BREAKING
January 23, 2025

အာရှရဲ့ အတုလုပ်ဈေးကွက်ထဲက ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေး

September 25, 2024

ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့တဲ့ အကြီးစားခြိမ်းခြောက်မှုတစ်ခုက ဒီရက်ပိုင်းအတွင်း အစ္စရေးရဲ့ ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေးနဲ့အတူ တကမ္ဘာလုံးကို လိပ်ပြာနှိုးလိုက်ပါတယ်။

ဖောက်ခွဲရေးပစ္စည်းထည့်ထားတဲ့ ပေဂျာစက်တွေနဲ့ ဝေါ်ကီတော်ကီတွေ ဘယ်လိုထောက်ပံ့မှုကွင်းဆက်(supply chain)နဲ့ လက်ဘနွန်နိုင်ငံထဲ ဘယ်လိုဘယ်ပုံရောက်ရှိလာခဲ့တယ်ဆိုတာကို တကမ္ဘာလုံးက စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါကို ခြေရာခံဖို့ ကြိုးစားကြရင်းနဲ့ အနံ့ဆိုးထွက်လာတာကတော့ အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ပဲ ဖြစ်ပါတယ်။

အာရှရဲ့ အတုလုပ်ဈေးကွက် အမှောင်ခြမ်း

ဖောက်သည်တွေအနေနဲ့ သူတို့ လက်ထဲရောက်လာမယ့်ပစ္စည်းဟာ ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ သေသေချာချာ အာမခံလို့မရနိုင်တဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ဟာ အာရှတိုက်ရဲ့ အမှောင်ခြမ်းမှာ အချိန်ကြာမြင့်စွာ ထွားကျိုင်းလျက် ရှိနေပါတယ်။

အမြတ်အစွန်းများများရတဲ့ နည်းပညာထုတ်ကုန်အသစ်တွေအတွက် ထောက်ပံ့မှုကွင်းဆက်(Supply Chain) နဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို ကမ္ဘာဈေးကွက်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်စီမံထားပါတယ်။

ဒါပေမယ့် အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းဈေးကွက်ကတော့ ဒီလို တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကအောက်ကနေ ကင်းလွတ်နေပါတယ်။

အတုအပ ပစ္စည်းတွေ၊ ရောင်းမစွံ ပိုလျှံတဲ့ လျှပ်စက်ပစ္စည်းတွေနဲ့ ရှုပ်ထွေးသပွတ်အူ ထုတ်လုပ်ရေးသဘောတူညီချက်တွေကြောင့် အာရှရဲ့ နည်းပညာနိမ့်လျှပ်စစ်ပစ္စည်းဈေးကွက်မှာ ပစ္စည်းတစ်ခုရဲ့ လာရာလမ်းကြောင်းကို ခြေရာခံဖို့ဆိုတာ တခါတလေမှာ မဖြစ်နိုင်သလောက်ပဲလို့ သုတေသီတွေက ပြောပါတယ်။

ဒါကြောင့်ပဲ ဟစ်ဇ်ဘိုလာအဖွဲ့က အသုံးပြုနေတဲ့ ပေဂျာစက်တွေနဲ့ ဝေါ်ကီတော်ကီတွေကို လက်နက်တွေအဖြစ် အသုံးချနိုင်အောင် အစ္စရေးဘက်က ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဖန်တီးလိုက်သလဲဆိုတာကို အဖြေရှာရာမှာ စိန်ခေါ်မှုကြီးကြီးမားမား ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ လက်ထဲ ပေါက်ကွဲသွားတဲ့ ပေဂျာစက်တွေပေါ်မှာ ထိုင်ဝမ်အခြေစိုက် Gold Apollo ကုမ္ပဏီအမှတ်တံဆိပ်ကို တွေ့ရပါတယ်။ ဒါပေမယ့် Gold Apollo ကုမ္ပဏီက ဒီပေဂျာတွေကို သူတို့ ကုမ္ပဏီက ထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ ငြင်းဆန်ပြီး ဟန်ဂေရီအခြေစိုက် BAC ကုမ္ပဏီကို လွှဲချပါတယ်။

BAC ကုမ္ပဏီဟာ Gold Apollo ကုမ္ပဏီဆီကနေ ထုတ်လုပ်ခွင့်လိုင်စင်ရထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ တဆက်တည်းဆိုသလို ဟန်ဂေရီ ၊ ဘူဂေးရီးယား ၊ နော်ဝေ ၊ ရိုမေးနီးယားနိုင်ငံတို့မှာ ပေဂျာစက်ပစ္စည်းတွေရဲ့ လာရာလမ်းကြောင်းနဲ့ ပတ်သက်ပြီး မီးခိုးကြွက်လျှောက် စုံစမ်းစစ်ဆေးမှုတွေ ပေါ်ပေါက်လာပါတယ်။

