သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ကြောင်း ဒေသခံများနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ထံမှ သိရသည်။
ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ပိတောက်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းနှင့် စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံရသည့် ပိတောက်ကြီးရွာက ကရင်တိုင်းရင်းသား သုံးဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့၏ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။
“သူတို့က တိုက်ပွဲမဖြစ်ခင်တည်းက ဖမ်းပြီးလမ်းပြခေါ်ဆောင်တယ်။ တိုက်ပွဲဖြစ်ပြီးတာနဲ့ (စစ်တပ်က) တစ်ခါတည်းပြီး ပစ်သတ်လိုက်တယ်” ဟု ကိုဘဦးသစ်က ပြောဆိုသည်။
အဆိုပါရွာသားသုံးဦးမှာ အရပ်သားပြည်သူများသာဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းတို့ကို ပိတောက်ကြီးရွာနှင့် တစ်မိုင်ကျော်အကွာတွင် ယနေ့ နေ့လယ်ပိုင်းက တွေ့ရကြောင်း ပိတောက်ကြီးရွာက အမျိုးသားတစ်ဦးက ဆိုသည်။
“တစ်ယောက်ကတော့ သူ့မိဘယာတဲကို သွားတဲ့လမ်းမှာ ဖမ်းမိ (ဖမ်းဆီးခံရ) တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ပိတောက်ကြီး ရွာဟောင်းမှာ ဖမ်းမိတာ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရွာသားသုံးဦးတွင် အသက် ၁၈ နှစ်အရွယ်နှင့် ၂၂ နှစ်အရွယ် လူငယ်နှစ်ဦးနှင့် အသက် ၄၁ နှစ်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။
အသက် ၁၈နှစ်အရွယ် လူငယ်အမျိုးသားမှာ ထိုနေ့က ယာတဲရှိ မိဘများ နေထိုင်မကောင်းသဖြင့် ဆေးပေးရန်သွားစဉ် ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ လူငယ်သည် ပိတောက်ကြီးရွာသားများနှင့်အတူ ပုန်းအောင်းနေရာမှ ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် ဝေးသည် ဟုဆိုကာ တားနေသည့်ကြားမှ မိဘများရှိသည့် ယာတဲသို့ထွက်သွားခြင်းဖြစ်သည်ကြောင်း ပိတောက်ကြီးရွာသား အချို့က ဆိုသည်။
ပိတောက်ကြီးရွာ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့၏ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။
“ဗိုလ်လေးမဟုတ်ဘူး။ ဟိုအရင်တုန်းကတော့ သူက (KNU) လူဟောင်း၊ အခုက ကျနော်တို့ PDF ထဲကိုဝင်လာတာ။ သူက ထွက်တာကြာလှပြီ။ အခုမှကျွန်တော်တို့ PDF ထဲပြန်ဝင်လာတာ လပိုင်းပဲရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ပိတောက်ကြီးရွာအနီး ကျောက်ဆည်ရွာက လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် ဇနီးမောင်နှံ စက်တင်ဘာလ ၁၉ ရက်တွင် ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။