BREAKING
January 12, 2025

မြိတ်နှင့် တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်

September 25, 2024

ဓာတ်ပုံ - တနင်္သာရီ ပကဖ

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် ၊ ၁၈ ရက် နှင့် ၂၄ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

စက်တင်ဘာလ ၁၇ ရက်တွင် မြိတ်နှင့် တနင်္သာရီမြို့နယ်အစပ်ရှိ တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာစာသင်ကျောင်းတွင် ကင်းလာယူသည့် စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း အဆိုပါစစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၅ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၈ ရက်တွင်လည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို တနင်္သာရီ ပကဖ ဇုန် (၅) တပ်ဖွဲ့က တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဆိုသည်။

မော်တုန်းအခြေစိုက် အမှတ် ၃ဝ၆ စစ်ကောင်စီအမြောက်တပ်က ထွက်လာသည့် အင်အား ၄ဝ ပါသည့် စစ်ကြောင်း ကိုလည်း စက်တင်ဘာလ ၂၄ ရက်က ပနပ်ပင်ရွာ၊ ကျောက်မိုင်းကုန်းအနီး တနင်္သာရီ ပကဖ ဇုန် ၅ အဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဘန်းလမွတ်ရွာ လယ်ဦးရေတံခွန်အနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ က ထုတ်ပြန်သည်။

အထက်ပါ ထိတွေ့တိုက်ပွဲသုံးကြိမ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ကြိမ်တို့တွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လယ်ဦးရေတံခွန်တိုက်ပွဲတွင် ရဲဘော်တစ်ဦး ဒဏ်ရာရကြောင်း စစ်ကြောင်း ၂ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် လကတည်းက ဘန်လောရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား စစ်‌ကူပေးရန် မြိတ်မြို့ ဘက်မှလာသည့် အင်အား တစ်ရာဝန်းကျင်ပါ စစ်ကူစစ်ကြောင်းသည် စက်တင်ဘာလလယ်ခန့်တွင် ရောက်ရှိလာပြီးနောက် ထိတွေ့တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

“စစ်ရေးက မငြိမ်သေးဘူး။ စစ်ကောင်စီစစ်ကြောင်းကလည်း မော်တုန်း၊ ညောင်ပင်ကုန်းနဲ့ ဘန်းလမွတ်ဘက်ခြမ်းတွေမှာ ရှိနေတယ်။ ဒါပေမဲ့ပြောက်ကျားပုံစံဖြစ်နေတယ်။ နယ်မြေရှင်းလင်းရေးလုပ်ပေးမနိုင်သေးဘူးဖြစ်နေတယ်။ ပြီးတော့ တိုက်ပွဲမရှိတဲ့ ပဝရွာဘက်ကိုလည်း လက်နက်ကြီးပစ်နေတာလည်းရှိတယ်။ ဒရုန်းတွေကို သူတို့ (စစ်ကောင်စီ) ဘက် ကလည်း သုံးလာတယ်” ဟု စစ်ကြောင်း ၂ တာဝန်ခံက ပြောသည်။

ပုလော၊ မြိတ်နှင့် တနင်္သာရီမြို့နယ်များတွင် စစ်ရေးတင်းမာနေမှုကြောင့် ပြည်ထောင်စုကားလမ်းမကို နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်းသာ အသုံးပြုသွားလာကြရန် စက်တင်ဘာလ ၁၆ ရက် ရက်စွဲဖြင့် တနင်္သာရီ၊ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာနက စာထုတ်ပြီး သတိပေးထားသည်။