ပေဂျာပေါက်ကွဲမှုအပြီး နောက်တစ်နေ့မှာ ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေပေါ်မှာ တွေ့ရတဲ့ ကုမ္ပဏီအမှတ်တံဆိပ်ကတော့ Icom ဆိုတဲ့ ဂျပန်ကုမ္ပဏီပါပဲ။

အတုအပပစ္စည်းတွေ ပြည့်နှက်နေတဲ့ အာရှရဲ့နည်းပညာနိမ့်မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းဈေးကွက်ထဲမှာ သူတို့ ကုမ္ပဏီနာမည်ပါတဲ့ ဒီဝေါ်ကီတော်ကီတွေဟာ သူတို့ကုမ္ပဏီရဲ့ တကယ့်ပစ္စည်းအစစ်အမှန်တွေ ဟုတ်ရဲ့လားဆိုတာ မသိနိုင်တဲ့အကြောင်း၊ သူတို့ကုမ္ပဏီက ထုတ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ဖို့ဆိုတာ အင်မတန်ဖြစ်နိုင် ခြေနည်းတယ်ဆိုတဲ့အကြောင်း Icom ကုမ္ပဏီက ပြောခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ တယ်လီဆက်သွယ်ရေးဝန်ကြီး Johnny Corm က ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေဟာ တရားဝင်ဖြန့်ဖြူးရေးကုမ္ပဏီက တစ်ဆင့် တင်သွင်းခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီစကားကို ပြန်လည်ရည်ညွှန်းပြီး Icom ကုမ္ပဏီက ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေဟာ အခြားနိုင်ငံတွေဆီကနေ တင်သွင်းလာတဲ့ မော်ဒယ်အမျိုးအစားတူတဲ့ ပစ္စည်းအတုတွေသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေကို သေသေချာချာ မစစ်ဆေးရသေးပေမယ့် ရှိထားပြီးသား အချက်အလက်တွေနဲ့တင် အဲဒီပစ္စည်းတွေဟာ သူတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ဖို့ အင်မတန်ဖြစ်နိုင်ခြေနည်းတယ်လို့ Icom ကုမ္ပဏီဘက်က ပြောပါတယ်။ လက်ဘနွန်မှာ ပေါက်ကွဲသွားခဲ့တဲ့ ပေဂျာစက်တွေရဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေဟာ ထိုင်ဝမ်မှာ ထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီး Kuo Jyh-huei ကလည်း ပြောပါတယ်။

လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းအတုတွေကို လွယ်လွယ်ကူကူ ထုတ်လုပ်နေကြတဲ့ အထူးသဖြင့် တရုတ်လို ထုတ်လုပ်ရေးဈေးကွက်ကြီးတွေမှာ အတုအပလျှပ်စစ်ပစ္စည်းတွေက အလျှံပယ်ဖြစ်နေပါတယ်။

ဒါကြောင့် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းအတုထုတ်လုပ်ရေးကနေ ပစ္စည်းတစ်ခုလုံးကိုပါ ထုတ်လုပ်ပြီး ထောက်ပံ့ရေးကွင်းဆက်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုတာ သိပ်မခက်ခဲဘူးလို့ တရုတ်နိုင်ငံအခြေစိုက် နည်းပညာရှင်နဲ့ အတိုင်ပင်ခံတစ်ဦးသူ David Fincher က ပြောပါတယ်။

လုံခြုံရေးသတင်းအရင်းအဖြစ်တစ်ခုရဲ့ ပြောစကားအရ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့လက်ထဲ တပြိုင်နက်ထပေါက်ကွဲမယ့် စက်ပစ္စည်းတွေကို လွန်ခဲ့တဲ့ ငါးလလောက်ကမှ စတင်မှာယူခဲ့တာ ဖြစ်ပါတယ်။

သူတို့မှာယူလိုက်တဲ့ ပစ္စည်းလိုက်တဲ့ ပစ္စည်းတွေက Gold Apollo ကုမ္ပဏီက ထုတ်ထားတဲ့ ပစ္စည်းတွေပဲလို့ ထင်ပြီး မှာယူခဲ့တာလို့ အဆိုပါသတင်းအရင်းအမြစ်က ပြောပါတယ်။ ဝေါ်ကီတော်ကီတွေကိုလည်း ပေဂျာတွေ မှာယူခဲ့တဲ့အချိန်နဲ့ တပြိုင်တည်း မှာယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ဘနွန်အာဏာပိုင်တွေရဲ့ ကနဦးစစ်ဆေးချက်အရ လက်ဘနွန်နိုင်ငံထဲ ရောက်မလာခင်ကတည်းက ပေဂျာနဲ့ ဝေါ်ကီတော်ကီတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်းထားတယ်ဆိုတာကို တွေ့ရပါတယ်။

