BREAKING
October 18, 2024

အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာ ၂၇၀ ကျော် ဖမ်းဆီးခံရ

September 25, 2024

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၂၇၀ ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်က အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ထိုင်းလဝကရဲတပ်ဖွဲ့နှင့် နယ်မြေခံအရာရှိများက ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ဆေးစဉ် အလုပ်သမားတန်းလျားများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၇၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများတွင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။

မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ပွဲစားများကို ဘတ်နှစ်သောင်းခန့်ပေး၍ မြဝတီ-မဲဆောက်လမ်းကြောင်းက တရားမဝင် ဝင်ရောက်လာကြကြောင်း အလုပ်သမားများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ယခုလုပ်ငန်းခွင်တွင် မြန်မာနိုင်ငံသားများက ကျွမ်းကျင်မှုအလိုက် လုပ်အားခ တစ်ရက်လျှင် ဘတ် ၅၀၀ မှ ၆၀၀ အထိ ရရှိကြကြောင်း ဖြေကြားထားသည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး၍ အလုပ်လာလုပ်ကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို အူထိုင်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကာ နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာအလုပ်သမား ၁၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

Ref: Bangkok Post, အူထိုင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံး