BREAKING
January 12, 2025

တနင်္သာရီ ပဝရွာကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး နှစ်ရက်ဆက်ပစ်ခတ်

September 25, 2024

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုဘက်ကို မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃ဝ၆ အမြောက်တပ်က စက်တင်ဘာလ ၂၄ ရက်ကစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပဝရွာဘက်ကို လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့သဖြင့် နေအိမ် နှစ်လုံး ထိခိုက်ပြီး လုံးဝပျက်စီးသွားကာ နောက်ထပ်နေအိမ်တစ်လုံး အနည်းငယ်ထိခိုက်ကြောင်း ဒေသခံများက ဆိုသည်။

“မော်တုန်း အမြောက်တပ်ကနေ ပစ်လိုက်တာ။ ပဝရွာဘက်မှာသွားကျတယ်။ ပစ်လိုက်တာ အဝေးကြီးပဲ။ ပဝရွာဘက်မှာ တိုက်ပွဲဖြစ်တာမျိုးတော့ မကြားရဘူး။ လက်နက်ကြီးကြောင့် အိမ်သုံးလုံးတော့ ထိသွားတယ်။ လူမထူထပ်တဲ့နေရာမျိုး ကျလို့ လူမထိဘူးလို့ ပြောတယ်” ဟု မော်တုန်းရွာသားတစ်ဦးက စက်တင်ဘာလ ၂၄ ရက်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် နံနက် ၈ နာရီဝန်းကျင်ခန့်ကလည်း ပဝရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် သုံးချက် ထပ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘုန်းကြီးကျောင်းကအဆောင်တွေမှာ လက်နက်ကြီး အစတွေ လာစင်ပြီး မှန်တွေကွဲကုန်တယ်။ ပဝရွာဘက်မှာပဲ ကျတယ်၊ သုံးချက်စလုံး လာကျတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နှစ်ရက်ဆက်တိုက်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာသနိကအဆောက်အအုံနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ပဝရွာဘက်မှာ လက်နက်ကြီးမပစ်ခင်နေ့ကရော၊ ဒီနေ့ရော ဘာတိုက်ပွဲမှ မရှိသေးပါဘူး။ အမြောက်တပ်က လက်နက်ကြီး ပစ်နေတာပဲရှိပါတယ်” ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) တာဝန်ခံ ရဲဘော်မျိုးကြီးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

တနင်္သာရီမြို့နယ် အပါအဝင် မြိတ်ကားလမ်းကြီးနေရာအချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုနှင့် ထိတွေ့တိုက်ပွဲများ ရှိနေသော်လည်း လုံခြုံရေးအခြေအနေအရ လက်တလောတွင် သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်မြို့ဖြစ်ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။