟွမ်သည် မဟာတံတိုင်းကြီး တည်ဆောက်ခဲ့ခြင်းမှ စတင်ကာ၊ သူ့အတွက် ဧရာမ ဂူသင်္ချိုင်းကြီး တည်ဆောက်ခြင်း၊ မြေနီထည်များဖြင့် ပြုလုပ်ထားသည့် စစ်သည်ရုပ် တပ်တော်ကြီးဖြင့် စောင့်ကြပ် စေခြင်း တို့အပါအဝင် တရုတ်ပြည်ကြီးကို သိမ်းသွင်းထူထောင် တစ်ပြည်ထောင်ဖြစ်စေခဲ့ကာ ထင်ရှားသည်။

လူသိနည်းသေးသည့် အချက်မှာမူကား BC ၂၁၀ ၎င်းမသေဆုံးခင် တရုတ်ပြည် အရှေ့ဖျားသို့ သွားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ပေသည်။

သမိုင်းပညာရှင် စီမာကျန်း ၏ အဆိုအရ သားတော်ကြီးနှင့် နန်းမွေခံ ဖြစ်သူ အာဏာရယူသွားမည်ကို ကာကွယ်ရန် ဘုရင်ကြီး၏ အဖွဲ့သားများက တော်ဝင် နန်းသုံးရထားကြီး နေပြည်တော်သို့ မရောက်ခင်အထိ သေဆုံးသည်ကို ဖုန်းအုပ်ထားသည်။

တော်ဝင်ရထားဆီသို့ အစားအသောက်များ ပုံမှန် ဆက်သ စေကာ ၊ တိုင်းရေးပြည်ရာ ကိစ္စများကို ပုံမှန်အတိုင်း ကိုင်တွယ်နေခဲ့သည်။

ဘုရင့်အလောင်းမှ အနံ့ကို ဖုန်းအုပ်စေရန် အတွက် ငါးလှည်းကြီး တစ်စင်းကို အနီးအနားက သွားလာစေသည်။ ဒီလို လှည့်ကွက်က အစ ပထမပိုင်း အလုပ်ဖြစ်ပေသည်။

အကြီးဆုံးသားက သေကြောင်းကြံစည်သွားသည်။ သားငယ်က ဘုရင့် အဖွဲ့သား များနှင့် ပူးပေါင်းကာ ထီးနန်းကို ရယူလိုက်သည်။ သို့သော် သူက အားပျော့ပါသည်။ လေးနှစ်အတွင်း သူ သေဆုံး သွားခဲ့ကာ ချင်မင်းဆက်လည်း ပြိုလဲသွားသည်။

တရုတ် ရာဇဝင် သမိုင်းကို ကြည့်လျှင် ထီးနန်းဆက်ခံမှု အရေးတိုင်း သွေးထွက်သံယိုများဖြစ်ကာ ပရိယာယ် လှည့်ကွက် များလည်း ပြန့်နှက်နေသည်။

ကွန်မြူနစ် တရုတ်ပြည်သည်လည်း ပထမ ဆယ်စုနှစ် ခြောက်ခုတွင် ပိုကောင်းသွားသည်ရယ်လို့တော့ မဟုတ်ပေ။ သမ္မတဟူကျင်တောင် က ဆယ်နှစ်ကြာ တာဝန်ယူပြီးနောက် ၂၀၁၂ တွင် ရှီကျင့်ဖျင် ကို အာဏာလွှဲပြောင်း ပေးလိုက်ခြင်းသည် ၁၉၄၉ တော်လှန်ရေး အပြီးနောက် ပထမဆုံး ပြီးပြည့်စုံသော နေရာတကျ ခေါင်းဆောင်မှု လွှဲပြောင်းပေးမှုဟု ဆိုနိုင်သည်။

ဆယ်စုနှစ် တစ်ခုကြာသောအခါ အောက်တိုဘာ ၂၂ ရက်နေ့တွင် ကွန်မြူနစ်ပါတီကွန်ဂရက် ပြီးဆုံးသွားပြီးနောက် ဟူကျင်တောင် ဦးဆောင် အုတ်မြစ်ချခဲ့သည့် စံနူန်းကို ချိုးဖောက်ကာ တတိယမြောက် ငါးနှစ်သက်တမ်းကို ရယူတော့မည် ဖြစ်သည်။