အတုအပပစ္စည်းများ

ဂျပန်အခြေစိုက် Icom ကုမ္ပဏီဟာ လက်ဘနွန်နိုင်ငံမှာ ပေါက်ကွဲခဲ့တဲ့ IC-V82 မော်ဒယ်အမျိုးအစားတွေကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ အတုအပပစ္စည်းတွေနဲ့ သူတို့ရဲ့ ပစ္စည်းမှန်တွေကို ခွဲခြားနိုင်အောင် သုံးဖက်မြင် 3D စတစ်ကာတွေကို ကုန်မှတ်တံဆိပ်အနေနဲ့ စတင်အသုံးပြုလာချိန်ကတည်းက အဲဒီမော်ဒယ်အမျိုးအစားကို ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖောက်သည်တွေအနေနဲ့ အတုအပပစ္စည်း သတိပြုဖို့ကို Icom ကုမ္ပဏီဘက်ကလည်း တလျှောက်လုံး သတိပေးလာခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ ဂျပန်နိုင်ငံက ကုမ္ပဏီအားလုံးရဲ့ ၇ ရာခိုင်နှုန်းကျော်ဟာ အတုအပပစ္စည်းတွေကြောင့် ငွေကြေးဆုံးရှုံးထိခိုက်နစ်နာခဲ့ရပါတယ်။ အတုအပပစ္စည်းတွေကြောင့် ကုမ္ပဏီဘက်က ငွေကြေးဆုံးရှုံးရတဲ့ ဖြစ်စဉ်အားလုံးရဲ့ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။

ကုမ္ပဏီအသေးတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အတုအပပြုလုပ်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့ ငွေကြေးသုံးစွဲမှု နည်းပါးတာဟာလည်း ပြဿနာရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အခုလိုမျိုး ငွေကြေးသုံးစွဲတာက ကုမ္ပဏီရဲ့ အမြတ်ငွေကို ထိခိုက်စေတာကြောင့် ကုမ္ပဏီအသေးတွေက ဒီနေရာမှာ ငွေကြေးမသုံးစွဲချင်ကြဘူးလို့ တရုတ်နိုင်ငံက မူပိုင်ခွင့်ကုမ္ပဏီတစ်ခုနဲ့ လက်တွဲလုပ်ဆောင်နေသူ Joe Simone က ပြောပါတယ်။

အွန်လိုင်းဈေးကွက်အန္တရာယ်

တရုတ်နိုင်ငံမှာ Icom ကုမ္ပဏီအမှတ်တံဆိပ်ပါ ဝေါ်ကီတော်ကီတွေကို Alibaba ၊ Taobao ၊ JD.com နဲ့ Pinduoduo တို့လို အွန်လိုင်းပလက်ဖောင်းတွေပေါ်ကနေ တစ်ဆင့် ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတဲ့ ဆိုင်တွေ ဒါဇင်ချီ ပါတယ်။ လက်ဘနွန်မှာ ပေါက်ကွဲခဲ့တဲ့ IC-V82 မော်ဒယ်အမျိုးအစား ဝေါ်ကီတော်ကီတွေကိုပါ ရောင်းချနေတာမျိုး‌ တွေ့ရတတ်ပါတယ်။

Alibaba ဆိုတဲ့ အွန်လိုင်းဈေးရောင်းပလက်ဖောင်းပေါ်မှာ Icom ကုမ္ပဏီထုတ် ပစ္စည်းတွေကို ရောင်းချနေတဲ့ တရုတ်ဆိုင် သုံးဆိုင်ထဲမှာ Icom ကုမ္ပဏီရဲ့ တရားဝင်ဝက်ဆိုဒ်ထဲမှာ ဖော်ပြထားတဲ့ ကုမ္ပဏီတစ်ခုမှ မပါဝင်ပါဘူး။ အဲဒီဆိုင် သုံးဆိုင်ထဲက Guangzhou Minxing Communications Equipment ကုမ္ပဏီနဲ့ Chengdu Bingxin Technology ကုမ္ပဏီတို့ကတော့ သူတို့ဟာ Icom ကုမ္ပဏီရဲ့ ပစ္စည်းအစစ်အမှန်တွေကိုသာ ရောင်းချတယ်လို့ ပြောပါတယ်။ Quanzhou Yitian Trading ကုမ္ပဏီကတော့ Icom ကုမ္ပဏီရဲ့ ပစ္စည်းအစစ်အမှန်တွေ အပါအဝင် တရုတ်မှာ လုပ်တဲ့ အတုအပပစ္စည်းတွေကိုလည်း ရောင်းချတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

