BREAKING
January 12, 2025

စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဝန်းကျင်ကို စစ်ကြောင်းထိုး၊ အိမ်များမီးထပ်ရှို့

September 25, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ၏ အရှေ့ဘက်ဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေပြီး ‌နေအိမ်‌များကို မီးထပ်ရှို့နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(စစ်တင်ဘာ ၂၅) နံနက်ပိုင်းမှစပြီး မောင်မယ်ရှောင်ရွာ အရှေ့ဘက်ကို လက်နက်ကြီးနှင့်ပစ်ခတ်ပြီး ‌စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ဒရုန်းတွေ ပါတယ်လို့ပြောတယ်။ ခုညနေတော့ ရွာထဲပြန်ရောက်နေကြတယ်”ဟုဒေသခံကပြောသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသည့်အတွက် မောင်မယ်ရှောင်ရွာအရှေ့ဖက်ရှိ ရဲအိုင်၊ပဒိုင်းချောင်းကျေးရွာများက ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး နေကြရဟု၎င်းတို့ကဆိုသည်။

ယင်းစစ်ကြောင်းသည် မွန်းလွဲပိုင်း မောင်မယ်ရှောင်ရွာသို့ ပြန်ရောက်လာပြီး နေအိမ်များကို မီးထပ်ရှို့နေ ကြောင်း ဒေသခံများကပြောသည်။

“ခုရှို့တာက ဒတ်ချောင်း နဲ့ သစ်တိုထောင့်ရပ်ကွက်ဘက်မှာ အိမ်ဘယ်လောက်ရှို့တာလဲဆိုတာ တော့ မသိရဘူး”ဟု ဒေသခံကပြောသည်။

Dawei Watch ကရရှိထားသည့် ဓာတ်ပုံမှတ်တမ်းအရ မောင်မယ်ရှောင်ရွာအနီးဝန်းကျင်တွင် နေရာနှစ်နေရာမှ မီးခိုးများထွက်ပေါ်နေသည်ကို တွေ့ရသည်။

မောင်မယ်ရှောင်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယခုအပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများကပြောသည်။

မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ မသိရသေးပေ။