ရှီခေတ် အဆုံးသတ်ဖို့တော့ လတ်တလော မမြင်ပါ။ တရုတ်ပြည် သမိုင်းတစ်လျှောက်တွင် အမြဲစွဲကပ်ခဲ့သော မေးခွန်းကြီး နှင့် ပြန်ရင်ဆိုင်ရပြန်တော့သည်။

အကြွင်းမဲ့ ခေါင်းဆောင်ကြီး တစ်ဦး မည်သို့ အငြိမ်းစား ယူပါမည်နည်း။ ခေါင်းဆောင်ကြီးတစ်ဦး ရုတ်တရတ် သေဆုံးသော် သို့မဟုတ် မမာမကျန်းဖြစ်သော် ဘာတွေ ဆက်ဖြစ်မည်နည်း။

တရုတ်တွင် မည်သူက အရိုက်အရာ ဆက်ခံမည်လဲဆိုသည့် စံနူန်းများသည် ထိလွယ်ရှလွယ်ကာ သေသေချာချာ ရေးသား ဖော်ပြထားခြင်းမျိုးလည်း မရှိပေ။ ၁၉၇၈ ခုနှစ်တွင် အာဏာရလာသော တိန့်ရှောင်ဖိန် က မော်စီတုံးခေတ် အကြွင်းမဲ့အာဏာရှင်စနစ် နှင့် ဆိုဗီယက်ပုံစံ အဖိုးကြီးတွေ အုပ်ချုပ်သော စနစ် ကို ကာကွယ်ရမည့် ပုံစံများ မိတ်ဆက် ချပြလာသည်။

၁၉၉၇ ခုနှစ် အသက် (၉၂) နှစ်အရွယ်တွင် ၎င်းသေဆုံးချိန်အထိ အာဏာကို ပမာဏ ကြီးမားစွာ ဆုပ်ကိုင်ထားခြင်းအား မတားဆီးနိုင်ခဲ့ပေ။ ၎င်းကို ဆက်ခံသူ ကျန်ဇီမင်း သည်လည်း အငြိမ်းစားယူပြီးနောက် နိုင်ငံရေးတွင် ကြာမြင့်စွာ ဝင်မွှေသေးသည်။

အချို့က ၂၀၁၂ ခုနှစ်ကို ဖြစ်နေကျမဟုတ်သော မြင်ကွင်းတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ခေါင်းဆောင် ရာထူး ဆက်ခံရာတွင် တစိတ်တပိုင်း အားဖြင့် အဖွဲ့အစည်းမူများအတိုင်း လိုက်နာခြင်း၊ စုပေါင်း ခေါင်းဆောင်မှုနှင့် ပေါင်းစပ်ထားခြင်း၊ ထူးခြားသည့် စီးပွါးရေး တိုးတက်မှုကို ကျောထောက်နောက်ခံပြုရန် ပြည့်စုံသော တည်ငြိမ်မှု ကို ပေးစွမ်းနိုင်ခြင်း တို့ ရှိခဲ့သည်။

တစ်ကိုယ်တော် အုပ်ချုပ်သော စနစ်ကို ပြန်သွားခြင်း နှင့်အတူ ခေတ်သစ် အာဏာရှင်များ နှင့် တရုတ်သမိုင်းရှိ  အင်ပါယာဘုရင်ကြီးများ တွင် ဖြစ်ခဲ့သည့်နည်းတူ မည်သူက ဆက်ခံမည်နည်းဆိုသည့် ပြဿနာများ လာလိမ့်မည် ဟု ပညာရှင်များက ခန့်မှန်းကြလေသည်။

အဆိုပါ ပညာရှင်များတွင် မီချီဂန်ပြည်နယ် တက္ကသိုလ်မှ အဲရစ်ကာဖရန့်ဇ် လည်း ပါဝင်သည်။ ၎င်းက ၁၉၄၆ ခုနှစ်မှသည် ၂၀၂၀ အထိ အာဏာရှင်အစိုးရ (၃၀၁) ခု၏ အချက်အလက်များကို စုစည်း သုံးသပ်ထားသည်။

အာဏာရှင်များသည် အာဏာကို ၎င်းတို့ လက်ထဲတွင် မြဲမြံနေ အောင် ဆုပ်ကိုင်ထားလိုကြကာ ၊ မိမိကိုယ်ကို မရှိမဖြစ် အရေးပါသူဟု ယူဆကြကာ အနားယူသည့်အခါ ရာဇဝတ်မှုများဖြင့် အရေးယူခံရမည်ကို ကြောက်တတ်ကြသဖြင့် ၎င်းတို့၏ အုပ်စိုးမှုကို ဆွဲဆန့်လိုကြသည်  ဟု အဲရစ်ကာ နှင့် ၎င်း၏ လေ့လာသူအဖွဲ့သားများက သုံးသပ်ကြသည်။