Icom ကုမ္ပဏီကတော့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဂျပန်နိုင်ငံမှာသာ ရှိတဲ့ သူတို့ရဲ့ စက်ရုံတွေက ထုတ်လုပ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံက အွန်လိုင်းပလက်ဖောင်းတွေမှာ Icom အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းတွေ ရောင်းချနေတာနဲ့ ပတ်သက်ပြီးတော့ Icom ကုမ္ပဏီဘက်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက Icom ကုမ္ပဏီက ထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့ IC-V82 မော်ဒယ် ဝေါ်ကီတော်ကီစက်တွေကို ဗီယက်နမ်နိုင်ငံမှာ Shopee အွန်လိုင်းပလက်ဖောင်းပေါ်ကနေ တစ်ဆင့် ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကုမ္ပဏီရဲ့ တရားဝင်ဖြန့်ဖြူးရေးကိုယ်စားလှယ်တွေကနေ တစ်ဆင့် လာတာမဟုတ်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။

လက်ဘနွန်မှာ ပေါက်ကွဲသွားတဲ့ ပေဂျာနဲ့ ဝေါ်ကီတော်ကီစက်တွေရဲ့ လာရာရင်းမြစ်ကို ခြေရာခံဖို့ ကြိုးစားရာမှာ စိန်ခေါ်မှု ဘယ်လောက်ကြီးမားတယ်ဆိုတာကို ဒီအခြင်းအရာတွေက မီးမောင်းထိုးပြနေပါတယ်။

ထိုင်ဝမ်အခြေစိုက် Gold Apollo ကုမ္ပဏီအမှတ်တံဆိပ်ပါတဲ့ ပေါက်ကွဲသွားတဲ့ ပေဂျာတွေရဲ့ ထောက်ပံ့မှုကွင်းဆက်(Supply chain) ကို ခြေရာခံကြည့်ဖို့အတွက် အင််မတန်ရှုပ်ထွေးလွန်းနေတာ တွေ့ရပါတယ်။ နို်ငငံတော်တော်များများက အာဏာပိုင်တွေကတော့ ဒီထောက်ပံ့မှုကွင်းဆက်ကို နားလည်နိုင်အောင် ကြိုးစားနေကြပါပြီ။

ပြီးခဲ့တဲ့အပတ်က လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ ထောင်နဲ့ချီတဲ့ ပေဂျာတွေ၊ ဝေါ်ကီတော်ကီတွေနဲ့ တိုက်ခိုက်မှုဟာ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့တဲ့ ခြိမ်းခြောက်မှုအကြီးစားတစ်ခုကို ကမ္ဘာသူကမ္ဘာသားအားလုံးရှေ့မှာ လူလုံးထွက်ပြခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ လျှပ်စစ်ပစ္စည်းတွေရဲ့ ကမ္ဘာပေါ်က ထောက်ပံ့ရေးကွင်းဆက်တွေဟာ လူတွေရဲ့ဘဝကို အကာအကွယ်မဲ့စေတယ်။ ဒါကို ဟန့်တားဖို့အတွက် နည်းလမ်းကောင်းတစ်ခု အခုထိ မရှိသေးဘူး ဆိုတာပါပဲ။

တရုတ်နိုင်ငံအခြေစိုက်နည်းပညာကျွမ်းကျင်ပညာရှင်တစ်ယောက်ကတော့ အခုလိုပဲ ပြောခဲ့ပါတယ်။

“ထောက်ပံ့ရေးကွင်းဆက်ထဲ တကယ်လက်တွေ့ ချိုးဖောက်ဝင်ရောက်မှုဟာ သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ ထောက်ပံ့ရေးကွင်းဆက်ထဲ ချိုးဖောက်ဝင်ရောက်မှုက အလွယ်ဆုံးအပိုင်းတောင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်”

“ရေဒီယိုတစ်လုံးထဲမှာ ဖောက်ခွဲရေးပစ္စည်း မဆိုစလောက်လေး ထည့်ပေးဖို့က သိပ်မခက်ဘူးဆိုတာ နည်းပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် ခင်ဗျားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်”

Ref: The New York Times, Bangkok Post

ဈာန်ဟိန်း