BREAKING
January 12, 2025

စစ်ကောင်စီတပ် ဖမ်းခေါ်သွားသည့် သဘော့ဆိပ်ရွာသားငါးဦးပြန်မလွတ်သေး

September 25, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်နှင့် ပြည်ကြီးရွာတို့တွင် ၁၃ရက်ကြာတပ်စွဲပြီး စက်တင်ဘာလ ၉ရက်နေ့တွင် ထွက်သွား သည့် စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားသည့် သဘော့ဆိပ်ရွာသား ၁၀ ကျော်အနက် ငါးဦးမှာ ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဒေသခံများအနက် အများစုမှာ သဘော့ဆိပ်နှင့် ပြင်ကြီးရွာတို့ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာချိန် ရွာထဲတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးဦးမှာ ရွာသို့ ခတ္တပြန်လာစဉ် လမ်းတွင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ဖမ်းတာက တစ်ဆယ်ကျော်တယ်။ ကျန်တဲ့သူတွေ လွတ်လာပြီ။ သူတို့ ငါးယောက်က မလွတ်လာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာသို့ ခတ္တပြန်လာစဉ် ဖမ်းဆီးခံရသူ သုံးဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မိသားစုနှင့်လည်း အဆက်အသွယ် လုံးဝမရသေးကြောင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“(သူတို့က) လှေလုပ်သားတွေ၊ အစကတော့ ရှောင်နေတာပဲ။ ဆိုင်ကယ်နဲ့ အိမ်ပြန်သွားတာ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး ကျောက်ဆင် ငါးရွာအုပ်စုကို ၁၃ ရက်အကြာ စစ်ကြောင်းထိုးခဲ့သည့် အတွက် ကျေးရွာငါးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့သာ အိမ်ပြန်လာကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ပြန်မလာရဲတဲ့သူလည်း မလာရဲကြသေးဘူး။ စစ်ကြောင်းက တောရှည် (သဘော့ဆိပ်ကို သွားတဲ့လမ်းမှာရှိတဲ့ရွာ) မှာ ရှိနေသေးတယ်လို့ ပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့က မောင်းမကန်ကမ်းခြေတွင် ဖမ်းဆီးခံလိုက်ရသည့် သဘော့ဆိပ်နှင့် ပြင်ကြီးရွာမှ ‌ဒေသခံခုနစ်ဦးမှာ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။