သို့သော် အဆိုပါ လုပ်ရပ်များသည် ၎င်းတို့ အစိုးရ အုပ်စုကိုလည်း ထိ ပေသည်။ “ရှီကျင့်ဖျင် အခု လုပ်ခဲ့တဲ့ လမ်းကြောင်းတွေဟာ သူ့အတွက်တော့ ခဏတာ အတွက် အမြတ်ရမှာပေါ့။ ဒါပေမဲ့ ကာလရှည်ကို ကြည့်မယ်ဆိုရင် အာဏာရအုပ်စုအနေနဲ့ မတည်ငြိမ်မှုတွေ ကြုံရပြီးတော့ ပြိုလဲကျသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်” ဟု မစ်စ်ဖရန့်ဇ် က ပြောကြားသည်။

အာဏာရှင် အစိုးရ များ ၎င်းတို့ ရပ်တည်နိုင်စွမ်းကို မြှင့်တင်ရာမှာ နည်းလမ်းတစ်ခုကား ခိုင်မာသော အစိုးရ သက်တမ်းများ တည် ထောင် ခြင်း ဖြစ်သည်။

အကောင်းဆုံး ဥပမာမှာ မက္ကဆီကို၏ Institutional Revolutionary Party သည် ၁၉၂၉ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ အုပ်ချုပ်သွားစဉ်ကာလ အစိုးရခေါင်းဆောင် သက်တမ်းကို သက်တမ်းတစ်ခုသာ သက်မှတ် သွားခဲ့သည်။ ဒါမျိုးက ရှားပါသည်။ နောက်ထပ် နည်းလမ်းတစ်ခုမှာကား ဆက်ခံမည့်သူကို ရှင်းရှင်းလင်းလင်း စောစီးစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။

သို့သော် ရှင်ဘုရင်များက လွဲ၍ အာဏာရှင်များက ထိုသို့ မလုပ်ကြပေ။ အသက်ကြီးပြီး အိုနေ နာနေ လျှင်တောင်မှ မလုပ်ကြ။ ၂၀၁၇ ခုနှစ်က ဇင်ဘာဘွေ အာဏာရှင် မူဂါဘီ က ၎င်း၏ ဇနီးကို အာဏာလွှဲပေးရန် ကြိုးစားခဲ့မှု ကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်များက ရွေးချယ်မှုကို ငြင်းပယ်ကြမည်ကို စိုးရိမ်ကြသည်။

မော်စီတုံး ပြီးနောက် ဒုတိယနေရာ သတ်မှတ်ထားသော လင်းပြောင် ၁၉၇၁ ခုနှစ်တွင် လုပ်ဆောင်သည်ဟု စွပ်စွဲခံရသကဲ့သို့ လျာထားသော ခေါင်းဆောင်လောင်းလျာ က အချိန်မတန်သေးဘဲ အာဏာရယူမည်ကိုလည်း အချို့က စိုးရိမ်ကြသေးသည်။

အာဏာရှင်များဘက်က နောက်ထပ် စိုးရိမ်သည်မှာ ဆက်ခံမည့်သူ မည်သူမည်ဝါဆိုသည်ကို ချမှတ်ထားသည့်အခါ မိမိက ထွက်ပေးရမည့် သဘောထားကို ပြရာရောက်ကာ ရွေးစရာ လျော့နည်းသွားပြီး မိမိ ဩဇာအာဏာကိုလည်း လျော့ပါးစေရာ ရောက်ခြင်း ဖြစ်သည်။

မစ္စတာရှီ ၏ ဖြစ်စဉ်ကို ကြည့်လျှင် အဆိုပါ အကြောင်းရင်း က ပိုပြီး ဖြစ်တန်ရာ ရှိသည်။ တိုင်းပြည်၏ ပြီးခဲ့သည့် ပါတီကွန်ဂရက် အတွင်း ထိပ်တန်းအုပ်ချုပ်ရေး အဖွဲ့ တည်ဆဲ ပေါ်လစ်ဗျူရို သို့ နောင်ခေါင်းဆောင် လောင်းလျာ ကို မထည့်သွင်းထားသေးပေ။

