BREAKING
January 15, 2025

ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်သံများထွက်ပေါ်

September 25, 2023

ပုံစာ - သစ်တောလမ်းဆုံ

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအဝင်ဝရှိ သစ်တောရုံးနှင့် ဆင်ကိုးရပ်ရေတံခွန် စစ်ဆေးရေးဂိတ်များအနီး၌ ယနေ့ ညပိုင်းတွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်လာကြောင်း ၎င်းတို့က ဆိုသည်။

“ပေါက်ကွဲသံ သုံးချက် အရင်ကြားတယ်။ ပြီးမှ သေနတ်သံတွေကြားရတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် လျှပ်စစ်မီး နှင့် မိုင်တဲအော်ပရေတာဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားကြောင်း ဒေသခံတို့က ဆိုသည်။

ည ၇နာရီဝန်းကျင်တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ပြီး မိုင်တဲဆက်သွယ်ရေးအော်ပရေတာလိုင်း ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကံပေါက်သစ်တောရုံးလမ်းဆုံတွင် ဇူလိုင်လက မပေါက်ကွဲသေးသည့် မိုင်း၂လုံးတွေ့ရှိပြီးနောက် မောရဝတီရေတပ်က စစ်ကောင်စီတပ် အထိုင်ချပြီး စစ်ဆေးရေးဂိတ် နှစ်ခုဖွင့်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။