BREAKING
January 12, 2025

လွှတ်တော် ဖျက်သိမ်းကြောင်း သီရိလင်္ကာ သမ္မတသစ် ကြေညာ

September 25, 2024

မကြာသေးမီက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် သီရိလင်္ကာသမ္မတသစ်က တစ်နှစ်သက်တမ်း ကျန်သေးသော လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲသစ် ခေါ်ယူကျင်းပမည်ဟု ကြေညာလိုက်သည်။

သီရိလင်္ကာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ဖြစ်သည်။ ငါးနှစ်သက်တမ်းရှိသည့် လက်ရှိလွှတ်တော်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လမှသာ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

စုစုပေါင်း နေရာ ၂၂၄ နေရာဖြင့် ဖွဲ့စည်းထားသည့် သီရိလင်္ကာလွှတ်တော်တွင် သမ္မတသစ် ဒစ်ဆန်နစ်ယာကာ၏ National People’s Power (NPP) ပါတီက ၃ နေရာသာ ရရှိထားသည်။ သမ္မတသစ်အနေဖြင့် ၎င်း၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် အခက်အခဲရှိနေသည်။

ယင်းကြောင့် လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ ၎င်းတို့ ပိုမိုထိန်းချုပ်နိုင်မည့် လွှတ်တော်သစ် ဖွဲ့စည်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။

လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည်ဟု အစိုးရဘက်က တရားဝင်ကြေညာခဲ့သည်။ မူလသတ်မှတ်ထားသည့် အချိန်ဇယားထက် တစ်နှစ်ခန့်ပိုစော၍ ရွေးကောက်ပွဲသစ် ကျင်းပရန် ကြေညာလိုက်ခြင်း ဖြစ်သည်။

၎င်းသမ္မတဖြစ်လာလျှင် တည်ဆဲလွှတ်တော်ကို ဖျက်သိမ်း၍ ပါလီမန်ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ဒစ်ဆန်နာယာကာက ယခင်ကတည်းက ပြောဆိုဖူးသည်။

“ပြည်သူလူထုရဲ့ လိုလားမှုနဲ့ မကိုက်ညီတဲ့ ပါလီမန်တစ်ခုကို ဆက်ထိန်းထားဖို့က အဓိပ္ပါယ်မရှိဘူး”ဟု ၎င်းက ဆိုခဲ့ဖူးသည်။

သမ္မတသစ်က ၎င်းပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဟာရီနီအမရာဆူရီယာအား နိုင်ငံ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး နာရီပိုင်းအကြာတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ဟာရီနီအမရာဆူရီယာသည် သီရိလင်္ကာနိုင်ငံ၏ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည်။

သမ္မတသစ်ဖြစ်ဒစ်ဆန်နာယာကာသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အစရှိသည့် ရွေးကောက်ပွဲမူဝါဒများဖြင့် စီးပွားရေးအကျပ်အတည်းဒဏ် ခံစားနေရသည့် သီရိလင်္ကာလူထုအကြား ထောက်ခံမှုရရှိလာခဲ့သူ ဖြစ်သည်။

သမ္မတသစ် ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်မှုမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် သီရိလင်္ကာအစိုးရကြား သဘောတူထားသည့် ချေးငွေအစီအစဉ်ပါ ခြိုးခြံချွေတာရေး သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းပြုပြင်ပေးမည်ဆိုသည့် ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

သမ္မတသစ်က နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းပြဿနာများအတွက် ‘ပဥ္စလက်နည်းလမ်း’မရှိကြောင်း ဝန်ခံထားပြီး အတူတကွ စုပေါင်းညီညွတ်အားဖြင့် လက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

စနေနေ့က သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသည့် သမ္မတဟောင်း ဝစ်ခရန်မက်ဆင်းကမူ IMF ချေးငွေအစီအစဉ်၏ အခြေခံသဘောတူညီချက်များကို ပြောင်းလဲရန် ကြိုးစားလျှင် ဒေါ်လာ သုံးဘီလီယံဝန်းကျင်ရှိ စတုတ္ထအကြိမ်မြောက် ချေးငွေထုတ်ပေးမှုမှာ ကြန့်ကြာဆိုင်းငံ့သွားနိုင်ကြောင်း သတိပေးထားသည်။

Ref: BBC, Associated Press