ယခင်ကဆိုလျှင် ယင်းသို့ ထည့်သွင်း ထားလေ့ ရှိခဲ့ကြသည်။ အောက်တိုဘာ ၂၃ တွင် စာရင်းချပြခဲ့သော တည်ဆဲ ပေါ်လစ်ဗျူရို တွင် မျိုးဆက်သစ် တရုတ်ခေါင်းဆောင် နှစ်ဦး သို့မဟုတ် ထို့ထက်ပို၍ ထည့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ရှီ့ ကို ဆက်ခံမည့် မည်သူမှ ပါမလာခဲ့သည်။

ယခုအခါ အသက် (၆၉)နှစ်ရှိပြီဖြစ်သော ရှီကျင့်ဖျင်သည် နောက်ထပ် ဆယ်နှစ် အာဏာရယူရန် ပြင်ဆင်တွေးတောနေသည်။ ဒီထက် သက်တမ်း ပိုကြာဖို့သာ ရှိချေသည်။

မစ္စတာရှီ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြလိုက်သည်နှင့် တည်ငြိမ်မှုပိုရ လာနိုင်သော်လည်း သူကွယ်လွန် ခဲ့လျှင် သို့မဟုတ် တာဝန်ထမ်းဆောင်ရင်း နာမကျန်းဖြစ်လျှင် ဖြစ်စေ အန္တရာယ်ပိုကြီး လာနိုင်ပေသည်။

ဒီမိုကရေစီ စနစ်ကတော့ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်သည်။ အမေရိကန် လက်ရှိ သမ္မတသည် အသက် ၇၉ ပင် ရှိနေလေပြီ။

အမေရိက နှင့် မတူသည်က တရုတ်တွင် မည်သူက ဆက်ခံမည်လဲ ဆိုသည့် ရှင်းလင်းသည့် လမ်းကြောင်း မရှိပေ။ သို့မဟုတ် နေရာလွတ်သွားသော အစီအစဉ်မချထားသေ ခေါင်းဆောင်နေရာအတွက် မည်သို့ လူထည့်မည် ဆိုသည့် လုပ်ငန်းစဉ် မရှိပါပေ။

အာဏာရှင်တစ်ယောက် ရုတ်တရက် သေဆုံးခြင်း သို့မဟုတ် တာဝန်မထမ်းဆောင်နိုင်ခြင်းက အချိန်ကာလ တို အတွင်း အာဏာရှင်အစိုးရ ပြုတ်ကျသွားတတ်သည်။ ထိပ်သီး အလွှာများက ၎င်းတို့ အကျိုးစီးပွါးများကို ကာကွယ်ရန် အစားထိုး ဝင်ရောက်လာမည့် ခေါင်းဆောင်နှင့် သွားပေါင်း ကြသည်။ ယင်းသို့ ပြိုင်ဆိုင်မှုက သူပြုတ်ကိုယ်ပြုတ် ချ ပွဲတွေ ဖြစ်လာတတ်သည်။

မော်စီတုံး မသေဆုံးမီ ၁၉၇၆ ခုနှစ်က တရုတ်နိုင်ငံမှာပင် ယင်းသို့ ခါးသီးသော အာဏာလွန်ဆွဲမှုများ ဖြစ်ခဲ့သည်။ များသောအားဖြင့် အများ မြင်ကွင်းမှ ဖုံးကွယ် ထားလေ့ ရှိသော  ကျန်းမာရေး မကောင်းမှုများသည် အစိုးရအုပ်ချုပ်ရေး ဘာမှ လုပ်မရတော့ သည့် အနေအထားကို ရောက်သွားနိုင်သည်။

ဆေးရုံတက်နေရသော ခေါင်းဆောင်များဖြစ်သည့် ယူရီအန်ဒရိုပေါ့ဗ် နှင့် ကွန်စတန်တင်ချာနန်ကို တို့ အဖြစ်ကို ကြည့်လျှင် ကရင်မလင် အုပ်ချုပ်ရေးကို အများကြီး ထိခိုက်ခဲ့ပေသည်။

မစ္စတာရှီ က တော့ ကျန်းမာရေး ကောင်းပုံ ပေါက်သည်။ သို့သော် ကိုယ်အလေးချိန်တက်နေသော ဆေးလိပ်သမား ဟောင်းတစ်ယောက်လည်း ဖြစ်ကာ၊ တချိန် ဒေသ အရာရှိဖြစ်စဉ်က ရှောင်လွှဲမရသော ညစာ သောက်စားပွဲများ ရှိခဲ့သော်ငြား ယခုအထိ နာမကျန်းဖြစ်မှုကို ရှောင်လွှဲနိုင်ခြင်းက ကံကောင်းပေသည်။

