BREAKING
September 20, 2024

တပ်မတော်သားနှင့် မိသားစုဝင်များ၏ ကြိုတင်မဲ ၄၇၀ဝ ကျော်ရှိဟုဆို

October 25, 2020

တနင်္သာရီတိုင်းတွင် ရှေ့တန်းရောက် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကြိုတင်မဲ ၄၇၀ဝ ကျော်ရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရှေ့တန်းနှင့် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များက မိမိတို့ ရောက်ရှိနေသည့်ရှေ့တန်းမှ ဒေသတွင်းရှိ ကိုယ်စားလှယ်များကို ကြိုတင်ဆန္ဒ မဲပေးရန် လျှောက်ထားသူဦးရေ ၄၇၈၆ ဦးရှိကြောင်း အထက်ပါကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။

မိမိနေရပ်ရှိ ကိုယ်စားလှယ်လောင်းများကို ကြိုတင်မဲပေးရန် လျှောက်ထားလာသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကြိုတင်မဲစာရင်းကို မြို့နယ် များတွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် တောင်းယူနေဆဲဖြစ်သည့် အတွက် စာရင်းအပြောင်းအလဲရှိနိုင်သည်ဟု ၎င်းက ပြောသည်။

တပ်မတော်သားများနှင့် မိသားစုဝင်များမှ တောင်းခံလာသည့် ကြိုတင်မဲ စာရင်းကို သက်ဆိုင်ရာ ရပ်/ကျေးရှိ မဲစာရင်းတွင် ပါ/ မပါ တိုက်ဆိုင်စစ်ဆေးရပြီး ရရှိလာသည့် စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးရုံးများတွင်လည်း ကြေညာထားရသည်ဟု ခရိုင်ကော်မရှင်ရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။

မိမိရောက်ရှိသည့်နေရာတွင် ဆန္ဒမဲ ပေးလိုပါက သက်ဆိုင်ရာ ရပ်/ကျေး ရွေး ကောက်ပွဲကော်မရှင်ရုံးများတွင် (ပုံစံ-၃ ဖြင့်) လျှောက်ထားနိုင်ပြီး တပ်မတော်သားနှင့် မိသားစုဝင်များမှာ မိမိနေရာတွင်ပင် ဆန္ဒမဲပေးလိုပါက ပုံစံ(၁-၂) ဖြင့် ကြိုတင် မဲပေးရန် တောင်းဆိုနိုင်သည်။

ကြိုတင်မဲများကို ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီမတိုင်မီ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်မဲရုံများသို့ အချိန်မီပေးပို့ရ မည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီထက် နောက်ကျခဲ့သည့် ကြိုတင်ဆန္ဒမဲများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများမှာ နေရပ်ပြန်၍ မဲပေးရန်အခက်အခဲ ရှိပါက လက်ရှိနေထိုင်သည့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် ပုံစံ(၁၅)ဖြင့် လျှောက်ထားကာ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။