ကျန်းမာရေး မကောင်းသည့် သတင်းများ မကြာခဏတော့ ကြားရတတ်သည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် ဥရောပ ခရီးစဉ်တွင် ခြေထောက် ထော့နဲ့ထော့နဲ့ လမ်းလျှောက်စဉ်က ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်နေ့ ကွန်ဂရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းက ၂၀၁၇ ခုနှစ်တွင် (၃နာရီခွဲ) ကြာ ပြောခဲ့သော ရှည်လျားထွေပြား မိန့်ခွန်းနှင့် ယှဉ်လျှင် မိနစ် (၉၀) တိုတောင်းသွားသည်။

အနားယူသွားသော ခေါင်းဆောင်များနှင့်အတူ စင်ပေါ်တွင် ရှိနေခဲ့စဉ် တခေါင်းလုံး ဖွေးနေသည့် (တော်တော်များများလည်း တာဝန်ထမ်းဆောင် နေတုန်းကလို ဆံပင်အနက် ဆေးမဆိုး ကြတော့ပေ) မစ္စတာ ဟူ (အသက် ၇၉) သည် ယခင်ကထက် တော်တော်လေး အားနည်းပျော့သွားသည်ကို ကြည့်ခြင်းဖြင့် လာမည့် ဆယ်စုနှစ်တွင် မစ္စတာရှီ မည်သို့ မည်ပုံ ဇရာထောင်းလာမည်ကို သတိပေးသည့်နှယ် ဖြစ်သည်။

မစ္စတာရှီ နာမကျန်းဖြစ်ခဲ့လျှင်မူ နောက်ဆက်ခံမည့်ပုဂ္ဂိုလ် ကို မည်သူမည်ဝါ သတ်မှတ်ဖို့ အချိန်တော့ ရှိသည်။ ၂၀၂၇ ပါတီ ကွန်ဂရက် သို့မဟုတ် ထို့နောက် ကာလများတွင် ဖြစ်နိုင်သည်။

မည်သူက သူ့နေရာကို ရသည် ဖြစ်ပါစေ၊ သူ့လို ဩဇာအာဏာမျိုး ဖြစ်လာစေရန် မဖြစ်မနေ ရုန်းကန်ရမည်မှာ အသေအချာပင် ဖြစ်သည်။ အထူးသဖြင့် အနားနီးမှ နောက်ကျ သတ်မှတ်ခံရလျှင် ထိုသို့ ပိုဖြစ်လာမည်။ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို သည် သမ္မတဟောင်း ဟူဂိုချာဗက်ဇ် ၂၀၁၃ တွင် ကွယ်လွန်ခါနီး (၃)လ အလိုမှ ဆက်ခံရန် သတ်မှတ်ခံရပြီး ဟူဂိုချာဗက်ဇ် အတိုင်း ရပ်တည်နိုင်ရန် ခက်ခဲနေခြင်းက အထက်ပါ အကြောင်းပြချက်ကြောင့် ဖြစ်သည်။

တရုတ်၏ နောက်ခေါင်းဆောင်သည် ရှီ ကို သစ္စာခံသော၊ ရှီ့နားရောက်ဖို့ အများကြီး ရင်းနှီးထားရသော ထိပ်သီးအုပ်စုနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အာဏာကို ဘယ်လောက်ကြာကြာ ထိန်းနိုင်မည်လဲ ဆိုသည်မှာ မရေရာပေ။

“ရှီ အုပ်စိုးမှု အပြီးမှာ ပါဝါအစုအဖွဲ့တွေ အများကြီးဖြစ်လာပြီး ပြိုင်ဆိုင်မှုတွေ ရှိလာမယ်” ဟု ဝါရှင်တန် အခြေစိုက် အမေရိကန်တက္ကသိုလ်မှ ယန်ကျန်း က ပြောကြားသည်။ “အခြေခံစည်းမျဉ်းတွေ မရှိဘူးဆိုရင် ရာထူးဆက်ခံရတာ ဟာလည်း ပြိုင်ဆိုင်ရခြင်းပါပဲ။ ဘယ်တော့ဖြစ်မလဲ၊ ဘယ်သူတွေ ပါမလဲ ဆိုတာပါပဲ” ဟု ဆိုသည်။

တရုတ် မင်းဧကရာဇ်များကို သုတေသနပြုကြည့်ရာ တူညီသော ကောက်ချက်ကို ရရှိသည်။ ဟားဗတ် တက္ကသိုလ်မှ ယူဟွာဝမ် သည် တရုတ်မင်းဆက် (၄၉) ဆက်မှ ဧကရာဇ် ၂၈၂ ဦး၏ အချက်အလက်များကို စုစည်းထားသည်။ ၎င်း၏ တွေ့ရှိချက်အရ မင်းဆက်များသည် နှစ် (၇၀) ပျမ်းမျှ သက်တမ်းရှိကာ အဖြစ်အများဆုံး ပြိုလဲမှု အကြောင်းရင်းက ထိပ်သီးများထဲကပင် သူပုန်သူကန်ထ ခြင်းကြောင့် ဖြစ်သည်။

တရုတ်ဧကရာဇ်များ၏ တစ်ဝက် လောက်ကသာ သဘာဝအတိုင်း သေသွားကြသည်။ မည်သူ ဆက်ခံမည်လဲ ဆိုသည်ကို သတ်မှတ်ထားခြင်းက အဖြုတ်ချခံရနိုင်ချေ (၆၄ရာခိုင်နူန်း) ကျဆင်းသွားသည်။ အာဏာရလာပြီး ငါးနှစ်အတွင်း ဆက်ခံမည့်သူကို ခန့်အပ် သတ်မှတ်ခြင်းက ခေါင်းဆောင်အနေဖြင့် သဘာဝအတိုင်း ကွယ်လွန်ကာ၊ မင်းဆက်လည်း ဆက်ထိန်း နိုင်ချေက ပိုမြင့်လာသည်။

မစ္စတာရှီ ဖျက်သိမ်းခဲ့သော မည်သူ့ကို နောက်တခါ နေရာပေးမည်ကို သတ်မှတ်ပေးရသည့် စံနူန်း ကာလ နှင့် အတူတူ ဖြစ်သည်။

မစ္စတာရှီကတော့ တရုတ်ရာဇဝင် အချက်အလက်များကို ခုလို သုံးသပ်မည်တော့ မဟုတ်ဘူး။ တရုတ်တော်ဝင် ထီးနန်း ရာဇဝင်ကို သူက စိတ်ဝင်တစားရှိကာ သမိုင်းဆိုင်ရာ အရေးအသားများတွင် မကြာခဏ ထည့်သွင်းရေးသား လေ့ရှိသည်။

မစ္စတာရှီ က ခြေရာနင်းချင်သော ဥက္ကဌမော် သည် လည်း ရှေးဟောင်းတရုတ်သမိုင်းကို စိတ်ဝင်တစား ရှိသည့် ပရိသတ်ဖြစ်ပါသည်။ မော် သည် ၁၀၈၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် တရုတ်ဘုရင်များထံမှ လေ့လာရသည့် သင်ခန်းစာများဆိုသည့် စာရှည်ကြီးဖြစ်သည့် Zizhi Tongjian ခရိုနီကယ် ကို ကိုးကားလေ့ရှိသည်။

ဘယ်လောက်ပဲ လေ့လောပါစေ ချောမွေ့သော ခေါင်းဆောင်အပြောင်းအလဲကို သူလည်း မလုပ်နိုင်ခဲ့ပေ။ သူ သတ်မှတ်ပေးခဲ့သော ဆက်ခံသူများတွင် တစ်ဦးက ထောင်ထဲမှာ သေသွားသည်၊ နောက်တစ်ဦးက မအောင်မြင်သော အာဏာသိမ်းရန် ကြိုးစားမှုအပြီး လေယာဉ်ပျက်ကျပြီး သေသွားသည်။ နောက်ဆုံးတစ်ဦးက အာဏာရပြီး ၂နှစ်အကြာ ဖြုတ်ချ ခံရသည်။

မစ္စတာရှီ က ပိုကောင်းအောင် လုပ်ကောင်းလုပ်နိုင်ပေမည်။ သို့သော် အာဏာကို ကြာကြာ ရယူထားလေလေ တရုတ်သမိုင်း အစဉ်အလာအရ ချောမွေ့သော လွှဲပြောင်းပေးအပ်ရေးကို ထိခိုက်လေလေ ဖြစ်ပေသည်။

(The Economist မဂ္ဂဇင်းပါ Heir Unapparent ကို ဘာသာပြန်သည်)